Wednesday, September 9, 2009

ဂြိုဟ်ပေဂြိုဟ်တေ ငစနေ ကန်ရာသီမှာနေ


စနေဂြိုဟ်ကြောင့်ရယ်တော့ မဟုတ်ပေမယ့် စနေလက်သည်မကင်းတဲ့ ဖြစ်ရပ်တစ်ချို့ကတော့ ပြီးခဲ့တဲ့ နှစ်နှစ်ကျော်ကာလမှာ သမိုင်းတွင်အောင် ဖြစ်ပွားခဲ့တယ်ဆိုတာ နက္ခတ်ဗေဒင်ပညာကို စူးစူးစိုက်စိုက် လေ့လာနေသူတိုင်း သတိထားမိမှာ ဖြစ်ပါတယ်။

စနေဆိုလို့ ငါက စနေသက်ရောက်နေတာ၊ စနေဂြိုဟ်မှာ အိပ်နေတာ၊ ငါက စနေသမီး စိတ်ကြီးတယ်...အစရှိတဲ့ စကားလုံးတွေနဲ့တော့ မရောထွေးစေလိုပါဘူး။ ဒီစနေဂြိုဟ်က ကောင်းကင် အာကာသထဲမှာ နေကိုလှည့်ပတ်နေတဲ့ တကယ့် ဂြိုဟ်အစိုင်အခဲ စစ်စစ်ရဲ့ ရာသီခွင်ရွေ့ပြောင်းမှုကို ဆိုလိုတာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်ခွဲနီးပါးစလုံး သိဟ်ရာသီမှာ ရပ်တည်ခဲ့ပြီး ရှေ့တိုးနောက်ဆုတ် အမျိုးမျိုးလုပ်ခဲ့တဲ့ စနေဂြိုဟ်ဟာ ဒီနေ့ စက်တင်ဘာ ၉ ရက်နေ့ည ၉ နာရီကျော်မှာ ကန်ရာသီခွင်ထဲကို ကူးပြောင်း ဝင်ရောက်တော့မှာ ဖြစ်ပါတယ်။

သိဟ်ရာသီမှာ နှစ်နှစ်ခွဲလောက် ရပ်တည်ခဲ့တုန်းက စနေဂြိုဟ် ဘာလုပ်ပေးခဲ့ပါသလဲ။ စနေဂြိုဟ်ကြောင့်ရယ်တော့ မဟုတ်ပေမယ့် စနေလက်သည်မကင်းတဲ့ ဖြစ်ရပ်တစ်ချို့ကတော့ ပြီးခဲ့တဲ့ နှစ်နှစ်ကျော်ကာလမှာ သမိုင်းတွင်အောင် ဖြစ်ပွားခဲ့တယ်ဆိုတာ နက္ခတ်ဗေဒင်ပညာကို စူးစူးစိုက်စိုက် လေ့လာနေသူတိုင်း သတိထားမိမှာ ဖြစ်ပါတယ်။ တချို့သော ဇာတာရှင်များဟာလည်း ဇာတာအပေါ် စနေစီး၊ စနေမြင်ယှဉ်ခဲ့တဲ့ ဒဏ်ကို အလူးအလဲ ခံခဲ့ရမှာ ကျိန်းသေပါတယ်။

စနေ သိဟ်ရာသီမှာ ရပ်တည်တုန်းက ကုမ်ရာသီမှာ တည်နေတဲ့ ယူရေးနပ်စ်ဂြိုဟ်နဲ့ သမသတ်ဆိုတဲ့ ဆန့်ကျင်ဘက် အမြင်တွေ ဖြစ်တည်ခဲ့ပါတယ်။ တစ်ပြိုင်တည်းမှာလည်း ရာဟု၊ ကိတ်ဝင်ရိုးတန်းတွေနဲ့လည်း ကပ်ငြိခဲ့ဖူးပါတယ်။ ဖေဖော်ဝါရီတုန်းကလည်း လူလင်ဆိုတဲ့ကြယ်တံခွန်က စနေရှိရာ သိဟ်ရာသီကန ဖြတ်သန်းသွားခဲ့ပါတယ်။ နောက်ပြန်လည်ရင်း ကုမ်ရာသီအထိ ခြေဆန့်လာတဲ့ ကြာသပတေးဂြိုဟ်နဲ့လည်း မြင်ခဲ့ပါသေးတယ်။

သိဟ်ရာသီရောက် စနေဟာ ကျွန်တော်တို့ မြန်မာနိုင်ငံအတွက်တော့ ရွှေဝါရောင် တော်လှန်ရေးနဲ့ နာဂစ်မုန်တိုင်းတို့ကို အမှတ်တရ လက်ဆောင်ပေးအပ်ခဲ့သလို၊ အနောက်တိုင်းနက္ခတ်ပညာရှင်တွေ အယူအဆအရ ကမ္ဘာတစ်ဝှမ်းက နိုင်ငံအသီးသီးမှာ အစားအစာ ကောက်ပဲသီးနှံအပါအဝင် ရွှေ၊ ရေနံ အစရှိတဲ့ ကုန်စည်ဈေးနှုန်းတွေ မိုးထိအောင် စံချိန်တင်မြင့်တက်ခဲ့တာကိုလည်း လေ့လာတွေ့ရှိရပါတယ်။ သမိုင်းတွင် ကျန်ရစ်မယ့် ကမ္ဘာ့စီးပွားပျက်ကပ်ကြီးကိုလည်း ဖန်တီးပေးခဲ့တယ်လို့ သိရပါတယ်။

ကျွန်တော့်အတွက်ကတော့ စနေသိဟ်ရာသီ စီးနင်းချိန်မှာ မွေးရပ်မြေနဲ့ဝေးရာ အရပ်မှာ ပင်ပန်းဆင်းရဲ အကျပ်အတည်းမျိုးစုံနဲ့ အရင်ပေးတွေ့ပြီး နောက်ပိုင်းမှ သက်သာအေးချမ်းစေခဲ့ပါတယ်။ အခုတော့ ကန်ရာသီထဲ ဝင်ရောက်လာမယ့် စနေကို မကာရရာသီက ရာဟုဂြိုဟ်နဲ့ ကြာသပတေးဂြိုဟ်နှစ်လုံးက မြင်ယှဉ်တော့မှာ ဖြစ်ပါတယ်။

စနေဂြိုဟ်အပြောင်းမှာ ကံကောင်းမယ့် သူတွေ၊ ကံဆိုးမယ့်သူတွေဖြစ်လာမလား၊ ကံကြမ္မာလှည်းဘီးအပေါ်မှာ စံစားခဲ့သူတွေ၊ ကျွမ်းပြန်ကျမှာလား၊ လှည်းဘီးအောက်မှာ ပိနေတဲသူတွေ တကျော့ပြန် မြင့်မားလာမလား...။ ကိုယ့်ဇာတာလေး ကိုယ်ကိုင်လို့ နားလည်တတ်ကျွမ်းတဲ့ နက္ခတ်ဗေဒင်ပညာရှင်များထံ တိုင်ပင်ဆွေးနွေး မေးမြန်းကြည့်ကြပါလို့ ကြော်ငြာမဟုတ်တဲ့ စေတနာအသိပေးခြင်းမျိုးနဲ့ တိုက်တွန်းလိုက်ရပါတယ်။ စနေ စီးမြင်လို့ လောကဓံရှစ်ပါးထဲက အဆိုးလောကဓံလေးပါးထဲ တနည်းနည်းနဲ့ ဝင်ရောက်နေသူများအတွက် ဖုဌဿလောကဓမ္မေဟိ..အစချီတဲ့ မင်္ဂလာတရားတော်ကို နှလုံးသွင်းနိုင်ကြပါစေလို့ ဆုတောင်းမိပါတယ်။

အာကာသသိပ္ပံမှာ အပြာရောင်သန်းနေတဲ့ ဘောလုံးလေးတစ်လုံးလို လည်ပတ်နေပြီး အေးခဲတဲ့ ရေခဲပြင်တွေ ဖုံးလွှမ်းထားတဲ့ စနေ၊ မြန်မာ့ရိုးရာဗေဒင်မှာ မြွေနဂါးအဖြစ် မီးလျှံအဖြစ် နာမည်ကျော်တဲ့ စနေ၊ ဟိန္ဒူဒဏ္ဍာရီမှာ ခြေအချိုးခံထားရတဲ့ စနေ၊ လောကီကောင်းကျိုးထက် လောကုတ္တရာအကျိုးကို မျှော်ကိုးအားပေးတဲ့ စနေ စနေနဲ့ထိတွေ့တော့မယ့် ဇာတာရှင်များ အားလုံး ဘေးရန်ကင်းကွာ ကျန်းမာချမ်းသာကြပါစေ။

1 comment:

Anonymous said...

စနေဒဏ် တော်တော်လေး ခံနေရပါပကော...
ပြီးခဲ့တဲ့ ၃ ၇က်လောက်ကဘဲ ဈေးသွားဝယ်ခဲ့တာ ၃၀၀ ကျော်ဖိုးထဲက ၁၀၀ ကျော်ဖိုး လမ်းမှာပျောက်သွားခဲ့တယ်
ဒီမတိုင်ခင်ကလည်း အများကြီး ဖြစ်ခဲ့သေးတာဗျ...
မတတ်နိုင်ဘူးဗျာ.. ဖြစ်ချင်တာတွေတာ ဖြစ်ပါစေတော့...
ကိုယ်လုပ်စရာရှိတာတော့ လုပ်နေရဦးမှာဘဲဗျို့ ...

mie nge