Wednesday, July 22, 2009

ဇူလိုင် ၂၂ နေသဗ္ဗကြတ်ခြင်းနှင့် နောက်ဆက်တွဲများ

ပျှမ်းမျှ ခန့်မှန်းရမယ်ဆိုရင်တော့ ဇူလိုင် ၂၂ နေကြတ်ခြင်းကနေ အခုလို နောက်ဆက်တွဲဖြစ်ရပ်များ ဖြစ်ပေါ်လာနိုင်ပါတယ်။

မနက်ဖြန် ဇူလိုင် ၂၂ ရက် ဗုဒ္ဒဟူးနေ့မှာတော့ ၂၁ ရာစုရဲ့ အချိန်အကြာဆုံး နေအပြည့်အ၀ ကြတ်ခြင်း ဖြစ်စဉ်ကို မြန်မာနိုင်ငံအပါအ၀င် အာရှဒေသ အတော်များများကနေ မြင်ခွင့်ရတော့မှာ ဖြစ်ပါပြီး ဒီလိုမျိုး အချိန်ကြာကြာ နေကြတ်တာကို ၂၁၃၂ ခုနှစ်ကျမှ ပြန်မြင်ခွင့်ရမယ်လို့ နက္ခတ္တဗေဒပညာရှင်များက တွက်ချက်ထားပါတယ်။ နက္ခတ်ဗေဒင် တွက်ချက်စစ်ဆေးမှုတွေအရ နေကြတ်ခြင်းဟာ ကရကဋ်ရာသီခွင်ထဲမှာ ကျရောက်နေပြီး Universal Time အရ မေထုန်လဂ်မှာ ကျရောက်နေပါတယ်။


နေကြတ်မှု ဖြစ်စဉ်ကို အိန္ဒိယ၊ တရုတ်၊ နီပေါ၊ သီရိလင်္ကာ၊ ဘင်္ဂလားဒေရှ့်၊ မြန်မာ၊ မွန်ဂိုလီးယား၊ စင်ကာပူနဲ့ ဂျပန်နိုင်ငံအပါအ၀င် အရှေ့အာရှနိုင်ငံများ၊ ပစိဖိတ်သမုဒ္ဒရာ ဒေသတွေကနေ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာအတွက်ကတော့ နေကြတ်တာကို ရန်ကုန်မြို့က ၇၅ ရာခိုင်နှုန်း၊ မန္တလေးမြို့က ၈၀ ရာခိုင်နှုန်း၊ မြစ်ကြီးနားမြို့က ၈၅ ရာခိုင်နှုန်း အသီးသီး မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ကျန်ပြည်နယ်ဒေသတွေကတော့ ၅၀ ရာနှုန်းဝန်းကျင်လောက် မြင်ရမှာ ဖြစ်ပါတယ်။

နေနဲ့ ကမ္ဘာကြား လက စတင်ဝင်ရောက်ပြီး အရိပ်မည်းထိုးလာချိန်ဟာ မနက် ၆ နာရီ ခွဲ ၀န်းကျင်ဖြစ်ပြီး မနက် ၉ နာရီဝန်းကျင်မှာ နေရဲ့ အလည်တည့်တည့်လောက်ကို လ ရောက်ရှိမှာ ဖြစ်ပါတယ်။ တဖြည်းဖြည်းဆုတ်ခွါသွားပြီး နေကြတ်ခြင်း ပြီးဆုံးချိန်ကတော့ နေ့လည် ၁၁ နာရီခွဲလို့ သိရှိရပါတယ်။ နေနဲ့ ကမ္ဘာကြားကို လက အတိအကျ ၀င်ရောက်ပြီး အမှောင်ကျသွားစေမယ့် အချိန်ကတော့ မနက် ၉ နာရီ ငါးမိနစ် လို့ သိရှိရပါတယ်။

အခုတစ်ပတ်မှာ နေအပြည့်အ၀ကြတ်တဲ့ ထူးခြားဖြစ်စဉ်ကြောင့် ကမ္ဘာနဲ့ အ၀ှမ်း နေကြတ်တာကို မြင်တွေ့ရတဲ့ နိုင်ငံတွေမှာ သဘာဝဘေးအန္တရာယ် အမျိုးမျိုး၊ နိုင်ငံရေးလူမှုရေး မတည်ငြိမ်မှုများ၊ ထိပ်တန်းပုဂ္ဂိုလ်များ ကွယ်လွန်ခြင်း စတဲ့ အနိဌာရုံတွေ ဖြစ်ပွားတတ်ကြောင်း ရှေးဟောင်းနက္ခတ်ဗေဒင် ကျမ်းများက ဆိုပါတယ်။

ဒါပေမယ့် အာစရိယ၀ါဒအရ သင်ကြားနားလည်ခဲ့ရတဲ့ ခေတ်သစ် Modern Astrology မှာတော့ နေကြတ်တာကို မြင်ရတဲ့နိုင်ငံတိုင်းဟာ ဒီလို ဆိုးကျိုးတွေကို ခံစားရမှာ မဟုတ်ဘဲ၊ သက်ဆိုင်ရာ နိုင်ငံတွေရဲ့ ဇာတာတွေ၊ အုပ်ချုပ်မင်းလုပ်သူတွေရဲ့ ဇာတာတွေကို သေချာစီစစ်တွက်ချက်ပြီးမှသာ ဟောကိန်းထုတ်နိုင်တာ ဖြစ်ပါတယ်။ ဒါပေမယ့် ပျှမ်းမျှ ခန့်မှန်းရမယ်ဆိုရင်တော့ ဇူလိုင် ၂၂ နေကြတ်ခြင်းကနေ အခုလို နောက်ဆက်တွဲဖြစ်ရပ်များ ဖြစ်ပေါ်လာနိုင်ပါတယ်။

နေကြတ်ခြင်းဟာ ကရကဋ်ဆိုတဲ့ ရေရာသီမှာ ကျရောက်နေပြီး နေကြတ်ချိန်မှာပဲ ကြာသပတေး၊ ယူရေးနပ်စ်၊ နက်ပကျွန်းနဲ့ ပလူတိုဂြိုဟ်ဆိုတဲ့ Major Planets တွေက နောက်ပြန် Retrograde သွားနေပါတယ်။ ဒီအနေအထားအရ နေကြတ်ပြီး ရက်ပေါင်း သုံးလနဲ့ ခြောက်လတာအတွင်း ကမ္ဘာမှာ ထူးခြားထင်ရှားတဲ့ သမိုင်းဝင် အဖြစ်အပျက်ကြီးများ ဖြစ်ပွားလာမယ့် အရိပ်လက္ခဏာကို ပြသလျက်ရှိပါတယ်။

အထူးသဖြင့် နေကြတ်ရာ ရာသီခွင်ဖြစ်တဲ့ ကရကဋ်ရာသီကြောင့် မိုးခေါင်ရေရှားမှု ပြဿနာ၊ ပင်လယ်ပိုင်းဒေသတွေက ရာသီဥတု ဖောက်ပြန်ပျက်စီးမှုများ၊ ကောက်ပဲသီးနှံအထွက်နှုန်း လျော့နည်းကျဆင်းမှုတွေကို ရင်ဆိုင်လာရနိုင်ပါတယ်။ ဒါ့အပြင် နေအဖွဲ့အစည်းမှာ အကြီးဆုံးဖြစ်ပြီး ကုမ်ရာသီမှာ နောက်ပြန်သွားနေတဲ့ ကြာသပတေးနဲ့ ဗေဒင်အခေါ် ဆဌ၊ အဌ ပုံစံဖြစ်လာမှာမို့လို့ လဲပြိုနေဆဲ ကမာ့္ဘစီးပွားရေးဟာ နလန်ထမလိုနဲ့ ယိုင်နဲ့နေဦးမယ့် အလားအလာ မြင်နေရပါတယ်။ နောက်ပြီး မိုးလေ၀သပညာရှင်တွေ ခန့်မှန်းထားတဲ့ အယ်လ်နီးညိုးအပူလှိုင်းဟာ အခု ရေရာသီခွင်မှာ နေကြတ်ခြင်းဖြစ်စဉ် အရပါဆိုရင် ဖြစ်ဖို့ အတော်နီးစပ်လာပြီလို့ ခန့်မှန်းရပါတယ်။

အဲဒီလိုပဲ နေကြတ်ရာ ရာသီခွင်ဖြစ်တဲ့ Cancer ဆိုတဲ့ ကရကဋ်ရာသီ ( ဇွန် ၂၂ ကနေ ဇူလိုင် ၂၃ ၀န်းကျင် ) မှာ မွေးဖွားတဲ့ ကရကဋ်ရာသီဖွားနဲ့ ဒီဇင်ဘာ ၂၃ ကနေ ဇန်န၀ါရီ ၂၀ ကြား ) မွေးဖွားတဲ့ မကာရရာသီဖွား များအတွက် ရက်ပေါင်း ၁၂၀ အတွင်း ဘ၀မှာ ထူးခြားတဲ့ အပြောင်းအလဲများ၊အပါအ၀င် ကိုယ်ရေးကိုယ်တာ၊ လူမှုဆက်ဆံရေးနဲ့ အလုပ်အကိုင် ပြဿနာများကို ရင်ဆိုင်ရဖို့ ရှိပါတယ်။

ဇူလိုင် ၂၂ နေကြတ်အပြီး တစ်လမကြာခင် သြဂုတ် ၇ ရက်နေ့မှာတော့ လကြတ်ဦးမှာ ဖြစ်ပါတယ်။ အခုလို နေနဲ့လက တစ်လမခြားဘဲ ကြတ်ပြီဆိုရင်တော့ မနှစ်တုန်းက နေနဲ့လ တစ်လအတွင်း နှစ်ကြိမ်ကြတ်ခဲ့အပြီး ဂျော်ဂျီယာ- ရုရှား၊ အစ္စရေး-ပါလက်စတိုင်း၊ မွန်ဘိုင်းမြို့လယ်ခေါင် အကြမ်းဖက်မှု၊ ထိုင်းပြည်တွင်း မငြိမ်မသက်မှုတွေလို နိုင်ငံတကာ သတင်းစာမျက်နှာတွေပေါ်မှာ အချိန်ကြာကြာနေရာယူဦးမယ့် သွေးထွက်သံယိုမှုများ ဖြစ်ပွားဦးမယ့် အလားအလာတွေ အားကောင်းနေတယ်လို့ ဆိုပါရစေ။

ဒါထက် ကြားဖြတ်ပြောချင်တာက အခု နေမကြတ်မီ အင်တာနက်စာမျက်နှာတွေနဲ့ ဖော်ဝက်ဒ်မေးလ်တွေကနေ နေကြတ်တဲ့နေ့မှာ ငလျင်လှုပ်၊ ဆူနာမီဝင်၊ မုန်တိုင်းတိုက် စတဲ့ မသက်မသာ အနိဌာရုံတွေ ဖြစ်မယ်ဆိုတဲ့ ကောလာဟလ ပျံ့နှံ့နေပါတယ်။ အနောက်တိုင်းနက္ခတ်ပညာ ဥပဒေသတွေမှာလည်း နေလကြတ်အပြီးမှာ ငလျင်လှုပ်တတ်တယ်လို့ ဆိုပါတယ်။ ဒီတော့ ဒီ ကောလာဟလကို မဖြစ်နိုင်ဘူးလို့ မငြင်းချင်သလို ဟုတ်ပါတယ်လို့လည်း တရားသေ မထောက်ခံချင်ပါဘူး။ သတိဝီရိယနဲ့ပဲ စောင့်ကြည့်ကြဖို့ အကြံပေးချင်ပါတယ်။

ကျွန်တော်တို့ မြန်မာလူမျိုးတွေအနေနဲ့ကတော့ ဗုဒ္ဒဘာသာဝင်များပီပီ ဆရာတော်ဘုရားကြီးတွေ မှာကြားချက်အတိုင်း တို့မေတ္တာစွမ်း ကမ္ဘာအ၀ှမ်း အေးချမ်းကြပါစေလို့ ဆုမွန်ကောင်းတောင်းရမှာ ဖြစ်သလို၊ ကျွန်တော်ကလည်း ဘယ်လိုဂြိုဟ်အစီးနင်းမျိုးမှာမဆို မြန်မာပြည်သာစေကြောင်း ရယ်နဲ့ လို့ပဲ ဆုတောင်းလိုက်ရပါတယ်။

ဒီနေကြတ်ခြင်း ပို့စ်နဲ့အတူ တွဲဖတ်ရင်း တွေးလို့ကောင်းမယ့် ပို့စ်တွေကတော့ လူလင်ကြယ်တံခွန်ဟောကိန်းငလျင်လှုပ်ခြင်း ဥပဒေသများသေမင်းတမန် အစက်ပြောက်များ တို့ ဖြစ်ပါတယ်။ ဆက်စပ်တွေးခေါ် သိမြင်ရင်း နက္ခတ်ပညာရဲ့ အသီးအပွင့်များကို ဆွတ်ယူစားသုံးနိုင်ပါစေသတည်း..။


9 comments:

ဖုန်းမြင့် said...

ဒီလို ဆိုးဝါးတဲ့အကျိုးဆက်တွေ ဖြစ်လာမယ်ဆိုရင်
မနက်ဖြန် မနက် နေထွက်ခြင်းကို ငါ တားမြစ်တော် မူလိုက် မယ်း) ။

အိမ် said...

အင်း...... အာရှသားတွေ အတွက် မကောင်းသတင်းလို့ ပြောရမလိုပါပဲ။ အင်းလေ.... ဖြစ်လာတော့လဲ ခါးစီးခံရုံပေါ့ ရှောင်လွှဲလို့မှ မရတာပဲ။ မကောင်းသူထိပ် ကောင်းသူထိပ်ပေါ့ဗျာ။ သေသွားတော့လဲ တဘဝငြိမ်းသွားတာပေါ့ နို့မို့ဆို စားဖို့၊နေဖို့၊ သွားဖို့၊လာဖို့၊ အတွက် ပူပန်ပြီး နေ့တိုင်း ရင်ဆိုင် ဖြေရှင်းနေရတာဗျ။ ဒါပေမဲ့ သေရင်လဲ တခါထဲ ပွဲချင်းပြီး သေသွားရင်တော့ အကြောင်း မဟုတ်ဘူး ဆန့်တငံ့ငံ့ ခံရမှာပဲ ကြောက်တာ။ ကိုယ်လဲ ခံစားရ၊ သူများလဲ ဒုက္ခပေးသလိုဖြစ်နဲ့ မကောင်းဘူးလေဗျာ။
သေရင်ပြီးပြီ နောင်ဘဝတွေ ဘာတွေ မစဉ်းစားချင်ဘူး၊ ကိုယ်လိုလူမျိုး နိဗ္ဗာန်မပြောနဲ့ နတ်ပြည်တောင် မသေချာတာ သိနေမှတော့ ဖြစ်ချင်တာ ဖြစ်ပေါ့ဗျာနော.......။ သူများတွေလိုတော့ နောင်ဘဝကောင်းစားဖို့ ဆိုပြီး ဟိုဟာလှူ ဒီဟာလှူလုပ်ပြီး ဘုရားကို နားပူနားဆာ မလုပ်ချင်ဘူး။ ဟီးဟီး

Anonymous said...

မသိသေးတာတွေ သိလိုက်ရလို့ ကျေးဇူးအလော့ပါ...

သူများတိုင်းပြည်တွေ ဒုက္ခဖြစ်တာ ကိစ္စမရှိဘူး...ဒီလောက် ဆိုးရွားနေတဲ့
ဗမာပြည်သာ ထပ်ပြီးမကောင်းတာတွေ ရင်ဆိုင်ရဦးမယ်ဆိုရင်တော့...မတွေးဝံ့
တော့ပါဘူး....( ဘယ်သူ့ကိုမှတော့ မကောင်းမဖြစ်စေချင်ပါ..)

mie nge

Anonymous said...

ဟာ...နာလည်း ဇူလိုင်ဖွား ဟ

မြတ်နီုး

မိုးမောင်(HappyCloud) said...

သဗ္ဗေသတ္တာ ကမ္မသကာပေါ့။ ဖြစ်မှတော့ ဖြစ်တော့ပေါ့ ဂန်းကြီးရာ။ အများစုမထိခိုက်စေဖို့ပဲ ဆန္ဒပြုပါတယ်။

Andy said...

အားလားလားလား :(

one4all said...

Gotcha .. Finally . I found you .. :P .. I wont let you go .. Guy ..

Regards,

BlackDevil

Heartmuseum said...

ကျွန်တော် ဇူလိုင်ဖွား ဘဝရဲ့ ပြောင်းလဲမှုကြီးတွေကို ဒီနှစ်ထဲမှာ သေချာပေါက်ရင်ဆိုင်စရာ ရှိတယ် ကိုရောင်ဂန်းရေ........
ချလိုက် ကြိတ်လိုက် အုံးမယ်...... :D

ရွှေပြည်သူ said...

စိတ်ဝင်တစား ဖတ်သွားပါတယ် ကို YoungGun ရေ။ နေကြတ်တာက အေးအေးဆေးဆေး ပြီးသွားတာကပဲ ဘုရားမတာပါ...