Thursday, October 1, 2009

အို..စက်တင်ဘာ

တခါက စက်တင်ဘာဟု အမည်တွင်သော လတစ်လရှိလေ၏။

သူ့တွင် အထင်ကရ နေ့ထူးများစွာ ပိုင်ဆိုင်နေကြောင်း တွေ့ရ၏။ ဥပမာ စက်တင်ဘာ ၅ ရက်နေ့သည် အိန္ဒိယ၌ ဆရာသခင်နေ့၊ စက်တင်ဘာ ၇ ရက်နေ့သည် ဘရာဇီးနိုင်ငံရဲ့ လွတ်လပ်ရေးနေ့၊ စက်တင်ဘာ ၉ ရက်နေ့ဆိုလျှင် အလက်စကားပြည်နယ်က ဒဏ္ဍာရီလာ သူရဲကောင်း ကွင်းဘန်းနက်၏ မွေးနေ့၊ စက်တင်ဘာ ၁၁ ရက်နေ့ဆိုရင် အမေရိကန်ပြည်ထောင်စု၌ 9/11 အမည်တွင်သော အကြမ်းဖက် တိုက်ခိုက်မှုကြီး ဖြစ်ပွားသည့်နေ့၊ စက်တင်ဘာ ၁၆ နဲ့ ၁၉ သည် စိန့်ကစ်နှင့် နဲဗစ်ရှိ သူရဲကောင်းများနေ့နှင့် လွတ်လပ်ရေးနေ့၊ စက်တင်ဘာ ၁၆ ရက်နေ့သည် မက္ကဆီကိုနိုင်ငံ၏ လွတ်လပ်ရေးနေ့၊ စက်တင်ဘာ ၁၈ သည် ချီလီနိုင်ငံရဲ့ လွတ်လပ်ရေးနေ့...စသဖြင့် စက်တင်ဘာသည် သူ့ရဲ့ နေ့ထူးနေ့မြတ်များစွာကို ယူဆောင်ခဲ့လေ၏။

တခါက စက်တင်ဘာဟု အမည်တွင်သော ဤလတွင် နူတ်တက်ရွရွ သံပြိုင်ညီ၍ ရဲရဲနီသော သစ္စာတော်တို့ ပွင့်ဖူးဝေဆာခဲ့ကြပါ၏။ မဟာပထ၀ီမြေကြီးအား ရဲရဲတောက်သော အသံတော်တို့ဖြင့် သွက်သွက်ခါရမ်းနိုင်ခဲ့ပါ၏။ ပေလွှာများထက် အမှတ်ရကျန်ရစ်စေမည့် သမိုင်းဝင် စကားလုံးများ ထစ်ချုန်းခဲ့ကြပါ၏။ ထိုနှစ်တွင် ထိုစက်တင်ဘာသည် ထိုသူတို့၏ စိတ်နှလုံးအား ညိုးချုံးနွမ်းလျစေ၏။ ထိုအချိန်သည်ကား တူရာသီ ဖြစ်လင့်ကစား အင်္ဂါဂြိုဟ်အင်အားတောင့်တင်းသော နှစ်၊ အင်္ဂါဂဏန်း မြူးထသော လနှင့် အင်္ဂါရက်တို့ ဦးဆောင်သော စက်တင်ဘာ ဖြစ်ရကား..ကမ္ဘာပေါ်ရှိ မော်ကွန်းထိုးအပ်သော စက်တင်ဘာနေ့စွဲများတွင် ဤနေ့၊ ဤရက်သည်ကား၊ ဓားသွားကို ကိုက်ချီပျံသန်းသည့် လင်းယုန်သဖွယ်၊ ကျည်ဆန်ကို စီးနင်းသည့် လေညှင်းသဖွယ်၊ ချင်းချင်းနီစွာ လှပခဲ့ရှာ၏။

အို..စက်တင်ဘာ

2 comments:

မိုးခါး said...

ရန်ကုန်မှာလဲ
မြန်မာနိုင်ငံမှာလဲ .........................

Anonymous said...

မိုးကောင်းတုန်းရွာထားဦးပေါ့ကွာ . . . တောက်