Monday, July 27, 2009

တစ်လုံးသိ၊ နှစ်လုံးသိနဲ့ ဒုံးဖိဟောသူများ (၁)

ငါ့ မဟာဘုတ်တိုင်မှာ တနင်္လာနံက အထွန်းမှာရောက်နေလို့ ကွန်ပြူတာနဲ့ အကျိုးပေးအောင်မြင်မယ်လို့ ဟောလိုက်တယ်တဲ့။

မနေ့က Web Developer လုပ်နေတဲ့ သူငယ်ချင်းတစ်ယောက်က ပြောလာပါတယ်။ ငါ့အမေက ဗေဒင်ဆရာတစ်ယောက်ဆီမှာ ငါ့အတွက် သွားတွက်ကြည့်တာ ကွန်ပြူတာဆိုတဲ့ က၊ ခ၊ ဂ၊ ဃ၊ င နဲ့စတဲ့ နံတွေပဲ တစ်သက်တာ အလုပ်အကိုင်မှာ အကျိုးပေးတယ်တဲ့။ ငါ့ မဟာဘုတ်တိုင်မှာ တနင်္လာနံက အထွန်းမှာရောက်နေလို့ ကွန်ပြူတာနဲ့ အကျိုးပေးအောင်မြင်မယ်လို့ ဟောလိုက်တယ်တဲ့။

ဒါနဲ့ပဲ ကွန်ပြူတာပညာရပ်မှာ မခေတဲ့ သူငယ်ချင်းဖြစ်သူကို သူတို့ ဘိုးအေကြီး ဘီလ်ဂိတ်ရဲ့ မူလမဟာဘုတ်တိုင်ကို ဆွဲပြပြီး မင်းပြောတဲ့ ကွန်ပြူတာဆိုတဲ့ တနင်္လာနံက ဟောဒီတန်းအောက်က ပုတိခွင်မှာ ရောက်နေတဲ့ မဟာဘုတ်ပိုင်ရှင်ဟာ ဘယ်သူလဲ သိလား၊ မင်းလို အထွန်းမှာတောင် မရှိရှာပါဘူးလို့ မေးလိုက်ပါတယ်။ မသိကြောင်း ခေါင်းခါယမ်းပြနေတဲ့ သူငယ်ချင်းကို တစ်ခွန်းပဲ ရှင်းပြလိုက်ပါတယ်။ အဲဒီ ကွန်ပြူတာဆိုတဲ့ တနင်္လာနံကြီး အောက်တန်းရောက်နေတဲ့ မဟာဘုတ်ခွင်က ဇာတာရှင်ဟာ ဒီနေ့ ကမ္ဘာမှာ ကွန်ပြူတာ ဆော့ဝဲလ်တွေ ရေးသားရင်း အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်သွားတဲ့ မင်းတို့ ကွန်ပြူတာသမားတွေရဲ့ ဂုရုကြီး ဘီလ်ဂိတ်ရဲ့ မဟာဘုတ်ဇာတာခွင်ပဲ လို့ ပြောလိုက်တော့ ငနဲသားက ပါးစပ်အဟောင်းသား ဖြစ်သွားရှာပါတယ်။

မဟာဘုတ်ခွင်က အထွန်း၊ သိုက်၊ ရာဇ၊ အဓိပတိက နံတွေဆို အကောင်းချည်းလို့ ဒုံးဖိ လွှတ်ဟောနေတဲ့ သုတေသနမရှိတဲ့၊ ကိုယ့်ထမင်းကျွေးနေတဲ့ ပညာကို အပေါ်ယံနဲ့ ရမ်းအုပ် လုပ်စားနေတဲ့ ဗေဒင်ဆရာ အများစုကို စိတ်ပျက်မိပါတယ်။ မဟာဘုတ်မှာ အဖွားချင်းတူတာနဲ့ ကိန်းဂဏန်းခြင်း တူတာနဲ့ ကံခြင်းတူရမတဲ့လား။

ဟုတ်ကဲ့..ရာဇဖွားတွေလည်း မင်းစိုးရာဇာ မဖြစ်ဘဲ ရေထမ်း၊ ဆိုက်ကားနင်းနေပါတယ်။ သိုက်ဖွားတွေလည်း အေးအေးချမ်းချမ်း နှပ်မနေနိုင်ဘဲ တောထဲတောင်ထဲမှာ အငတ်ငတ် အပြတ်ပြတ်နဲ့ တရားမှန်းမသိ၊ မတရားမှန်းမသိတဲ့ စစ်တွေ ဆင်နွဲနေရရှာပါတယ်။ အဓိပတိဖွားတွေလည်း ကူလီခေါင်းတောင် ဖြစ်မလာရှာပါဘူး။ လက်ရှိ တစ်ကမ္ဘာလုံးက အာရုံစိုက်နေရတဲ့၊ အမေရိကန်သမ္မတ အိုဘားမားဟာ မဟာဘုတ်က အထက်တန်းဖွားခဲ့တဲ့ အထွန်းဖွားပေါ့။ ဒါပေမယ့် ကျနော်တို့ မြန်မာပြည်ဂုဏ်ဆောင် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်ကတော့ မဟာဘုတ်မှာ အောက်တန်းက ဖွားတဲ့ မရဏဖွားပဲ ဖြစ်ခဲ့ပါတယ်လို့။

7 comments:

myatnoe said...

မှန်၏

အဲ့တခုတည်းနဲ့ မဟောနိုင်ပါ။

pandora said...

မရဏမင်းလောင်း ရွှေထီးဆောင်း ဆို (ကြားဖူးနားဝ)

နဒီမိုးညို said...

ရမ်းသမ်းဟောနေတဲ့လူတွေ..ကြောင့်စိတ်ရူပ်စရာကြီးပါ
ှဗုဒ္ဓဟူး မရဏမို့ လို့ ..အနုပညာလုပ်ငန်းလုပ်ကိုင်ရင်.မအောင်မြင်ဖူးလို့ 
့..ဟောထည့်လိုက်တယ်..ဆရာတစ်ယောက်က..သူငယ်ချင်းကိုပေါ့..
မဟာဘုတ်အောက်တန်းမှာ.မွေးနံရောက်နေလို့ တဲ့..
သူငယ်ချင်းမှာ..စိတ်တွေ..ညစ်နေတာ..အဲဒါနဲ့ အားပေးနေရတယ်..
ဗုဓ္ဒဟူးမရဏ..ဖြစ်ပြီး..အောင်မြင်နေတဲ့လူတွေ..ရှိပါတယ်..လို့ 
ဟုတ်တယ်လေ...ဒါဆို..တစ်ခုကြွင်း.တနင်္ဂနွေသားသမီးဆိုရင်ပဲ..
ရုပ်ရှင်မင်းသားအဆိုတော်.မရှိနိုင်ဖူးပေါ့..လို့ လေ..

Andy said...

ဆန်းတယ်နော်... ခုလိုရှင်းပြတော့လဲ အကွင်းအကွင်း မုန့်တီဟင်း လိုပဲပေါ့

အိမ် said...

ဘာတွေမှန်းကို မသိတာဘူး။ မဟာဘုတ်တိုင်ထူတာတော့ မြင်ဖူးတယ်၊ အထွန်းဆိုတာလဲ သိတယ် ကျနော့် သူငယ်ချင်းနာမည်လေ အဟီးဟီး။

Anonymous said...

၂ အထွန်းဖြစ်ယုံနဲ့ ၂နံက နေ့ သားတိုင်းနဲ့ အကျိုးပြုမယ်လို့ ပြောလို့ မရဘူးဗျ။
နေ့ သားအလိုက် အကျိုးပြုရာနှုန်းကွာသွားလိမ့်မယ်။ နောက်ပီး ထူလအန်တာရကို နားလည်မှ ဘယ်အချိန်မှာ ကောင်းကျိုးဆိုးကျိုးပေမယ်ဆိုတာ ဆုံးဖြတ်နိုင်မယ်။
မဟာဘုတ်ကို လေ့လာနိုင်စွမ်းပေါ်မူတည်ပြီး နားလည်တတ်ကျွမ်းမှုနှုန်း ကွာသွားလိမ့်မယ်ဗျာ။ နားလည်တဲ့နေ့ ကျရင် ဘာကြောင့် ဗေဒင်အချုပ်မဟာဘုတ်လို့ ခေါ်လဲဆိုတာ လက်ခံလာပါလိမ့်မယ်။
မြန်မာဗေဒင်ပညာရှင်များ လောကကောင်းကျိုး ဆောင်ရွက်နိုင်ကြပါစေ။

JulyDream said...

ကျုပ်ရဲ့.. အဓိပတိ တောင်... ဘတ်စ်ကားလိုင်းဖြစ်နေတာ ကြာပေါ့... အဟင့်...