Thursday, October 8, 2009

ဂုရုစန္ဒြလယုဂ်

ရာသီဖွား ဟောစာတမ်းတွေအစား နက္ခတ်ဗေဒင်စစ်စစ်ကနေ ထွက်ပေါ်လာတဲ့ သတိပေးချက် ဟောကိန်းတွေသာ လူထုကြား၊ နိုင်ငံအနှံ့အပြားမှာ ထင်ရှားခဲ့ရင်

အခုတစ်လော ကြားရ၊ ကြားရ နားဝမသက်သာတဲ့ သတင်းတွေချည်း ပလူပျံနေတယ်။ ဖိလစ်ပိုင် ကက်စနာမုန်တိုင်းက အစပျိုးလိုက်တဲ့ သဘာဝဘေးဥပါဒ်ကြီးတွေ ၊ နောက် မကြာပါဘူး။ အမေရိကန်ဆာမိုအာ ဆူနာမီ၊ အင်ဒိုနီးရှားငလျင်နဲ့ ဒုတိယမြောက် ပါးမားမုန်တိုင်း၊ အခု ဂျပန်ဆီ ဦးတည်နေပြန်တဲ့ မုန်တိုင်း နောက်ထပ်လာဦးမယ့် ဘာညာမုန်တိုင်း အစရှိတဲ့ မကြားဝံ့ မနာသာ ဇီဝိန်ချွေသဘာဝဘေးတွေ... ဘာလို့များ ဆက်တိုက်ပွဲကောင်းနေကြပါလိမ့်။

တချို့သော ဗေဒကဝိပညာရှိတွေက ဒါဟာ ဇူလိုင် ၂၂ နေသဗ္ဗကြတ်ခြင်းရဲ့ နောက်ဆက်တွဲ ရလဒ်လို့ ဆိုကြပါတယ်။ တချို့ကတော့ နေအဖွဲ့အစည်းက ယူရေးနပ်စ်နဲ့ နက်ပကျွန်းဂြိုဟ်ကြီးနှစ်လုံး ပူးယှဉ်သွားခြင်းရဲ့ ဂယက်တဲ့။ ဒီထက်စူးရှထင်မြင် သုံးသပ်တတ်တဲ့ ပညာရှင်တွေကတော့ ဘယ်လိုမြင်မယ် မသိ။ ဟောဒီ လောကီကြီးမှာ တစ်နှစ်တစ်ခါ၊ တစ်လတစ်ကြိမ် ဆိုပြီး စာအုပ်ပိစိကွေးလေးတွေ ရိုက်ထုတ်နေတဲ့ ရာသီဖွား ဟောစာတမ်းတွေအစား နက္ခတ်ဗေဒင်စစ်စစ်ကနေ ထွက်ပေါ်လာတဲ့ သတိပေးချက်ဟောကိန်းတွေသာ လူထုကြား၊ နိုင်ငံအနှံ့အပြားမှာ ထင်ရှားခဲ့ရင် ဒီလို ဘေးဆိုးတွေကနေ မလွတ်ရင်တောင် ကြိုတင်ကာကွယ်မှုတွေ ဒီထက်ပို လုပ်နိုင်မယ်လို့ မဖြစ်နိုင်တာ တွေးမိပါရဲ့။

ဖြစ်ပြီးမှ ဟိုကိန်းခန်းကို လက်ညိုးထိုးပြ၊ ဒီဇာတာကြောင့် ဂလိုဖြစ်တာဆိုပြီး ထိုးကွင်းထကြတဲ့ နက္ခတ်ဗေဒင်ဆောင်းပါးတွေလည်း မနည်းလှပါဘူး။ မဖြစ်ခင်က အသိပေးထားတဲ့ ပညာပီသသော ဆောင်းပါးများလည်း ဟိုတစ်စ ဒီတစ်စ တွေ့ရပါလေရဲ့။ ဒါပေမယ့် လူဆိုတာကလည်း သိတယ်မှလား။ မဖြစ်ခင်ကသာ ..အာ..ဒါတွေ ဒို့တစ်သက် တခါမှ မရှိခဲ့ပေါင်.။ ဖြစ်လာလဲ ရင်ဆိုင်တာပေါ့။ အို .တစ်သက်မှာ တခါသေ .. အစရှိတဲ့ အာဘော်တွေ ပွားများတတ်တဲ့အတွက် ပညာရှင်တွေက ခံဟဲ့ ငပိန်းတွေရဲ့ ဆိုပြီး လျစ်လျူရှုခဲ့ကြမယ် ထင်ပါတယ်။ လောလောဆယ်မှာတော့ မကာရရာသီမှာ ရာဟုနဲ့ ကြာသပတေး ပူးယှဉ်တဲ့ အနေအထားက ဟိန္ဒူနက္ခတ်ဗေဒင်အခေါ် ဂုရုစန္ဒြလယုဂ်ကို ဖြစ်ပေါ်စေပြီး သိသာထင်ရှားတဲ့ အနိဌာရုံများကို ဖြစ်ပွားစေတယ်လို့ မှတ်သားဖူးပါတယ်။

ဒါပေမယ့် နိုင်ငံတွေရဲ့ မူလဇာတာအလိုက်၊ အုပ်ချုပ်မင်းလုပ်သူတွေရဲ့ ဖွားဇာတာအလိုက် အဆိုးဒဏ်အပေါ် မတူညီတဲ့ အပြင်းအပျော့တွေလည်း ကွဲပြားမှာ ဖြစ်ပါတယ်။ မည်သို့ဆိုစေပေါ့လေ... မြန်မာပြည်သာစေကြောင်းရယ်နဲ့လို့ပဲ ခုနှစ်သံချီပါစေတော့။

7 comments:

ရွှန်းမီ said...

သာစေကြောင်းပေါ့ ကိုရန်းဂန်းရေ ..

Anonymous said...

ဗမာပြည်မ်ပါဖို့ အရေးကြီးတယ်...သိတယ်မို့လား ( ကိုယ်ထူ ကိုယ်ထ စနစ်
မို့လို့ )

mie nge

Anonymous said...

အဲဒီ ယုဂ်ကြောင့် အမေရိကန် နိုင်ငံမှာ ၂ ပတ်အတွင်း ထူးခြားပါလိမ့်မယ်။
President Obama, Michelle Obama and Joseph Biden အဲဒီ (၃) ဦး ထဲက တစ်ယောက်ယောက် ???

Anonymous said...

ဟောဗျာ .. President Obama နိုဘယ်လ်ဆုရှင်အဖြစ် အရွေးခံရတယ် ဆိုပါလား

Anonymous said...

ဟုတ်ပ အထက်က အနော်နီမတ်ပြောတာ မှန်ထှာ့
အိုဘာမား နိုဘယ်လ်ဆု၇သွားလေ၇ဲ့


အမ

Anonymous said...

အိုဘာမား နိုဘယ်လ်ဆုရတာနဲ့ .. ဂုရုစန္ဒြလယုဂ် နဲ့ ဆိုင်လို့ လား.. ။

သူ လုပ်တာက
" လူထုအကြား ပူးပေါင်းဆောင်ရွက်မှုနဲ့ ခိုင်မြဲတဲ့ နိုင်ငံတကာ သံတမန်ဆက်ဆံရေးတွေမှာ သူ့ရဲ့ စွမ်းစွမ်းတမံ ကြိုးပမ်းဆောင်ရွက်မှုတွေ"

အဲဒီအတွက် ဆုရတာလေ..

YoungGun said...

ကျမ်းတွေမှာ ရည်ညွှန်းထားသလောက် ဒီယုဂ်ဟာ အဆိုးအနိဌာရုံ ဖြစ်ရပ်များကိုသာ ဖော်ပြပါတယ်။ အိုဘားမားနဲ့ အဲဒီယုဂ်နဲ့ မပက်သက်ပါဘူး။ ကျွန်တော်တို့ ဗေဒင်လောကရဲ့ လေးစားအပ်သော နက္ခတ်ပညာရှင် ဆရာကြီးကာလာစန်ရဲ့ ပညာပေးစာအုပ်ထဲမှာ ပါဝင်တဲ့ ရာဟုနဲ့ ကြာသပတေးအပူးအယှဉ်ဆိုင်ရာ ဟောကိန်းကို ထပ်ဆင့်တင်ပြထားခြင်းသာ ဖြစ်ပါတယ်။ ကိုယ်လိုရာ ဆွဲတွေး၊ ကိုယ်ထင်ရာ မှန်းပြော၊ လိုရာကို ဆွဲဟောတာ ဗေဒင်မဟုတ်ပါဘူး။ ဗေထင်..သာ ဖြစ်ပါလိမ့်မယ်။ အခုလို ဝင်ရောက်ရေးသားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။