Monday, August 10, 2009

မဟုတ်ပါဘူး ဆိုနေမှ

နဂိုတည်းက သိပ္ပံပညာတို့ရဲ့ ဘိုးအေဖြစ်တဲ့ နက္ခတ္တဗေဒပညာကို ပုတ်ခတ်စော်ကားလို့ အားမရနိုင်တဲ့ လူပြိန်းတွေအတွက် ကျည်ဆန်တစ်တောင့် လွှတ်လိုက်ပါတယ်။

လနှစ်စင်း ထွန်းလင်းသလို အင်္ဂါဂြိုဟ်ကြီးကို အနီးကပ်မြင်ရတော့မယ်။ တစ်သက်မှာ တစ်ခါ အခွင့်အရေးမို့ မလွတ်တမ်း အားပေးလိုက်ကြရအောင်.. ဆိုတဲ့ ပေါက်တတ်ကရ မေးလ်ဟာ ကျွန်တော့် Inbox ထဲမှာ ဘယ်နှစ်ကြိမ်ဝင်လာမှန်း မသိအောင် ဖြစ်လာလို့ စိတ်ပျက်လက်ပျက်နဲ့ ဒီပို့စ်ကို ရေးသားလိုက်ပါတယ်။

မနှစ်ကလည်း မြန်မာ့နက္ခတ်ပညာရှင် ဆရာဘဲလားလေဘာတီက ဖြေရှင်းပြတာကို ဒီဘလော့မှာ တင်ပြခဲ့ဖူးပါတယ်။ အခုတစ်ခါ အသေးစိတ်သိရှိချင်သူများအတွက် လေ့လာမိသလောက် ထပ်မံပြောပြလိုက်ပါတယ်။ ဝန်ခံချက်ကတော့ ဒီပို့စ်ပါ အချက်အလက်များဟာ သက်ဆိုင်ရာ နက္ခတ္တသိပ္ပံ Astronomy ကျွမ်းကျင်ပညာရှင်များ၊ NASA အဖွဲ့ရဲ့ လေ့လာတွက်ချက်မှုများအပေါ်မှာ အခြေပြုထားပြီး ကိုယ့်ရဲ့ ဖြန့်ကျက်လေ့လာအားထုတ်မှုနဲ့ နားလည်လွယ်အောင် မွမ်းမံခဲ့ကြောင်းပါ။

လွန်ခဲတဲ့နှစ်ပေါင်းများစွာတည်းက ကမ္ဘာမြေကို အကြိမ်ကြိမ် ချဉ်းကပ်လာဖူးတဲ့ အင်္ဂါဂြိုဟ်ဟာ ၂ဝဝ၃၊ သြဂုတ်လ ၂၇ ရက်နေ့တုန်းက နှစ်ပေါင်း ၆ဝဝဝဝ အတွင်း အနီးကပ်ဆုံး အနေအထားအဖြစ် မိုင်ပေါင်း ၃၅ သန်းအထိ နီးကပ်စွာ ရောက်ရှိလာခဲ့ပါတယ်။ အဲဒီတုန်းက လိမ္မော်နီရောင်သန်းနေတဲ့ အင်္ဂါဂြိုဟ်ကြီးကို မူလအရွယ်အစားထက် ၆ ဆ၊ မူလအလင်းအားထက် ၈၅ ဆနူန်းနဲ့ မြင်တွေ့ခဲ့ကြရပါတယ်။ ဒါတောင် အခု ကောလာဟလအတိုင်း လနှစ်စင်းလင်းနေသလို မြင်ခဲ့ရတာ မဟုတ်ပါဘူး။ သာမန်ထက် ပိုလင်းနေတဲ့ ကြယ်တစ်စင်းအဖြစ်သာ သတိထားမိခဲ့ကြတာပါ။ ဒီပုံအတိုင်းပါပဲ။


အဲဒီလို အင်္ဂါဂြိုဟ်အနီးကပ်ဆုံး ချဉ်းကပ်လာတာဟာ နှစ်ပေါင်း ၁၅ နှစ်ကနေ ၁၇ နှစ်အတွင်းသာ ဖြစ်တတ်ပြီး ပုံမှန်အားဖြင့်တော့ ၂၆လ ကို တစ်ခါ ကမ္ဘာနဲ့ နီးကပ်လာလေ့ရှိပါတယ်။ ပြီးခဲ့တဲ့၂ဝဝ၅ အောက်တိုဘာနဲ့ ၂ဝဝ၇ ဒီဇင်ဘာလတွေမှာလည်း အနီးကပ်ဖြတ်သန်းသွားခဲ့ဖူးပါတယ်။ ဒါပေမယ့် ၂ဝဝ၃ တုန်းကလို အနီးဆုံးရောက်လာတာတော့ မဟုတ်ပါဘူး။

၂ဝဝ၃ သြဂုတ်တုန်းကလို ရဲရဲနီခဲ့ အင်္ဂါဂြိုဟ်ကိုတော့ ၂ဝ၁၈ လောက်ကျမှသာ မြင်နိုင်တော့မှာ ဖြစ်ပြီး ၂၂၈၇ မတိုင်မီအထိ အဲဒီတုန်းကလို တောက်ပမှုမျိုးကို ပြန်တွေ့ရတော့မှာ မဟုတ်ပါဘူး။ အခု လာမယ့် သြဂုတ် ၂၇ မှာလည်း အင်္ဂါဂြိုဟ်ကို လမင်းလို မြင်ရဖို့ နေနေသာသာ၊ လိမ္မော်နီရောင်လေးအဖြစ်နဲ့တောင် မြင်ရဦးမှာ မဟုတ်ပါဘူး။ ၂၆ လတစ်ခါ နီးကပ်နေကျ ကာလစက်ဝန်းအရ လာမယ့် ၂ဝ၁ဝ ဇန်နဝါရီမှသာ ပုံမှန်ထက် ကမ္ဘာနဲ့ နီးလာမယ့် ပွိုင့်ဆီရောက်ရှိလာမှာ ဖြစ်ပါတယ်။ ဒါတောင် ၂ဝဝ၃ သြဂုတ်တုန်းကလို အနီးကပ်ဆုံးအဖြစ် မြင်ရမှာ မဟုတ်ဘဲ မိုင်သန်းပေါင်း ၇ဝ လောက်သာ မြင်တွေ့နိုင်မှာ ဖြစ်ပါတယ်။

၂ဝဝ၃ တုန်းက ဖြစ်တောင့်ဖြစ်ခဲ ရဲရဲတောက်ပြခဲ့တဲ့ အင်္ဂါဂြိုဟ်ကို မြင်ခဲ့ရပြီးနောက်ပိုင်းမှာ အခု ၂ဝဝ၉ အထိ နှစ်စဉ်နှစ်တိုင်း သြဂုတ်လနီးလာတာနဲ့ အခုလို အင်္ဂါဂြိုဟ်ကြီး ချဉ်းကပ်လာနေပြီ။ လနှစ်စင်း ထွန်းလင်းသလိုကို မြင်ရတော့မယ်..စတဲ့ ကောလာဟလ Mail တွေ နိုင်ငံတကာမှာ ပျံ့နှံ့ခဲ့ပါတယ်။ အထူးအဆန်းဆို စိတ်ဝင်စားတတ်တဲ့ လူ့ဥာဉ်စရိုက်အရ အဲဒီ Mail တွေဟာ ဘုမသိ၊ ဘမသိနဲ့ ဆက်လက်ပျံ့နှံ့နေဦးမှာ ဖြစ်ပါတယ်။

အော်..၂ဝဝ၃ သြဂုတ်တုန်းက အင်္ဂါဂြိုဟ်အနီးဆုံးရောက်လာချိန်မှာ ကျွန်တော်တို့ မြန်မာပြည်က ပါလေရာဆရာကြီး စံဇာဏီဘိုက နိုင်ငံခြားအသံလွှင့်ဌာနတစ်ခုကနေ "အင်္ဂါဂြိုဟ်နီးလာတယ်ဆိုတော့ ဆန်၊ ဆီ၊ ဆား စတဲ့ အင်္ဂါနံဆိုင်ရာ ကုန်တွေ.." အစချီတဲ့ ဟောကိန်းကို တင်ဆက်ခဲ့ဖူးပါတယ်။ ကျွန်တော်ကတော့ ဆန်၊ ဆီ၊ ဆားကို အင်္ဂါနံအဖြစ်ကောက်ယူပြီး ပြောချသွားတဲ့ ဆရာစံဇာဏီဘိုစကားနဲ့ နက္ခတ်ဗေဒင်ပညာက ယူဆတဲ့ အင်္ဂါဂြိုဟ်ဟာ လားလားမှ မဆိုင်ဘူးလို့ ရယ်သွမ်းသွေးခဲ့ဖူးပါတယ်ဗျာ။ God Of War ဆိုတဲ့ စစ်ဘုရင် အင်္ဂါဂြိုဟ်နီးကပ်လာတာနဲ့ ကမ္ဘာနဲ့ ဘာဆိုင်လို့လဲ ဆိုသူများအတွက်တော့ ဘာမှ ထပ်လေမရှည်ချင်တော့ပါဘူး။ နောင်ကြုံမှ ရေးပါဦးမယ်။

(အော် ကျေးဇူးပြုပြီး ဒီပို့စ်လေးကို နာမည်ဖော်ပြသည်ဖြစ်စေ..မဖော်ပြသည်ဖြစ်စေ..ကောလာဟလ ဖြေရှင်းချက်တစ်ခုအနေနဲ့ ဖြန့်ဝေပေးမယ်ဆိုရင် အတိုင်းထက်အလွန် ကျေးဇူးတင်ရှိပါတယ်လို့။ နဂိုတည်းက သိပ္ပံပညာတို့ရဲ့ ဘိုးအေဖြစ်တဲ့ နက္ခတ္တဗေဒပညာကို ပုတ်ခတ်စော်ကားလို့ အားမရနိုင်တဲ့ လူပြိန်းတွေအတွက် ကျည်ဆန်တစ်တောင့် လွှတ်လိုက်ပါတယ်။ )

10 comments:

ရွှန်းမီ said...

ကျည်ဆန်ကို ယူသွားပြီး ရောင်းစားမည်ဖြစ်ပါကြောင်း..
=) လက်လှမ်းမီသလောက် ဖြန့်ဝေပြောပြလိုက်ပါမယ်..

ရွှေပြည်သူ said...

သူငယ်ချင်းတွေကို ပြန်ပြောပြလိုက်ပါမယ် ကို Young Gun ရေ။ မသိခင်တုန်းက ကိုယ်လည်း ဟုတ်သယောင်ယောင် ထင်နေတာ။ ရှင်းပြပေးတာ အရမ်းကျေးဇူးတင်ပါတယ်...

Anonymous said...

ဆရာစံဇာဏီဘိုဟောကိန်းမှာ အင်္ဂါဂြိုလ်ဟာ စစ်မက်ဂြိုလ်ဖြစ်တယ် ... ကမ်ဘာအ၀ှမ်း စစ်ရိပ်လွှမ်းမယ် ...မငြိမ်သက်ဖြစ်မယ်ဆိုတာတွေလဲပါပါတယ် ...
ဆန်၊ ဆီ၊ ဆား စတဲ့ အင်္ဂါနံဆိုင်ရာ ကုန်တွေပဲ အစချီခဲ့ယုံတင်မကပါဘူး .

YoungGun said...

အမည်မသိ ရှေးစာဆိုခင်ဗျား... ဆရာစံဇာဏီဘိုကြီး ပြောသွားတာ ဟုတ်ပါတယ် မြေကြီးလက်ခတ်မလွဲပါပဲ။ နှစ်တိုင်းကို သွေးမြေကျ ဗုံးခွဲမှုတွေ ဖြစ်နေပြီး စစ်ပွဲလေးတွေ ကြံသလို ဆော်ပလော်တီးနေတာကျတော့ အင်္ဂါနီးလာလို့ဆိုပြီး လက်ညိုးထိုးပြလို့ မရဘူးထင်ပါတယ်။ ဟောကိန်းကို ရယ်မိတာက အင်္ဂါဂြိုဟ်နဲ့ ဆန်၊ ဆီ၊ ဆား ဆိုလို့ပါ။ ဟဲဟဲဟဲ အခုတောင် ရယ်ချင်သေးတယ်။ ဘာပဲဖြစ်ဖြစ် အမည်မသိကို ကျေးဇူးတင်ပါတယ်။ တကယ်ပါ။ အဟုတ်ပါ။

အောင်ဒီကန် said...

God of War ပါဆိုတော့ အကုန်ကော့ကော်ကား ကုန်ကြတော့မှာလားဟင်...

ဗီလိန် said...

လေးစားမိပါသည်။

မြစ်ကျိုးအင်း said...

ပြီးခဲ့တဲ့ဂျူလိုင်လရဲ့ဘယ်နှစ်ရက်နေ့မှာလဲမသိဘူး အဲလိုပဲ နေ့လည်၁၂ နာရီ
မှာ လနှစ်စင်းထွန်းလင်းသလိုဖြစ်မယ်ဆိုလို့ ရူးကြောင်မူးကြောင်နဲ့ ကောင်းကင်ကို မော့ကြည့်တာ မျက်လုံးတောင်ကျိန်းတယ်...။
ဟဲဟဲ ဘာမှလည်းမတွေ့ပါဘူးဗျာ..။
အခုလ ၂၇ ဆိုတော့လည်း ဒီစာဖတ်ပြီးသွားတော့ ထွက်မကြည့်တော့ပါဘူး။

နွယ်ရိုး said...

သြော်........ အဲဒီနေ့ကျရင် မအိပ်ပဲ ထကြည့်ရမလိုလိုနဲ့၊ တော်ပါသေးရဲ့ ကျေးဇူးဗျို့။

အိမ် said...

အဟီး မသိတာ မသိသလိုပ နေလိုက်တော့မယ်နော်. ဝင်လျှာရှည်ရင် ပိုပွကုန်မယ်ဗျ အဟီးဟီး

အိုးဝေအောင် said...

ကျုပ်လဲ မေးလ်ထဲရောက်လာတဲ့ အဲဒီသတင်းကို အဟုတ်ထင်ပြီး ပို့စ်အဖြစ်တင်ခဲ့တယ်။သြဂတ်စ်၂၇ရက်နေ့ရောက်တော့ ညဘက် အားခဲပြီးကြည့်မဟဲ့ စောင့်ခဲ့တာ တမိုးလုံးအုံ့လို့ လ၂စင်းမပြောနဲ့ ။
တစင်းတောင် မမြင်ရလို့ အိမ်သားတွေ ဟားတိုက်တာ ငြိမ်ခံလိုက်ရတယ်။
အော်..ယုံလွယ်တတ်သူတွေ လမှာယုန်ရုပ်ရေးတာတောင် ယုံဘယ်မှာလဲ လိုက်မေးသူတွေ ခံလိုက်ရတဲ့ လ၂စင်းလိမ်တဲ့နေ့ပါပဲလို့ ကွန်မန့်ထဲ့ခဲ့ပါတယ်။