Sunday, August 2, 2009

မျက်စပစ် ပြလိုက်တယ်

အဲဒီလမ်းကို လိုက်နေတဲ့သူတွေအတွက် သတိထားမိရလေအောင် ဖတ်ညွှန်းလေး ပေးတာပါ။ တွေးဆဆင်ခြင်မှု အပြည့်နဲ့ ဖတ်သွားနိုင်သလို၊ ဗဟုသုတအဖြစ်လည်း ဖတ်သွားနိုင်ပါတယ်။

လူတွေမှာ အားကောင်းတဲ့ ယုံကြည်မှု သဒ္ဒါတရားတွေ ဖြစ်ပေါ်လာတဲ့အခါ၊ စိတ်အလွန် ဆင်းရဲတဲ့အခါ၊ အလွန်ဆာလောင်လာတဲ့အခါ စတဲ့ ပြင်းထန်တဲ့ ခံစားမှုတွေ ဖြစ်လာတယ်။ ပြီးတော့ တဒင်္ဂဈာန်ဖြစ်ပြီး အားကောင်းတဲ့ တစ်စုံတရာကို ပြုပြင်ပြောင်းလဲပစ်နိုင်တဲ့ စွမ်းအားတစ်မျိုး ထွက်လာတယ်။

ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ရှိတဲ့ စွမ်းအင်နယ်ပယ် အမြောက်အများမှာ ကျွန်တော်တို့ လူသားတွေ အနေနဲ့ မထိတွေ့နိုင်၊ မသိနိုင်တဲ့ စွမ်းအင်တွေ အနန္တရှိနေတယ်။ အဲဒီစွမ်းအင်တွေ ရှိကြောင်း အစောကြီးကတည်းက သိနေတဲ့ ပုဂ္ဂိုလ်တွေကတော့ ဂန္နာရီပညာရှင်တွေ၊ ဈာန်ရ စိတ်တန်ခိုးရှင်တွေ ပါပဲ။ ဒါပေမယ့် သူတို့သိတဲ့ အသိကို သာမန်လူသားတွေ နားလည်အောင် ဘယ်လိုပြောမလဲ။ အသံမှာ လှိုင်းရှိတယ်၊ အလင်းမှာ လှိုင်းရှိတယ်ဆိုတာတောင် မသိတတ်သေးခဲ့ချိန်မှာ အသံလွန်၊အလင်းလွန် လှိုင်းတွေအကြောင်းကို ဘယ်လို နားလည်အောင်ပြောမလဲ။ သံလိုက်တုံးတောင် မမြင်ဖူးသေးတဲ့ ရှေးခေတ်လူတွေကို ကမ္ဘာ့သံလိုက်စက်ကွင်းတွေအကြောင်း ဘယ်လိုသက်သေပြမလဲ။

ဒီတော့ ဒီစွမ်းအင်တွေကို လူသားတွေကို သုံးလည်းသုံးစေချင်၊ နားလည်း လည်အောင် လုပ်မပေးနိုင်တဲ့ ပညာရှင်တွေက ဘာလုပ်ပေးမလဲ။ အဲဒီ စွမ်းအင် ကိုယ်စားပြု Image တွေကို ဖန်တီးခဲ့ကြတော့တာပါပဲ။ အဲဒီ Image တွေကို တန်ခိုးရှင်တွေကိုသာ ယုံကြည်တတ်သေးတဲ့ လူသားတွေအတွက် အားကိုးချင်စိတ်ပေါက်လာအောင်၊ နတ်မင်းတွေအဖြစ် အမည်တွင်စေခဲ့ပါတယ်။

စွမ်းအင်တွေကို ဆက်သွယ်အသုံးပြုနိုင်ဖို့ ပညာရှင်တွေက လမ်းကြောင်းနှစ်ခု ထားခဲ့တယ်။ တစ်ခုက အစီအရင်၊ အဆောင်အရွက်၊ သင်္ကေတတွေက တစ်ဆင့် ဆက်သွယ်ခြင်း ပေါ့။ ကမ္ဘာအနှံ့မှာ သူ့နည်းသူ့ဟန်နဲ့ အသုံးပြုခဲ့တဲ့ အင်းဆိုတာ တကယ်တော့ ဂျီသြမေတြီရဲ့ အားဖွဲ့စည်းမှု၊ သင်္ချာအချိုးညီကိန်း၊ ဗိသုကာဆိုင်ရာ စိတ်ပညာနဲ့ အသံစွမ်းအင်တွေကို ပေါင်းစပ်အသုံးပြုထားတာပါပဲ။

ဒုတိယ ဆက်သွယ်တဲ့လမ်းကြောင်းကတော့ စိတ်စွမ်းအင်ပေါ့ဗျာ။ အဲဒါကိုတော့ ဘာအတတ်ပညာမှ မရှိလည်း လူသားတိုင်း အသုံးပြုနိုင်တယ်။ ယုံကြည်မှု စိတ်စွမ်းအင်နဲ့ ခံစားမှု စိတ်စွမ်းအင်ကို အသုံးပြုပြီး ဆက်သွယ်ချက် ရယူတာပါပဲ။ အဲဒီအခါမှာ လူသားဟာ လိုအင်ဆန္ဒပြင်းပြရင် ပြင်းပြသလောက် သူ့ပတ်ဝန်းကျင်မှာ ရှိနေတဲ့ စွမ်းအားတွေဆီကနေ တုံ့ပြန်တော့တာပဲ။

ပုဂံခေတ်က ၀ိဇ္ဖဓရ ရဟန်းတော်တစ်ပါးဟာ ဘုရင်ကို မကျေနပ်တာနဲ့ ဓာတ်ရိုက်ဓာတ်ဆင် ဘုရားတည်လိုက်တာ ပုဂံပြည်ကြီးဟာ တစ်နေ့ သုံးကြိမ်တုန်လှုပ် ရွာလန့်ခဲ့တယ်။ အဲဒီနည်းပညာထဲမှာ နံတွေ၊ ကိန်းဂဏန်းတွေ၊ အရပ်မျက်နှာတွေရဲ့ ဓာတ်ခိုက်မှု အပြင်၊ အဖိုအမ သဘောရဲ့ ဖွဲ့ဆက်မှုပေါင်းစည်းမှုတွေလည်း ပါတာပေါ့။

သြဂုတ်လထုတ် သူရဇ္ဖမဂ္ဂဇင်း စာမျက်နှာ ၃၆၇ မှာ ပါတဲ့ ရွှေဖုန်းဦး (မြို့သာ) ရဲ့ နတ်ထွင်းတဲ့ပါးစပ် အခန်းဆက်ဆောင်းပါးမှာ အခုလို ထူးခြားထက်မြက်တဲ့ လောကီပညာတွေရဲ့ သဘောတရား အကျဉ်းချုပ်၊ အနှစ်သာရတွေကို မျက်စပစ်ပြထားတာ တွေ့ရှိလိုက်ရပါတယ်။ အဲဒီလမ်းကို လိုက်နေတဲ့သူတွေအတွက် သတိထားမိရလေအောင် ဖတ်ညွှန်းလေး ပေးတာပါ။ တွေးဆဆင်ခြင်မှု အပြည့်နဲ့ ဖတ်သွားနိုင်သလို၊ ဗဟုသုတအဖြစ်လည်း ဖတ်သွားနိုင်ပါတယ်။ ကျွန်တော့်အတွက် နှလုံးသားထဲအထိ လင်းချင်း ပြိုးပြက်သွားစေတဲ့ စာပိုဒ်တွေ ဒီဆောင်းပါးမှာ တွေ့လိုက်ရပါတယ်လို့။

4 comments:

ဟန်လင်းထွန်း said...

မသိတာတွေ ဖတ်သွားတယ်။ တချို့ဟာတွေက လက်လှမ်းမမှီလို့ထင်တယ် နားမလည်ဘူး။

saiaung said...

ဂန္နာရီပညာအတွက် သိရမည် အချက် တွေ ပဲ
ဗဟုတုသ အများကြီ:ရပါတယ်
စနေနံ မြို့တော်ကြီ:တုန်လှုပ် သွားအောင် ဓာတ်ဆင်ပေးပါ အုံး
:D

အောင်ဒီကန် said...

လုပ်လို့ရတယ်ပေါ့လေ... ဟဲဟဲ

အိမ် said...

မသိဘူးဗျ... ကျနော်တို့က စိတ်မဝင်စားတော့ မသိဘူး ဗဟုနဲ့သုတတော့ ယူသွားပါတယ်ဗျာ