Monday, September 21, 2009

ဘာအရောင်ကို ဆောင်ကြမယ်

ဟိုးအရင်က ပုတီးလိုလို၊ သမထလိုလို ကြောင်မိတုန်းကတော့ ၀တ်ဖြူစင်ကြယ် ပွပွလေးတစ်ထည်တော့ မကြာခဏ ၀တ်လေ့ရှိပါတယ်။ အခုတော့ Punk ဂီတဆန်တဲ့ အနက်ရောင်တီရှပ်တွေ ချည်း အကြိုက်တွေ့နေပါပေါ့။

အားလုံးလည်း ဖတ်ဖူး၊ လေ့လာဖူးကြမယ် ထင်ပါတယ်။ အထူးသဖြင့် ရာသီဖွားဟောစာတမ်းတွေ၊ ဘာဂဏန်း၊ ညာဂဏန်းဗေဒင်တွေ၊ မဟာဘုတ်ဖွားဟောကိန်းတွေမှာ သင်ဟာ ဘာကြီးဖြစ်တဲ့အတွက် ဘယ်အရောင်ကို တစ်သက်တာ ကံကောင်းအောင်မြင်စေမယ့် အဆောင်အဖြစ် ၀တ်ဆင်သုံးစွဲရမယ် ဆိုတာပေါ့။

ဗေဒင်နည်းစနစ်တွေကလည်း မြန်မာနည်းတင် မဟုတ်၊ အင်္ဂလိပ်နည်း၊ တရုတ်နည်းနဲ့ အိန္ဒိယနည်းပါ မကျန် လူတကာအလယ်မှာ စူပါကျယ်တွေ ဖြစ်နေကြပြန်တော့ ဘယ်နည်းက ဘယ်အရောင်ကို ဆောင်ပါလို့ ပြောသလို တခြားနည်းကလည်း သင့်အတွက် ဒီအရောင်ကတော့ အောင်ခြင်းမင်္ဂလာ အဖြာဖြာကို ရရှိစေမယ်လို့ ဆိုပြန်ရော။ ကဲ ..ဘယ်အရောင်ကို ခင်ဗျားရွေးမလဲ။ ဗေဒင်တိုင်းက ပြောသမျှ အရောင်တွေ ခင်ဗျား လိုက်ဝတ်မလား။

ဥပမာဗျာ ကျွန်တော်က 8 ဂဏန်းသမားဆိုတော့ အနက်ရောင်ကိုဆောင်ရမယ်ပေါ့။ ဟော..ကရကဋ်ရာသီဖွားလည်း ဖြစ်ပြန်တော့ အဖြူဆွတ်ဆွတ် ရောင်၊ ပုလဲရောင်က သင့်တော်တယ်ဆိုပြန်၊ တော်ကြာ မဟာဘုတ်မှာ အားအကောင်းဆုံးက ကြာသပတေးဆိုတော့ ရွှေဝါရောင်၊ အ၀ါရင့်ရောင်တွေက ကံကောင်းစေတယ် ..လုပ်ပြန်၊ အင်း ...ဒီအတိုင်းဆို လူကတော့ ရောင်စုံခြယ်ပန်းချီကား ဖြစ်တော့မယ်။ ဒါနဲ့ပဲ ဆရာ့ဆရာ၊ ပညာရှိများကို ချဉ်းကပ်မေးမြန်းတော့ တချို့သော ဆရာများက ဇာတာ၊ မဟာဘုတ်၊ ဂဏန်းဗေဒင်ထဲမှာ ကိုယ်အားသန်ရာ ပညာတစ်ခုတည်းက အယုံကြည် အလေးနက်ဆုံး ပညာကိုသာ အသုံးပြုပြီး အဲဒီကမှ အားအကောင်းဆုံး ဂြိုဟ်အရောင်ကို ရွေးပါတဲ့။ တခြားဆရာတွေကျတော့ အားလုံးသော နည်းပညာတွေကို ညှိနှိုင်းပြီး ဒီထဲကမှ အကောင်းဆုံးယူဆရတဲ့ ဂြိုဟ်နက္ခတ် အရောင်ကို သုံးပါ ဆောင်ပါတဲ့။ မှတ်သားစရာ ကောင်းပါတယ်။

ခက်တာက ဒီခေတ်မှာ အရောင်တစ်မျိုးတည်း ၀တ်ဆင်တာ တွေ့ရခဲပြီး အရောင်စုံ ဒီဇိုင်းဆန်း အလန်ဇယားတွေချည်း ယောင်္ကျားရော မိန်းမပါ ၀တ်ကြပါတယ်။ ခန္ဒာကိုယ်ပေါ်မှာ အများဆုံး မြင်နေရတဲ့ အရောင်ကိုပဲ ယူရမလား၊ အောက်ခံအရောင်တစ်မျိုးတည်းသာ ယူရမလား မစဉ်းစားတတ်သေးပါဘူး။ သိရင်လဲ သင်ပေးကြပါ။ ဆရာလုပ်ကြပါ။ ကျွန်တော်ကတော့ အဟုတ်ကို တကယ်မသိသေးပါဘူး။ ရယ်ရမလို၊ ငိုရမလိုကိစ္စတစ်ခုတော့ ရှိပါတယ်။ လုပ်ငန်းဆိုင်းဘုတ်တွေ၊ လိုဂိုတွေအတွက် ဗေဒင်ဆရာက သေချာတွက်ရေးပေးလိုက်တဲ့ အရောင်က ဒီဇိုင်းပညာနဲ့ လုံးဝမအပ်စပ်တဲ့ အရောင်သဘောတရားအရ ဘယ်နည်းနဲ့မှ အဆင်မပြေလောက်တဲ့ အရောင်တွေ ဖြစ်နေတဲ့အခါ ဗေဒင်ဆရာနဲ့ ဒီဇိုင်းဆရာ စင်ပေါ်တက်ထိုးရမလို ဖြစ်ကုန်တာပါပဲ။

ကျွန်တော်တို့ ဗေဒင်လောကမှာ ဗေဒင်ဆရာတွေ ဟောကြပြောကြ ဟောစာတမ်းတွေ ရေးကြတဲ့အခါမှာတော့ တစ်သက်စာ ကံကောင်းစေမယ့် အရောင်ကတော့ ဘာအရောင်၊ ဒါမှမဟုတ် တစ်နှစ်စာဟောမယ်ဆိုရင်လည်း ဒီနှစ်သင့်အတွက် ကံကောင်းစေမယ့် အရောင်က ဘာဆိုပြီး ရေးသားဟောပြောတတ်ပါတယ်။ ဆရာသမားတွေကတော့ ဒါကို မူလနဲ့ ပ၀တ္တိလို့ ပြောမလား မသိဘူး။ တစ်နှစ်စာအတွက် အရောင်နဲ့ တစ်သက်လုံးအတွက် အရောင်အဖြစ် ကာလပိုင်းခြားပေးလေ့ ရှိပါတယ်။ အံမယ်..အခု နာရီပိုင်းမှာ ဘယ်အရောင်က အားသာနေတယ်ဆိုပြီး ဘောလုံးပွဲတောင် ဗေဒင်နဲ့ တွက်ကြသေး.။

ဟုတ်ကဲ့..ကျွန်တော်ကိုယ်တိုင်ကတော့ ဘယ်နည်းနဲ့မှ အရောင်စွမ်းအားကို မသုံးခဲ့ဖူးပါဘူး။ ဟိုးအရင်က ပုတီးလိုလို၊ သမထလိုလို ကြောင်မိတုန်းကတော့ ၀တ်ဖြူစင်ကြယ် ပွပွလေးတစ်ထည်တော့ မကြာခဏ ၀တ်လေ့ရှိပါတယ်။ အခုတော့ Punk ဂီတဆန်တဲ့ အနက်ရောင်တီရှပ်တွေ ချည်း အကြိုက်တွေ့နေပါပေါ့။

ဘာပဲဖြစ်ဖြစ် အဓိကကတော့ ယုံကြည်မှုပါ။ ယုံရင် ကြည်တယ်ပဲ ပြောပြော၊ ယုံကြည်ရင် တစ်ဝက်အောင်မြင်နေပြီပဲ ဆိုဆို၊ ဒီလို ပညာရပ်တွေကိုက ယုံကြည်မှု စွမ်းအားကို မဖြစ်မနေ အသုံးပြုနေကြရတာပဲ မဟုတ်လား။ ကျွန်တော် သိသလောက် မြန်မာ့ရိုးရာ အင်္ဂ၀ိဇ္ဖာပညာမှာ အရောင်တွေကို အတော်လေး နေရာပေးထားပါတယ်။ ဘယ်အချိန်အခါမှာ ဘာအရောင်ဝတ်လာလို့ ဘယ်လိုဟောထည့်လိုက်တယ်။ ဘယ်အခါမှာ ဘယ်အရောင်ကို ဆင်ပြီး ဘယ်ပန်းကို ဘုရားလှူ၊ ဘယ်နေ့ ဘယ်အခါမှာတော့ အဲဒီအရောင်ကို ၀တ်ပြီး အရေးကြီးကိစ္စ မလုပ်မိပါစေနဲ့ အစရှိသဖြင့် ဟောပြောအကြံပေးကြတာ တွေ့ဖူးပါတယ်။

ခင်ဗျား ကောင်မလေးနဲ့ သွားတွေ့ပြီး အဖြေတောင်းမယ်။ အလုပ်အတွက် အင်တာဗျူးသွားမယ်။ စာမေးပွဲဖြေဖို့ ဘယ်အရောင်လေး ၀တ်မယ်။ ယုံကြည်သူများအတွက် ဗေဒင်ပညာက ဖော်ညွှန်းတဲ့ အရောင်တွေဟာ တစ်ဖက်တလမ်းကနေ အရေးပါနေဦးမှာ ဖြစ်ပါတယ်။

7 comments:

ရွှန်းမီ said...

အရောင်တွေနဲ့ ပတ်သက်ရင် စိတ်ဝင်စားပါတယ်..
အရောင်စွဲရှိတဲ့စိတ်ကို လျှော့ပစ်ချင်လို့ပါ..
ပြီးတော့ ဒီဘလော့ရဲ့အရောင်.. အနက်ပေါ်အဖြူနဲ့ရေးထားတာ.. အစကဆို အမြင်ကပ်မိပါတယ် (ကိုယ့်ဘာသာ မျက်လုံးကြောင့်..) =)
ခုတော့ အနက်ပေါ် အနီနဲ့ရေးတာမျိုးမဟုတ်လို့ တော်ပါသေးတယ် လို့ ပြောင်းမြင်လိုက်ပါတယ်..
ဘယ်အရောင်ဖြစ်ဖြစ် သူ့အချိုးနဲ့ သူ့နေရာ ကိုက်ရင် လှနေမယ်ထင်တယ်..

khin oo may said...

အနောက်ခံကလေးက အနက်မဖြစ်ရင်တော့မျက်စေ့မကောင်းတဲ့သူတွေ အတွက်နဲနဲသက်သာရရတာပေါ့။

khin oo may said...

အကျီတွေဆိုအဖြူများတယ်။

Anonymous said...

ဘာအရောင်မှမဆောင်ဘူး
ကိုယ့်အသားနဲ့လိုက်ဖက်တဲ့ အရောင် တွေကိုပဲအဝတ်များတယ်။

မုန်မိုင်းနေတဲ့ အရောင်ဆို စိတ်ကပါ ညိုလို့ လုံးဝမဝတ်ဘူး

အိမ် said...

ကျနော်ကတော့ တွေ့တာ ကောက်ဝတ်တာပဲ ဘာရယ်ညာရယ်ါ မဟုတ်ဘူး။ တခုတော့ရှိတာပေါ့ လူကြီးသူမနဲ့ သွားတွေ့ရင် ကောင်းကောင်းမွန်မွန်ဝတ်မယ်ရမယ်.. ဘယ်နေရာသွား ဘာဝတ်ရမယ် ဒီလောက်ပါပဲ..။ သိပ်တော့ အစွဲမရှိဘူး

ရွှန်းမီ said...

thank you! :-)

susu said...

လိုက်မယ့်အရောင်ကိုဝတ်လိုက်တာပဲ။ မရွေးပါဘူး။ တို.ကလှပြီးသားမို.လို.လေ။ ဒါမပေမယ့် မတည့်တဲ့ အရောင်တွေရှိတာတော့ သိတယ်။ လူကြီးသူမတွေနဲ. မဟာပညာရှိတွေပြောတာ ဆိုတော့မှတ်ထားတာလေ။ ဒီလိုမတည့်တဲ့ အရောင်တွေကို မဝတ်သွားသင့်တဲ့နေရာတွေကိုတော့ မဝတ်ဘူး။။။