Friday, July 17, 2009

ဖြတ်သန်းခဲ့သလောက် ၂၆

မိန်းမတကာထက်၌ ကျွန်တော် လေးစားမြတ်နိုးမဆုံးသော
အနာဒိအနန္တမေတ္တာရှင် “ ချစ်သော မေမေ ”
နေကောင်းပါစေ..လို့


ဇူလိုင် ၁၇ ရက်နေ့မှာပဲ အသက် ၂၆ နှစ်ပြည့်ပြီ ဖြစ်တဲ့ ကျွန်တော့်ရဲ့ မွေးနေ့ အမှတ်တရအဖြစ် ဒီစာကို ရေးပါတယ်။

လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်က မြစ်ဝကျွန်းပေါ် မြို့လေးတစ်မြို့ရဲ့ အစွန်အဖျားမှာ မိုးရာသီဝင်လာတဲ့အထိ အိမ်ကို ဓနိမမိုးနိုင်သေးတဲ့ အိမ်လေးတစ်လုံး ရှိခဲ့တယ်။ အဲဒီနှစ်က လက်လုပ်လက်စား အဖေ့အတွက် အခက်ခဲဆုံးကာလဖြစ်သလို၊ အမေကလည်း သွေးအားနည်းပြီး အိပ်ရာထဲလဲနေတဲ့အချိန်ပေါ့။ အဲဒီတုန်းက အိမ်မှာ အဝေးသင်တက်နေပြီး ဘာအလုပ်မှ မရှိသေးတဲ့ ကျွန်တော်ရယ်၊ အလယ်တန်းတက်နေဆဲ ညီမလေးရယ်... အိမ်စုတ်ကလေးနဲ့ မလိုက်ဖက်အောင် ကြီးမားလှတဲ့ စာအုပ်ပုံကြီးရယ်..။ အဖေဟာ အလုပ်လက်မဲ့သားကို အပြစ်မတင်ခဲ့ဘူး။ အမေဟာ အချိန်တိုင်း စာချည်းဖတ်နေတဲ့ သားကို အချစ်မလျော့ခဲ့ဘူး။ အစ်ကိုဆီက ဘယ်တော့မှ မုန့်ဖိုးမရဖူးတဲ့ ညီမလေးဟာ နင့်အစ်ကို ဘာအလုပ်လုပ်နေလဲ မေးလာရင် မျက်နှာပျက်မသွားတတ်ခဲ့ဘူး။ အဲဒီတုန်းက ကျွန်တော့်ဘ၀ဟာ ဆရာစိုင်းဝင်းမြင့်ကဗျာထဲကလို

ငါ့မိသားစုမှာ ငါဟာ မလင်းတဲ့မီး
ငါ့မိသားစာမှာ ငါဟာ မလုံခြုံတဲ့ထရံ
ငါ့ကြိုးကို တီးခတ်လိုက်တိုင်း အသံကြောင်ထွက်တယ်
ငါ့မိသားစုမှာ
မိုးယိုပေါက်လေး တစ်ပေါက်ရှိနေတယ် ဆိုရင်လည်း
ငါပဲဖြစ်မှာ
ငါ့မိသားစုမှာ
ကြမ်းခင်းတစ်ပေါက် ကျိုးပဲ့နေတယ်ဆိုလည်း
ငါပဲဖြစ်မှာ


အဲဒီတုန်းက ကျွန်တော်ဟာ ခပ်ညံ့ညံ့ကောင် မဟုတ်ပေမယ့် ဘယ်အလုပ်မှ လျှောက်မရခဲ့တာ အဖေနဲ့ ကျွန်တော်သာ နားလည်မယ့် ဘာသာစကားပဲ ဖြစ်ပါတယ်။ အဖေဟာ သားကြီးဖြစ်တဲ့ ကျွန်တော့်ပုခုံးကိုဖက်၊ သားအိပ်မက်တွေအတွက် ဘယ်တော့မှ လက်မလျှော့လေနဲ့တဲ့။ အရောင်မလွင့်သေးတဲ့ အနီရောင် အလံတော်အတွက် ထောင်နှစ်နှစ်ကျဖူးတဲ့ အဖေ့စကားက သားဝိညဉ်မှာ ပူးကပ်စီးဆင်း၊ မှောင်တဲ့အရပ်မှာ ကိုယ့်ကိုကိုယ် လင်းအောင် နေတတ်လာခဲ့တယ်။ ဒီနေ့ မွေးနေ့မတိုင်မီ တစ်ရက်အလိုမှာ အဖေနဲ့ စကားပြောခွင့်ရတယ်။ အဖေ့အသံမှာ အိမ်တောင် ငွေမှန်မှန် မပို့နိုင်သေးတဲ့ သားအတွက် အားရကျေနပ်တဲ့ အရိပ်အငွေ့တွေနဲ့ ၊ ဆရာခိုင်မြဲကျော်စွာရဲ့ ကဗျာထဲကလို

ဘ၀မှာ
ဘာမှမလုပ်တတ်ချင်နေ
ဘာမှ မယုတ်ပတ်စေချင်ဘူး တဲ့။ သူချစ်တဲ့သားကို တရားမျှတစွာ ရှင်သန်ဖို့ပဲ အထပ်ထပ် သင်ကြားခဲ့တယ်။


မင်းအမေ နေကောင်းတယ်ဆိုတဲ့ အဖေ့ နူတ်ထွက်စကားက ကျွန်တော့်ရင်ကို ထောင့်ပေါင်းစုံ ဖြတ်ဆင်းသွားတဲ့ စမ်းချောင်းလေးပါပဲ။ အမေ့အသံဟာ တစ်နှစ်မှ တစ်ခါလောက်ပဲ ကြားရလေ့ရှိပေမယ့်၊ အမေ့ဆုတောင်းတိုင်းမှာ ကျွန်တော့်နာမည် မပါတဲ့ည မရှိခဲ့ဘူး။ ရခဲ့သမျှ ကျွန်တော့် ဆုတံဆိပ်တိုင်းမှာ အမေ့အပြုံးတွေ စွဲထင်၊ ကျွန်တော့်အရှုံးတိုင်းမှာ အမေ့ဆွဲယူ ပွေ့ပိုက်၊ မလိမ္မာ ဆယ်ခါမက မိုက်ခဲ့ဖူးတဲ့ သားအတွက် ဖြေဆည်ရာ တရားတော်တွေနဲ့ အမြဲငြိမ်းချမ်းစေခဲ့တယ်။ အခုလို အမေနဲ့ ဝေးသောအရပ်မှာ ဆရာထူးအိမ်သင် ကဗျာထဲကလို

မိန်းမတကာထက်၌ ကျွန်တော် လေးစားမြတ်နိုးမဆုံးသော
အနာဒိအနန္တမေတ္တာရှင် “ ချစ်သော မေမေ ”
နေကောင်းပါစေ..လို့
ရွက်ကျူးဆုတောင်းရုံမှတစ်ပါး အမေ့သား ဘာမှ မတတ်နိုင်ခဲ့ပါဘူး။


မိသားစုနဲ့အလှမ်းဝေးလှတဲ့အရပ်မှာ ကိုယ့်အိပ်မက်တွေ ဆေးရောင်စုံမယ်။ ကိုယ့်စိတ်ကူးတွေ ရုံတင်လာနိုင်မယ်လို့ ယုံကြည်လေးမြတ်ထားတော့ ဘီလူးတေးသွားနဲ့ဝင်လာမယ့် တိုက်ပွဲခေါ်သံတိုင်းအတွက် ကိုယ့်ကိုကိုယ် စိန်ခေါ်ဖြတ်သန်းနေဆဲ။ အသက်က ၂၆ ၊ မွေးဂဏန်းက ၈၊ ရာသီက ဗြိစ္ဆာ၊ သားရဲတွေ ပေါတဲ့အရပ်မှာ ခြေချထားပြီဆိုမှတော့ ရင်ကိုကော့ထားရုံနဲ့ မရဘူး။ ဆောင်မြဲဓားကို မြိနေအောင် သွေးရတယ်။ ဖွေးခနဲ လက်ခနဲဖြစ်သွားတဲ့ ဓားချက်တိုင်းမှာ သူ့သွေး၊ ကိုယ့်သွေး စတေးသင့် စတေးရတော့တယ်။ ဖြတ်သန်းသမျှ လမ်းတိုင်း ဘယ်လောက်ပဲ ခက်ခဲကြမ်းတမ်းပါစေ..။ ဖေဖေရယ်..မေမေရယ်.. သားရယ်.. ကြယ်တွေစုံတဲ့ညမှာ ပြန်ဆုံကြမယ်လို့ မျှော်လင့်ပါတယ်။ ညအချိန်မတော်မှ ပြန်လာတဲ့သားကို တံခါးဖွင့်ပေးနေကျ ကုလားထိုင်ပေါ်က အဖေ့ကို၊ တရေးနိုးတိုင်း သားရှိရာလာပြီး စောင်ခြုံပေး၊ ဂရုစိုက်ပေးရှာတဲ့ အမေ့ကို၊ သတိမရလောက်အောင် ကျွန်တော့်မှာ တရားမပြည့်ဝသေး၊ စိတ်ကူးနဲ့တင် ရောက်ရောက်နေတဲ့ မိသားစုအိမ်ကလေးဆီ တစ်နေ့ ပြန်လာမယ်။ ပြန်လာမယ်။ ပြန်လာမယ်.... လို့ အိပ်မက်နေဆဲ...။

26 comments:

Heartmuseum said...

Happy Birthday, Ko Younggun!
မွေးနေ့မှာ အိမ်လွမ်းနေတယ်ပေါ့လေ.....
ဟဲ...ဟဲ... ကိုရောင်ဂန်းက ကျွန်တော့်ထက် ၁၀ နှစ်ငယ်တယ်။
(၄)ရက်တော့ လျှော့တာပေါ့လေ.....
အစစ အရာရာ ပျော်ရွှင် အဆင်ပြေပါစေ။

ကိုအောင်(ပျူနိုင်ငံ) said...

အသက်ရာကျော်ရှည်ပြီး၊ ဆန္ဒတွေအားလုံး ပြည့်ဝပါစေလို့ ဆုတောင်းပါတယ်။

khin oo may said...

happy birthday!

myatnoe said...

happy Birthday!

Anonymous said...

HAPPY BIRTHDAY TO YOU!
MAY U GET A HAPPY VALENTINE DAY NEXT YEAR!
:)
:)
ZIN NWE

flowerpoem said...

Happy Birthday ပါ ကိုyounggun မွေးနေ့အပါအ၀င် နေ့တိုင်းဘ၀မှာ ပျော်ရွင်ပါစေ မိခင်၊ ဖခင်နှင့်မိသားစုတစ်ခုလုံးနဲ့ပါ ပျော်ရွင်ပါစေ

SUHLAING said...

ပျော်ရွှင်သောမွေးနေ့ဖြစ်ပါစေ.........
ချစ်ဖို့ကောင်းတဲ့ချစ်သူလေးနဲ့လျှောက်လည်နော်....ဟဲဟဲ
အပြင်မှာမရှိသေးရင်တော့အိပ်မက်ထဲမှာလည်ပေါ့......
:P

Anonymous said...

ပျော်ရွှင်ချမ်းမြေ့ဖွယ်ရာ မွေးနေ့ဖြစ်ပါစေ...
အိပ်မက်ထဲကအတိုင်း မြန်မြန်အကောင်အထည် ဖော်နိုင်ပါစေ....
မိခင်နှင့်တူသော မိန်းမလှလှ ရပါစေ....

ကျမလည်း မွေးဂဏန်း ၈ ပါဘဲ...ဒါပေမယ့် ကျမက အသက်ပိုကြီးတယ်...

အပေါ်က ပို့စ်ရေးထားတာ တော်တော်ကြိုက်တယ်...

" ဘ၀မှာဘာမှမလုပ်တတ်ချင်နေ ဘာမှမယုတ်ပတ်စေချင်ဘူး... " မှတ်သားသွားပါတယ်...

mie nge

sai said...

မင်္ဂလာပါ....မွေးနေ့တွေလုပ်တိုင်း မိခင်ကို သတိတယရှိ တာနဲ့တင်လေးစားပါတယ်၊ ကျွန်တော်လည်း အိမ်နဲ့ မိုင်ပေါင်း ထောင်ချီဝေးတဲ့ နေရာကိုရောက်နေတယ်...ခံစားချက်ချင်း တူတယ်ဗျာ...ဇွဲမလျှော့နဲ့ ကိုရန်းဂန်းရေ...ရည်ရွယ်ချက်ကြီး မားတဲ့ ယောက်ျားတွေ အတွက်တော့...၀မ်းနည်းခြင်းဆိုတာတွေကို ဒုတိယနေရာ မှာထားလိုက်ပါတော့ဗျာ..
ခင်မင်စွာဖြင့် (ထွန်းထွန်း)

Dream said...

HAPPY BIRTHDAY ပါဦးဦးရေ...
မွေးနေ့မှ စ၍ ၀င်သက်ထွက်သက်ရှိသမျှ ကာလပတ်လုံး ပျော်ရွှင်စရာ ဘ၀ကို ဖြတ်သန်းနိုင်ပါစေ...မိဘကို လဲ ပြုစုလုပ်ကျွေး နိုင်သော သားလိမ္မာဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်....

(မုန့်လဲ ကျွေးဖူး.ဟင့်..း( အဟီးးး နောက်တာ.. ) ထာဝရ စိတ်ချမ်းသာပါစေ

Anonymous said...

ကိုရမ်းဂမ်း..
မွေးနေ့မှာပျော်ရွှင်ပါစေ...

(မမစီဘောက်စ်မှာတွေ့လို့)

ပေါက်

အနမ်း said...

သူများစီဗုံးမှာတွေ့ လို့  မွေးနေ့ ဆုတောင်းလေးလာပေးတာပါ။
ရှေ့ လျှောက်ဖြတ်သန်းရမယ့် အနာဂတ်ကာလတွေမှာ အဆင်ပြေပျော်ရွှင်နိုင်ပါစေ။ အိမ်မက်လေးလည်းအမြန်ဆုံးအကောင် အထည်ဖော်နိုင်ပါစေနော်။

မြစ်ကျိုးအင်း said...

နှစ်ပေါင်းများစွာ စိတ်ချမ်းမြေ့ပျော်ရွှင်ပါစေ..စိတ်ရဲ့လိုအင်တွေနဲ့
ပြီးပြည့်စုံတဲ့ မွေးနေ့မင်္ဂလာဖြစ်ပါစေဗျာ...။

အမိအဘတွေနဲ့ မကြာခင် အောင်မြင်တဲ့ ဘ၀နဲ့ ပြန်ဆုံနိင်မှာပါ...။
သူငယ်ချင်းအားတင်းထားပါ...

...ခင်မင်သောအားဖြင့်...

သီဟသစ် said...

ညီလေး YoungGun ရေ

ပျော်ရွှင်စရာကောင်းသောမွေးနေ့ဖြစ်ပါစေကွာ
မိဘတွေ သက်ရှိထင်ရှားကောင်းမွန်စွာကျန်းမာစွာ ရှိချိန်မှာ ပြည့်စုံအောင် စိတ်ချမ်းသာအောင် ထားနိုင်သော သားလိမ်မာလေး ဖြစ်ပါစေကွယ်

စကားမစပ် အကိုလည်း 17 ရက်ဖွားပဲ ဒီလတော့ မဟုတ်ဘူး

ခင်မင်စွာဖြင့်
သီဟသစ်

pandora said...

မောင်ရန်းဂန်းလေး
အင်တာနက်ထဲ သိပ်လျှောက်မသွားဖြစ်လို့ မွေးနေ့ နောက်ကျသွားတယ်။
ရွေးမြစ်ထဲက လှိုင်းတွေပေါ် ဖြတ်တိုက်လာခဲ့တဲ့ လေပြည်မှာတော့ ပင်လယ်ရနံ့ သင်းနေဦးမယ်။
အားအင်အပြည့်နဲ့ လှော်တက်ကို ပြင်ထားလိုက်ဦးပေါ့။
အသက် ၂၆ နှစ်မြောက် မွေးနေ့မှာ ကျန်းမာ ချမ်းသာ ပျော်ရွှင်စွာနဲ့ ဘ၀ခရီးမှာ အောင်မြင်မှုတွေ အများကြီး ဆွတ်ခူးနိုင်ပါစေ။
ချစ်တဲ့ ဖေဖေ မေမေ အပါအ၀င် ချစ်တဲ့သူတွေနဲ့ အတူတကွ အေးအေးချမ်းချမ်း နေထိုင်နိုင်ပါစေ။

JulyDream said...

ဘ၀ခရီးလမ်းမှာ အိပ်မက်တွေနဲ့အတူ ကခုန်ပျော်ရွှင်နေနိုင်ပါစေလို့ မွေးနေ့ရက်မြတ်မှာ တောင်းဆုမွန် ပို့သအပ်ပါတယ် ခင်ဗျာ။

တားမြစ် ထားသော... said...

မွေးနေ့တဲ့။
သတိမရချင်နေ မေ့ပစ်လို့မရပါဘူး။
အမှတ်တရပိုစ့်ကိုအဖတ်မှာ ကိုရမ်းဂမ်းကို ဖြတ်ခနဲတွေ့လိုက်တယ်။

အင်နဲ့အားနဲ့ နှလုံးသား
မိနဲ့ဘတွက် အသွားထက်တဲ့ဓါးတစ်လက်လို
ဟောဒီ့လုလင်ပျိုဆီမှာ
အောင်မြင်ခြင်းတို့ခစား
မွေးနေ့ပေါင်းများစွာကို ဆက်လက်ဖြတ်ကျော်နိုင်စေသား။


မွေးနေ့မှာ ပျော်ရွှင်ပါစေ။

သုခမိန်(E-Journal)

ဖုန်းမြင့် said...

ညီလေး..ပျော်ရွှင်သော မွေးနေ့မှသည် နှစ်ပေါင်းများစွာ စီးဆင်းနိုင်ပါစေ
ဒီထက်ပိုပြီး ဆုမတောင်းတတ်တော့ဘူး မင်းမွေးနေ့ ပို့စ်လေးဖတ်ပြီး
ကဗျာရေးတဲ့သူမှာတောင် စကားလုံးတွေဆွံအသွားခဲ့ရ
မိသားစုထဲ
အမြဲတန်း လင်းနိုင်တဲ့ မီးကလေး ဖြစ်ပါစေ .....။

Anonymous said...

ပျော်ရွှင်စရာမွေးနေ့လေး ဖြစ်ပါစေအကို။ အချိန်ရရင်လည်း တခြားစာတွေကို ရေးစေချင်ပါတယ်။


ဟန်လင်းထွန်း

HAPPYCLOUD said...

မွေးနေ့ အရောက်နောက်ကျတယ်ဗျာ... စောရီးပါကိုရမ်းဂမ်းရေ...
အစစအရာရာ အဆင်ပြေပါစေဗျာ....
ဝါသနာပါရာ ပညာရပ်ကိုလည်း တဖက်ကမ်းခတ်အောင် လေ့လာနိုင်ပါစေ...
ဖိုးမောင်

Anonymous said...

၂၆ဆိုတော့ အကောင်း၊အဆိုး၊ အကြောင်း၊အကျိုး တွေကို ဝေဖန်ပိုင်းခြားတတ်တဲ့ အရွယ်ရောက်နေပြီလို့ ထင်ပါတယ်။ ဒီတော့ဗျာ ဘဝမှာ ဒီထက်တိုးတက်အောင်မြင်ပါစေလို့ ဆိုတောင်း ပေးပါတယ်။ ပျော်ရွှ့င်ဖွယ်ကောင်းသော နေ့လေး ဖြစ်ပါစေဗျာ။

Apprenticeship said...

Happy belated Birthday Byo... အမေကိုသိတတ်တဲ့ သားတွေကောင်းစားတယ်တဲ့ မျော်လင့်ချက်နဲ့ လက်တွေ့တစ်ထပ်တည်းကျပါစေကွယ်....

WWKM said...

အမေကျေးဇူးသိတတ်သော သားလိမ္မာတစ်ယောက်ရဲ့ အသက် ၂၆ နှစ်ပြည့်မွေးနေ့မှသည် အသက်ရှည် ကျန်းမာစွာနဲ့ မိဘကျေးဇူးဆပ်နိုင်
သော ၊ ထူးချွန်ထက်မြက် အောင်မြင်သော သားကောင်းတစ်ယောက်
ဖြစ်နိုင်ပါစေလို့....

HAPPY BIRTHDAY TO U. :D

မိုးမောင်(HappyCloud) said...

ဂန်းကြီး...
ငါ အရောက်နောက်ကျသွားတယ်ကွာ... ရေလည်ဆောရီးပဲ။ အဝေးရောက်သားတွေရဲ့ ဘ၀ကတော့ ထူးပြီးစာနာနေဖို့မလိုအောင် ခံစားချက်တွေ ညီမျှလွန်းနေတာပါ။

တချိန်ပေါ့.. ငါတို့ အနာဂတ်တွေတောက်ပလာတဲ့အခါ မိဘတွေအပေါ်တိကျတဲ့ရောင်ပြန်တွေ ဟပ်နိုင်ဖို့ ဆန္ဒပြုပါတယ်။

Andy said...

ဒီမွေးနေ့ကစပြီး နောင်တစ်သက်လုံး ပျော်ရွှင်နိုင်ပါစေ ကိုရန်းဂန်းရေ။
(လာဆုံးမပါဆိုလို့ ဆုံးမရချေသေးရဲ့ဆိုပြီးလာတာဗျ။ အဆုံးမခံရမယ့်သူက ဆုံးမရမယ့်သူထက်ကြီးနေလို့ ဆုံးမမလို့ဟာတောင် စန့်တငန့်ငန့်ဖြစ်သွားတယ် :( )

dr.tin bo bo said...

HAPPY BIRTHDAY ဖြစ်ပါစေ ငါ့ညီ

လစဉ်ကြေးသွင်းတာနောက်ကျသွားလို့ ကနေ့မှ အင်တာနက်လိုင်းပြန်ပွင့် သွားလို့ မွေးနေ့ဆုတောင်းပို့တာ နောက်ကျသွားတာခွင့်လွှတ်ပါ။
လာမယ့် (၂၇)နှစ်ဟာ မင်္ဂလာအပေါင်းခညောင်းတဲ့ နှစ်သစ်တစ်ခုဖြစ်ပါ စေလို့ ဆုတောင်းပေးလိုက်ပါတယ်။

အစ်ကို
ဒေါက်တာတင်ဗိုလ်ဗိုလ်