Sunday, October 18, 2009

မသက်မသာ စနေအခါ

ဘရိတ်ခပ်ပြင်းပြင်းအုပ်သံ နောက်မှာပဲ ဒုန်းခနဲ အသံကြီး ကြားလိုက်ရပြီး အာမေဋိတ်အသံမျိုးစုံနဲ့ နာနာကျင်ကျင် ညည်းတွားဟစ်အော်သံတွေ မသက်မသာ ကြားလိုက်ရပါတယ်။

ထုံးစံအတိုင်း ကားတိုက်ပြန်ပြီပေါ့။ နောက်ဘီးတစ်ဖက် ပေါက်သွားလို့ သူ့ဖာသာလမ်းဘေး ချရပ်ထားတဲ့ ကားလေးကို နောက်က ကားတစ်စီးက ဘယ်ဘဝက အငြိုးနဲ့ အရှိန်ပြင်းပြင်း ဝင်အောင်းလိုက်လဲ မသိပါဘူး။ ကားတိုက်ခြင်းရဲ့ နောက်ဆက်တွဲအဖြစ် သွေးထွက်သံယိုနဲ့ အမှုအခင်းက တစ်သီကြီး လိုက်ပါလာတော့မှာပါ။

ကားတိုက်ပြီဟေ့ဆိုတာနဲ့ လက်ကနာရီလေးဆီ တစ်ချက်ကြည့်မိတယ်။ ထင်တဲ့အတိုင်း စနေအခါပါပဲ။ အင်္ဂဝိဇ္ဇာပညာကို မကျွမ်းကျင် နားမလည်လှပေမယ့် ကားတိုက်၊ ဆိုက်ကယ်မှောက် အစချီတဲ့ သွားနေတဲ့ လည်ပတ်နေတဲ့အရာတွေ ရပ်တန့်သွားစေတဲ့ အချိန်အခါ၊ သွေးထွက်သံယို အနိဌာရုံတွေ ဖြစ်လာတဲ့ အချိန်အခါဟာ စနေအခါပဲ ဖြစ်ဖြစ်နေတာ သတိထားမိပါတယ်။ တခြားသော လက်ဆန်းဆရာတွေ၊ လက်ဆန်းပညာသည်တွေ အယူအဆနဲ့ တူချင်လဲ တူမယ် မတူချင်လဲ မတူနိုင်ပါဘူး။ ဖတ်ဖူးလေ့လာဖူးတဲ့ အင်္ဂဝိဇ္ဇာ ဆောင်းပါးတစ်ခုမှာတော့ အဲလို ဖြစ်ရပ်မျိုးတွေဟာ စနေအခါမှာ ဖြစ်လာတတ်တယ်လို့ မှတ်သားဖူးပါတယ်။

ဆရာဝေသာလီမောင်ဖုန်းရဲ့ ခလုတ်မထိ ဆူးမငြိ ဆောင်းပါးမှာတော့ စနေအခါတိုင်မှာ ဤအခါတိုင်သည် ယာဉ်ကါးများ အပျက်အဆီး အများဆုံးအခါတိုင်လည်းဖြစ်သည် လို့ ရေးသားထားတာ တွေ့ရပါတယ်။ စနေအခါမှာ ကိုယ့်ရှေ့တည့်တည့်က မောင်းလာတဲ့ကား ရှေ့ဘီတစ်ဘီး ကျွတ်ထွက်ပြီး ကိုယ့်ဆီပြေးဝင်လာတာ မြင်ဖူးပါတယ်။ ကိုယ့်ဘေးနားကနေ ဝီခနဲ ဖြတ်သွားတဲ့ ဆိုင်ကယ်တစ်စီး စလစ်ဖြစ်ပြီး မှောက်သွားတာ တွေ့ဖူးပါတယ်။ နယ်မှာတုန်းကတော့ စက်ဘီးနဲ့ ဆိုက်ကားတွေ လူကို တိုက်မိတာ၊ အချင်းချင်း ဝင်ဆောင့်ကြတာ ခဏခဏ တွေ့ဖူးပါတယ်။ ကြည့်လိုက်ရင် စနေအခါချည်း မဟုတ်ရင်တောင် စနေအခါမှာ ဖြစ်တာ များပါတယ်။ ကဲ..စနေအခါမှာ ဖြစ်တာများတယ်လို့ ရေးပြီးပါပြီ။ နေ့တိုင်းရဲ့ စနေအခါကိုတော့ ဆရာတေးအေးရိပ် တင်ပေးထားတဲ့ ဟောဒီမှာသာ သွားကြည့်ကြပါတော့။ သတိလေးဘာလေး ထားနိုင်အောင်လို့ပါ။ မဟုတ်ဘူး မမှန်ဘူး ထင်ရင်တော့ သဘောရှိကလောဟိ ပါပဲ။

5 comments:

flowerpoem said...

ko younggun ရေ စနေအခါကိုလာဖတ်ပါတယ် :)

ရွှေပြည်သူ said...

စနေအခါကို အခုမှ ကြားဖူးပါတယ်။ ဗဟုသုတမှတ်သားစရာပါပဲ အစ်ကိုရေ...

မဆုမွန် said...

မနက်ဖန် သောကြာနေ့ ပင်လယ်သွားမယ် စနေအခါကို မကြည့်သွားတော့ဘူးနော်..

Anonymous said...

ဟင်... အဲဒီစနေ အခါတိုင်တွေက ဘယ်အချိန်တုန်းဗျ.. တားတော့ သေပြီဆရာ တနေကုန် ကားမောင်းနေတာ ဆိုတော့.. ဟင့်

နေ့အိပ်မက် said...

တနင်္ဂနွေနေ့မှာ မနက်ပိုင်း ကားမတိုက်ဘူး.. တနင်္လာနေ့မှာ ညနေပိုင်း ကားမတိုက်ဘူး... @_@ ဟုတ်တော့ ဟုတ်နေတာပဲ