Monday, August 31, 2009

ညွှန်းလိုက်ပါတယ် ၃၁

ကျွန်တော် လက်လှမ်းမီသလောက်ထဲက မကြာခဏသွားရောက် ဖတ်လေ့ရှိတဲ့ ဘလော့တွေဆီ တစ်ချက်လောက် ဆွဲခေါ်လိုက်ပါရစေလို့။


မပန်ဒိုရာ ဘလော့ဂ်မှာ ရေးထားလို့ ဒီနေ့ သြဂုတ် ၃၁ ရက်နေ့ဟာ(3108) ကို ဘလော့ဂ်ဒေး ဘလော့ဂ်နေ့ဆိုတာ သိလိုက်ရပါတယ်။ မပန်ပို့စ်ထဲမှာ ပြောတဲ့အတိုင်း ဒီနေ့မှာ ဘလော့ဂါတွေက ကိုယ့်ဆီ လာလည်နေကျ လူတွေကို တခြားစိတ်ဝင်စားဖွယ်ရာ ဘလော့စာမျက်နှာတွေဆီ သွားလည်ဖတ်ရှုကြည့်ဖို့ လက်တို့ပြီး အသိပေးတယ်လို့ ဆိုပါတယ်။ ဒီတော့ကာ ကျွန်တော် လက်လှမ်းမီသလောက်ထဲက မကြာခဏသွားရောက် ဖတ်လေ့ရှိတဲ့ ဘလော့တွေဆီ တစ်ချက်လောက် ဆွဲခေါ်လိုက်ပါရစေလို့။

ရှင်သန်ခြင်း


ဒီဘလော့မှာတော့ ရသရော သုတပါ စုံတဲ့ စာတွေကို ဖတ်ရှုနိုင်မှာ ဖြစ်သလို၊ ဘာသာရေး၊ အတွေးအခေါ်နဲ့ဆိုင်တဲ့ ပို့စ်တွေကိုလည်း မြင်တွေ့နိုင်မှာ ဖြစ်ပါတယ်။ လက်မလွတ်တမ်း ဖတ်လို့ကောင်းတဲ့ဟာတွေကို နည်းနည်း အသိပေးချင်ပါတယ်။ ဒီဘလော့က အိုဘားမားအတွက် ခင်းပေးသောလမ်းမများနေ့တိုင်းရဲ့ သမိုင်းဂုဏ်သိက္ခာနဲ့လူ ဆိုတဲ့ ပို့စ်တွေကို ညွှန်းချင်ပါတယ်။

Strangemask


ဒီဘလော့ကတော့ ရှားပါးသလောက် အသုံးတည့်မယ့်၊ ဖတ်ရင်းဖတ်ရင်း ပြုံးစိစိကနေ တစ်ခွိခွိ၊ တခွိခွိကနေ၊ အဟီးဟီး..စသဖြင့် အရှိန်တွေ မြင့်တက်သွားနိုင်တဲ့ ဟာသအတိုအထွာလေးတွေ စုစည်းဖော်ပြထားတဲ့ ဘလော့ဖြစ်ပါတယ်။ ပို့စ်တင်တာ ကျဲပေမယ့် တင်ထားသလောက်ကလည်း ဖတ်တဲ့လူကို ရယ်မောခြင်းနဲ့ အမောပြေသွားစေနိုင်ပါတယ်။

မြန်မာတားရော့နဲ့ လီနိုမန်ကတ်ဒ်


ဒီဘလော့ကတော့ ကျွန်တော်တို့ ဗေဒင်လောကရဲ့ တစ်စိတ်တဒေသဖြစ်တဲ့ တားရော့နဲ့ လီနိုမန်ကတ်ဒ်တွေကို လက်တွေ့ကျကျ ဟောပြထားတဲ့ ဆိုဒ်တစ်ခုပါ။ အဲဒီမှာ တားရော့နဲ့ ဗေဒင်မေးလို့ရပါတယ်။ သာမန်ဗေဒင်မေးသူအတွက် အဆင်ပြေနိုင်သလို၊ တားရော့ကို လေ့လာနေသူတွေအတွက်လည်း ဘယ်ကတ်ဒ်ကြောင့် ဘယ်အဖြေထွက်ရတယ်ဆိုတာကို တခါတည်း လေ့လာသွားလို့ ရမယ့် ဘလော့ပါ။

ကိုပခန်းရဲ့ နက္ခတ်ဗေဒင်


နက္ခတ်ဗေဒင်ကိုမှ လေ့လာချင်သူတွေ အတွက် ဒီဘလော့က အဆင်အပြေဆုံး ဖြစ်မှာပါ။ ကျမ်းစာအုပ်တွေထဲက အထူးအသုံးတည့်မယ့် ဥပဒေသတွေ၊ လက်တွေ့ဟောပြောပုံတွေ၊ ဇာတာဖွဲ့ဆော့ဝဲလ်တွေကို ဒီဘလော့မှာ လေ့လာဖတ်ရှုနိုင်ပါတယ်။ ကျွန်တော့်လို ဗေဒင်ပညာမှာ ယောင်ခြောက်ဆယ်မက ယောင်ခြင်းကြီးမက ယောင်တော်မူနေတဲ့ ဘလော့မဟုတ်ဘဲ နက္ခတ်ဗေဒင်သီးသန့်ကိုသာ တင်ဆက်ထားတာ တွေ့ရမှာပါ။

ဧရာဝတီ စာကြည့်တိုက်


ဒီဘလော့ကတော့ ဧရာဝတီသားချင်း အတို့အထောင် ပင့်ပေးလိုက်ချင်တဲ့ စိတ်ကလေးနဲ့ ညွှန်းတာပါ။ ခေါင်းစဉ်နဲ့လိုက်အောင် စာမျိုးစုံကို တစ်ဆင့် တင်ဆက်ပေးနေတဲ့ ဘလော့တစ်ခုပါ။ ရာဇ၀င်များရဲ့ သတို့သမီးကို ချစ်ရင် ဧရာဝတီကိုလည်း ပစ်ပယ်မှာ မဟုတ်ဘူးလို့ ယုံကြည်ပါတယ်ဗျာ။


အချိန်မရဘဲ ၃၁ ရက်နေ့ အမီ သုတ်သုတ်လေး ပြေးတင်လိုက်ရတဲ့ ပို့စ်ဖြစ်လို့ ခွင့်မတောင်းတော့ဘူးနော်။ အားလုံးအေးဆေးလို့ မျှော်လင့်ပါတယ်။

6 comments:

Anonymous said...

ကျေးဇူးတင်ပါတယ်...သွားလည်လိုက်ဦးမယ်...

mie nge

Anonymous said...

အေး..ရီစရာတွေ ရှိတယ်ဆိုတဲ့ ဆိုဒ်ကို အရောက်သွားပီဟေ့

ကျေးဇူး

ဧရာဝတီသားလေး..

ဟဲဟဲ


စူး

နာမည်ပြောင်းထားတာ

flowerpoem said...

လက်တို့ပြီးတော့ပြောတဲ့အတွက် ကျေးဇူးပဲ ကိုYoungGun

မြစ်ကျိုးအင်း said...

ညွှန်းထားတဲ့ထဲကတချို့ဘလော့တွေတော့ရောက်ဖူးတယ်။
သွားလိုက်ပါ့မယ်ဗျာ...။

Dr.Tin Bo Bo said...

ကိုရန်းဂန်း လေး ရေ။

အစ်ကို့ဘလော့ဂ်ထဲ ပြန်ဝင်မကြည့်ဖြစ်မှာ စိုးလို့ ဒီမှာလာ ကူးထည့်ပေးလိုက်တယ်။

မွေးဂဏန်းတစ်ခုတည်းကနေ ဟောပြတာ တစ်ကယ့် အပေါ်ယံလေးဘဲ ရှိသေးတယ်ဗျ။ ရုပ်၊ နာမ်၊ ၀ိဉာဏ် ဂဏန်းခွဲတာတွေကိုတော့ အစ်ကိုတို့ မသုံးဘူး။ ဂဏန်းတွေ အကြိမ်ကြိမ်ပါတာကတော့ အရေးပါတယ်။ ဒီထက် အရေးပါတာက (1)ဂဏန်းသမား ဆိုရင် ဘယ်ရာသီ (1)လဲ ။ မိဿရာသီလား၊ တူရာသီလား ။ အဲဒါက ပိုအရေးပါတယ်။ မိဿရာသီဆိုရင် တနင်္ဂနွေ ဥုစ် ရာသီဖြစ်တော့ ဒီရာသီဖွား (1)ဂဏန်းက တူရာသီ (1) ထက်ပိုထက်မြက်မယ်။ တူရာသီမှာက တနင်္ဂနွေ နိစ် ဖြစ်တာကိုး။ ဒီတော့ သင်္ချာဗေဒပညာက နက္ခတ်ဗေဒင် နဲ့ ရော၊ တားရော့ဗေဒင် နဲ့ရော ဆက်စပ်နေတယ်။ နောက်အရေးကြီးတာတစ်ခုက Current of Destiny လို့ခေါ်တဲ့ မွေးခုနှစ်။ မွေးခုနှစ်က သိပ်အရေးပါတယ်။ ထင်ပေါ်ကျော်ကြား သူတွေကို လေ့လာကြည့်ရင် မွေးခုနှစ်ပေါင်းခြင်းဟာ (17)(19)(21)(23)(25)(27)(30) တွေဖြစ်ရင် အောင်မြင်ကြီးပွားလွယ်ကြတယ်ဗျ။ အဲဒါ တားရော့ကဒ်တွေရဲ့ သင်္ကေတတွေဘဲလေ။ အစ်ကိုတို့နည်းက မွေးဂဏန်းရယ်၊ ရာသီခွင်ရယ်၊ Current of Destiny ရယ် (၃)ခုကို ပေါင်းစပ် ယူတဲ့နည်းဗျ။ ဥပစ္ဆေဒကလို့ခေါ်တဲ့ အသေဆိုးတွေ၊ အမြင့်ရောက်ပြီးမှ ပြန်ကျတာတွေ ဇာတ်သိမ်း မကောင်းတဲ့ မွေးခုနှစ် တွေပေါင်းခြင်းကျပြန်တော့လည်း (12)(13)(16)(18)(20)(22)(26)(29)တွေ ဖြစ်နေတာ အများဆုံးဘဲ။ ဒီတော့ အစ်ကို တို့နည်းနဲ့ မွေးရက်၊ မွေးလ၊ မွေးခုနှစ် အတွဲတစ်ခုကို ကြည့်လိုက်တာနဲ့ စိတ်တွက်နဲ့တွင် ဒီလူရဲ့စရိုက်၊ အကျင့်၊ ၀ါသနာ၊ ဘ၀ အဆင့်အတန်း နဲ့ ကံကြမ္မာ ဇာတ်သိမ်းခန်းက လယ်ပြင်မှာ ဆင်သွားသလို ထင်းထင်းကြီး ပေါ်လာတော့တာကိုး။
အစ်ကို့ကို နျူမရိုလိုဂျီသင်ပေးတဲ့ “ဆရာဦးဝင်းမြင့်သိန်း” ဆိုရင် လူတစ်ယောက်နဲ့ တွေ့ပြီး စကားနည်းနည်းပြော အကဲခတ်လိုက်တာနဲ့ ဘာရာသီဖွား၊ ဘာဂဏန်းပိုင်ရှင် ဆိုတာ တပ်အပ်ပြောနိုင်တယ်။ အစ်ကို့ကို စတွေ့ကတည်းက မင်းက (2)ဂဏန်း သမားဘဲလို့ ချက်ခြင်းပြောတာ။ ပြီးတော့ ခဏစဉ်းစားလိုက်ပြီး (2)ဆိုရင် (2)ထီးတည်း နဲ့ (29)မဖြစ်နိုင်ဘူးတဲ့။ (11)နဲ့(20)တစ်ခုခုဖြစ်လိမ့်မယ်တဲ့။ အစ်ကိုက (11)ရက်ဖွားလေ။ ပြီးတော့ ထပ်ပြီး အစ်ကို့ကို အကဲခတ်ပြီး ရာသီက မိဿနဲ့ဗြိစ္ဆာရာသီ တစ်ခုခုဖြစ်မယ်တဲ့။ မိဿဆိုရင်(11)ရက်ဖွားဖြစ်လိမ့်မယ်တဲ့။ ဗြိစ္ဆာဆိုရင် (20)ရက်ဖွားဖြစ်လိမ့်မယ်တဲ့ ။ ကဲ- အစ်ကိုက ဧပြီလ(11)ရက်ဆိုတော့ မိဿရာသီဖွားလေ။ အဲဒီကတည်းက ငါဒီပညာကို ရအောင်သင်မယ်ဆိုပြီး သင်ခဲ့တာ။ ဆရာ့လို လူတွေ့ရုံနဲ့ ဘာဂဏန်းသမားဆိုတာ မပြောနိုင်သေးပေမယ့် မွေးသက္ကရာဇ်တစ်ခုကို ကြည့်လိုက်တာနဲ့တော့ ဒီလူဟာ လူကောင်း၊ လူဆိုး၊ လူချမ်းသာ၊ လူဆင်းရဲဆိုတာနဲ့ သူရဲ့ ဘ၀ဇာတ်သိမ်းကိုတော့ 90%မှန်အောင် ပြောနိုင်ပါတယ်။ ဘာမှ ချတွက်စရာ မလိုဘူး။ ဒါပညာတွေ အကုန်လုံး တဖြည်းဖြည်း ခြင်း ဘလော့မှာ တင်ပေးသွားမှာပါ။ ကိုယ်သေသွားရင်လည်း ပါမှာမှ မဟုတ်တာ။ အခုရေးနေတာတွေက “၀လုံးရေးတုန်းဘဲ” ရှိသေးတယ်။ ဒါပေမယ့် ပညာလိုချင်တဲ့လူထက် ဗေဒင်မေးချင်တဲ့လူက ပိုများနေတာတော့ အစ်ကို စိတ်မကောင်းဘူး။ လက်ဆန်းပိုင်းမှာတော့ အစ်ကိုက မဟာဘုတ်၊ အင်္ဂ၀ိဇ္ဇာနဲ့မဟာကာလကြီးကိုဘဲ ကျွမ်းကျင်တယ်။ ဆန်းကျမ်းကို မပိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ၀ါသနာသိပ်မပါလို့။ ဆန်းနဲ့တွက်ရတာ ဂဏန်းဗေဒင်၊ မဟာကာလကြီးတို့နဲ့တွက်ရတာလောက် အရသာ မတွေ့ဘူး။ ပြီးတော့ ဆန်းပညာရှင်တွေကလည်း သူတို့ပညာကို သိပ်လျှို့ဝှက်တာ ကလား။ အဲဒီတော့ သိပ်မလေ့လာဖြစ်တော့ဘူးပေါ့ကွာ။ ကဲ- စကားလည်း ရှည်သွားပြီ။ လူချင်းတွေ့ပြီး ဗေဒင်ပညာအကြောင်း ပြောချင်သေးတယ်ကွာ။ ကျန်းမာပါစေ။

Anonymous said...

ဟာ..ဆရာတင်ဘိုဘိုရေးတဲ့ ကော်မန့်ကိုဖတ်ပီး သဘောကျလိုက်တာ..ဂဏန်းဗေဒင်က အဲ့သလောက်တောင် မှန်တယ်လား

သင်ချင်လိုက်တာ. အဲဒီဆရာရဲ့ ဆရာနဲ့တောင် တွေ့ဖူးချင်လိုက်တာ..။

ရန်းဂန်းလေးရေ... ကြိုးစားဟ .ဆရာတင်ဘိုဘိုဆီကလဲ နည်းယူ။
ငါတော့ မြင်ယောင်တယ်..နင်တော့ စာအုပ်တွေကြားမှာ လူပိနေတော့မှာ..

စူး