Wednesday, September 16, 2009

သတိ - နောက်ပြန်သွားနေသည်

အဲဒီ မယောင်ရာဆီလူးတဲ့ မဟုတ်မဟတ်တွေ အပြီးပြတ်ပြီး ဗေဒင်အကြွေးတွေလည်း အပြတ်ချေနေပြီဆိုတဲ့အကြောင်း အသိပေးရင်း ဘယ်သူမှ အဆုံးထိဖတ်မှာ မဟုတ်တဲ့ဒီပို့စ်ကို ရေးသားလိုက်ရပါတယ်။

အခုတလော ကန်ရာသီမှာ နောက်ပြန်သွားနေတဲ့ ဗုဒ္ဒဟူးဂြိုဟ်ကို မကာရရာသီက ရာဟုနဲ့ ကြာသပတေးက မြင်ထားပါတယ်။ ဒါနဲ့ပဲ ကိုယ်လဲ ၁၉၉၈-၉၉ လောက်တုန်းက၊ ကျောင်းတော်သားဘ၀မှာ ကျောင်းပြဌာန်းစာအုပ်တွေနဲ့ ထပ်တူ၊ လေ့လာသင်ယူု မှတ်သားဖူးခဲ့တဲ့ လောကီပညာ မှတ်စုတွေ၊ တိုတိုထွာထွာ မှတ်တမ်းလေးတွေ၊ အခုဆို မှင်ရောင်တွေ ပြန့်ကျဲပြီး ၀ိုးတ၀ါးဖြစ်လာတဲ့ အင်း၊စမ ပညာ မှတ်စုတွေ ၀ါသနာပါရာ၊ မြန်မာ့မှော်အတတ်ပညာ မှတ်စုလေးတွေ ပြန်လှန်လှောနေမိပါတယ်။

အိမ်ဖြူတော် မန္တန်ပေါင်းချုပ်ကျမ်း တဲ့။ အဲဒီကနေ ကူးယူသိမ်းမှတ်ထားတဲ့ ဂါထာတွေ နာမည်ကလည်း ပြန်ဖတ်ကြည့်တော့ မျက်လုံးတောင် နည်းနည်းပြူးသွားရပါတယ်။ လူအများသိ၊ အများရွတ်၊ ထုတ်သမျှစာအုပ်တိုင်း ပါနေကျဖြစ်တဲ့ သံဗုဒ္စေဂါထာတော်လိုမျိုးတွေ မဟုတ်ဘဲ၊ ဂါထာခေါင်းစည်း ကြည့်လိုက်တာနဲ့ လူသိနည်းနိုင်တဲ့ ဂါထာတွေမို့ နည်းနည်းလေး ချပြချင်ပါတယ်။

နိမိတ်ကြီးလေးပါး ဂါထာ၊ မိစ္ဆာပေါင်တိုဂါထာ၊ ဘီလူးလည်ပြတ်ဂါထာ၊ ကျားမင်းဂါထာ၊ ကျွဲဖြူမင်းဂါထာ၊ ဆင်မသားဝှက်ဂါထာ၊ ကျီးမင်းဂါထာ၊ ရေကြက်မင်းဂါထာ စသဖြင့် ဂါထာအစုံကို တွေ့ရပါတယ်။ တချို့ဂါထာတွေက လာဘ်လာဘစည်းစိမ်၊ တချို့ကျတော့ ကိုယ်လုံ အန္တရာယ်ကင်း၊ အဲလို သာမန် အကျိုးကျေးဇူးတွေ အပြင်၊ တချို့ဂါထာတွေကျတော့ အရိပ်ပျောက်ရင် ကိုယ်ပါပျောက်တယ်ဆိုတဲ့ ကိုယ်ပျောက်ဂါထာတွေလည်း ပါနေပါတယ်။ ဟုတ်သော်ရှိ၊ မဟုတ်သော်ရှိ ဒါဟာ မြန်မာ့လောကီပညာ မှတ်တမ်းထဲက ထူးဆန်းတဲ့ ဂါထာမန္တန်တွေပါပဲ။ ကွန်ပြူတာနဲ့ သေသေချာချာ ပြန်ရိုက်ပြီး သိမ်းဆည်းမှတ်တမ်းပြုထားရပါဦးမယ်။

အဲဒီ မန္တန်မှတ်တမ်းစာအုပ်လေးမှာပဲ ကိုယ်ငယ်ငယ်က ကူးရေးထားဖူးတဲ့ မြန်မာ့မှော်ပညာ အပိုင်းအစတွေလည်း မနည်းပြန်တွေ့ရပါတယ်။ ထုံးစံအတိုင်း နတ်ရဲသစ်ပင်မှာ ဆေးလိပ်၊ ကွမ်း၊ ပန်း ၊ လက်ဖက်တွေ မန်းမှုတ်အသက်သွင်းပြီး စီရင်ရတဲ့ ပညာ၊ နှစ်တစ်ရာ ပြည့်ဘုရားစေတီ၊ ရေချိုးဆိပ်၊ လမ်းလေးခွဆုံ၊ စတဲ့ မြန်မာ့ ဂန္ဒရီပညာက အသိအမှတ်ပြုထားတဲ့ အရပ်တွေမှာ စီရင်ရတဲ့ ပညာ၊ ရင်ညွှန့်တည့်တည့် နား သွေးမစို့မပို့လေး ဖောက်၊ ညာလက်မောင်းက သွေးကို ဖောက်ပြီး အစားအသောက်ထဲ ထည့်စီရင်ရတဲ့ ပညာ၊ ရုက္ခစိုးနဲ့ ပေါင်းဖော်မိတ်ဖြစ်ပြီး စီရင်ရတဲ့ ရုက္ခမှော်ပညာ၊ အစရှိတဲ့ မြန်မာ့ရိုးရာ လောကီနည်းလမ်းတွေ မနည်းမနောကို စမြုံ့ပြန်မိပါတယ်။

အင်း၊ စမစာအုပ်တွေကတော့ ဖတ်မိရင် ထမင်းမေ့၊ ဟင်းမေ့ဖြစ်တတ်လို့ ကောက်မဖတ်ဘဲ သေချာပြန်သိမ်းထားမိပါတယ်။ ကျိုက်ထီးရိုးစမ ပုံတော်လေးကတော့ အကြမ်းဆွဲတုန်းကတောင် အတော်လေး အချိုးကျလို့ တစ်ချက် ပြန်ကြည့်မိပါသေးတယ်။ နေထွက်စ၊ နေ့မွန်းတည့်၊ နေ၀င်ဆဲနဲ့ ကြယ်ကြွေချိန်လေးပါးမှာ ရေးသားရတဲ့ အရဟံစမပုံတော်ကလည်း ရိုးရိုလေးနဲ့ ဆန်းကြယ်လှပါတယ်။ တချို့ ဓာတ်ကြီးလေးပါးစမတွေကျတော့ လမွန်းတည့်ချိန်မှာ အဖို၊ အမနှစ်မျိုးအဖြစ် ရေးဆွဲရတာလို့ မှတ်သားဖူးပါတယ်။ တော်တော်လည်း နက်နဲလွန်းပါတယ်။

ဘာရယ်မဟုတ်တဲ့ ရန်းဂန်းတို့ ဒီရက်ပိုင်းတွေထဲ အလုပ်ကဖိထားပါတယ်ဆိုမှ အပျင်းကြောက ရှည်၊ ဂစ်တာလေးလဲ ဒေါင်ဒင်ခေါက်မိ၊ စာကလည်း ဖတ်ချင်၊ ကောင်မလေးတွေနဲ့လည်း ဝေလေလေလုပ်ချင်နဲ့ အဲဒီ မယောင်ရာဆီလူးတဲ့ မဟုတ်မဟတ်တွေ အပြီးပြတ်ပြီး ဗေဒင်အကြွေးတွေလည်း အပြတ်ချေနေပြီဆိုတဲ့အကြောင်း အသိပေးရင်း ဘယ်သူမှ အဆုံးထိဖတ်မှာ မဟုတ်တဲ့ဒီပို့စ်ကို ရေးသားလိုက်ရပါတယ်။

5 comments:

Anonymous said...

အဆုံးထိဖတ်တာပေါ့ .. စိတ်ဝင်စားတယ်လေ..

မြန်မာပြည်က စာအုပ်တွေတောင်လွမ်းသွားသား

ဒီနေ့ည လာပါ... ရထား လားးး
မာလာတယော...

အမ

Anonymous said...

ဆရာရမ်း သတိုးတေဇရဲ့ အိပ်မက်ရွာအခန်း၁၃ ဖတ်ပီးပီလား ကျနော်ဂျီတော့ခ်ထဲကို လင့်ချပေးထားတယ်လေ ဖတ်ကြည့်ပါ ဂမ္ဘီရလိုင်းသမားတွေ စိတ်ဝင်စားမှာပါ မရသေးရင် လင့်ခ်ထပ်ပေးလိုက်တယ်
http://www.myanmar-ccg.org/board/blog.php/category/%E1%80%9E%E1%80%90%E1%80%AD%E1%80%AF%E1%80%B8%E1%80%B1%E1%80%90%E1%80%87

JulyDream said...

အဆုံးထိ မဖတ်ဘူးလို့ ဘာကြောင့်များ ထင်ရက်လေသလဲကွယ်။

Anonymous said...

အင်း... ကြားတော့ ကြားဖူးနေတာပဲ၊ ဒါပေမဲ့ တခါမှအသုံးပြုတာမျိုးမရှိဘူး။ ဆန်းတော့လဲ ဆန်းသား... နော်..။

Unknown said...

ဖတ်​တဲ့စာအုပ်​​တွေ ပြန်​လည်​မျှ​ဝေပါအုန်း
လိုချင်​လို့ပါ