Sunday, November 1, 2009

ဆေးပေါင်း တကယ် ခ၊ မခ...

ပြက္ခဒိန်ပါ အတိုင်း နိုဝင်ဘာ ၁ ရက်နေ့ည ၁၂ နာရီ တိတိမှာ ဆေးဖော်မယ့် အစီအရင်က နက္ခတ်ဗေဒင်အဖွဲ့ရဲ့ တွက်ချက်မှုအရ ဆိုရင် ကီးမကိုက်ဘူးဟေ့ လို့ ဆိုရမှာပါပဲ။

ဆရာကြီးမင်းသိင်္ခရဲ့ အယူတော်မင်္ဂလာခြံကြီးထဲမှာ တန်ဆောင်မုန်းလပြည့်ညမှာ ဆေးပေါင်းခတဲ့အတွက် နှစ်စဉ်နှစ်တိုင်း မျက်နှာပွင့်၊ လာဘ်ခေါ် ဆေးဖော်ပွဲကြီးကို ပြုလုပ်ကျင်းပလေ့ရှိပါတယ်။ ဒီနှစ်မှာလည်း ထုံးစံအတိုင်း ကျင်းပဖို့ ရှိတယ်လို့ သတင်းကြားရပါတယ်။ နက္ခတ်ဗေဒင် လေ့လာသင်ယူဖူးတဲ့ ငယ်စဉ်အချိန်မှာ တွက်ရိုးပိုင်တဲ့ဆရာတစ်ဦးအဆိုအရ မြန်မာပြည်ပြက္ခဒိန်က လပြည့်နေ့တိုင်းမှာ လတကယ် မပြည့်ဘူးလို့ မှတ်သားဖူးပါတယ်။ နက္ခတ်ဗေဒင် တွက်ချက်မှုအရတော့ တနင်္ဂနွေနဲ့ တနင်္လာ ၁၈ဝ အံသာ (ဒီဂရီ) တိတိ မြင်တဲ့အချိန်ဟာ လပြည့်တာပါပဲ။ ဒါပေမယ့် လောင်ဂျီတွဒ်၊ လတ္တီတွဒ်တွေ၊ ဒေသစံတော်ချိန်တွေ မတူညီတာကြောင့် ဒေသအလိုက် လပြည့်ချိန်အတိအကျဟာလည်း အမျိုးမျိုးကွဲပြားသွားနိုင်ပါတယ်တဲ့။ ဒီလို အယူတော်မင်္ဂလာခြံကြီးရဲ့ ထုံးတန်းစဉ်လာ အစီအရင်ပွဲကြီးသတင်းနဲ့အတူ မကြာခင်မှာပဲ ထွက်လာတဲ့ သတင်းကတော့ ..

နိုဝင်ဘာ၁ရက်တွင် ကျရောက်မည့် တန်ဆောင်မုန်းလပြည့်နေ့တွင် နက္ခတ်ဗေဒ အလိုအရ မယ်ဇလီဖူးသုပ်စားခြင်း၊ ဆေးဖော်ဆေးကြိတ်ခြင်း၊ ဂါထာမန္တရားများ စီရင်ဆောင်ရွက်ခြင်းတို့ကို ပြုလုပ်ရန်မသင့်ဘဲ လမင်း၏ အထွန်းလင်းဆုံးနှင့် အားအင်အပြည့်ဝဆုံး အချိန်ဖြစ်သည့် နိုဝင်ဘာ၂ရက် ညဥ့်သန်းခေါင်ကျော်လွန်ပါမှ အဆိုပါ လောကီအစီအရင်များကို ပြုလုပ်လျှင် အကျိုးအာနိသင်များ ရရှိနိုင်လိမ့်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံနက္ခတ်ပညာရှင်များအဖွဲ့မှ ဒုတိယဥက္ကဋ္ဌ ဦးဇေယျာကိုက ပြောသည် တဲ့..။ ကိုင်း..မှတ်ကရောပဲ။

ပြက္ခဒိန်ပါ အတိုင်း နိုဝင်ဘာ ၁ ရက်နေ့ည ၁၂ နာရီ တိတိမှာ ဆေးဖော်မယ့် အစီအရင်က နက္ခတ်ဗေဒင်အဖွဲ့ရဲ့ တွက်ချက်မှုအရ ဆိုရင် ကီးမကိုက်ဘူးဟေ့ လို့ ဆိုရမှာပါပဲ။ အဲလိုပဲ မြန်မာနိုင်ငံ တနံတလျားက ဒေသအသီးသီးက ပြက္ခဒိန်ပါ နေ့ရက်အတိုင်း ည ၁၂ နာရီမထိုးခင်မှာ မယ်ဇလီပင်ပေါ် ခွထိုင်နေတဲ့ ကိုကိုကာလသားတွေ၊ မယ်ဇလီပင်အောက်ကနေ ဆီနဲ့ပဲနဲ့နှမ်းနဲ့ မယ်ဇလီဖူးသုပ်မယ် တကဲကဲ လုပ်နေမယ့် ကာလသမီးတွေအတွက် .. ဒီညဟာ တကယ်ဆေးပေါင်း ခမခ.. ဘယ်ဆရာသမားက၊ ဘယ် ပြက္ခဒိန်က၊ ဘယ်ဂြိုဟ်သွားဂြိုဟ်လာက အာမခံမလဲ....။ ပျော်ပွဲရွှင်ပွဲအနေနဲ့ အပျော်တမ်း ဖလန်းတဲ့ သူတွေအတွက်ကတော့ မယ်ဇလီဖူးဟာ သိဒ္ဓိဝင်သည်ဖြစ်စေ၊ မဝင်သည်ဖြစ်စေ မထူးပါဘူး။ ဒါပေမယ့် ဒီညတော့ ဆေးပေါင်းခပဟဲ့ ဆိုပြီး ရုပ်တည်ကြီးနဲ့ အစီအရင်တစ်ခုခုကို ဥုမ်တွေဘာတွေ ခံပြီး မာန်သွင်းနေသူအဖို့ ကတော့ သူမျှော်လင့်ထားတဲ့အတိုင်း သိဒ္ဓိ မဖြစ်လာခဲ့ရင် ပြက္ခဒိန်ကြီးပဲ လက်ညိုးထိုးရမလား..။ သူ့အစွမ်းအစပဲ သံသယဖြစ်ရမလား...တကယ်လို့ လမပြည့်ဘူးသာဆိုရင် ဘယ်သူ့ကို ကလော်ဆဲမိမလဲ..။ ကျွန်တော် ရန်းဂန်းကတော့ အခုလို လသာသာ ညမျိုးမှာ ကိုကျားကြီး (Tiger Beer)ကို ဘေးနားချ၊ ဂစ်တာလေးကို ရင်ခွင်ပိုက်ပြီး ခပ်မိုက်မိုက်လေးပဲ ဖြတ်သန်းသွားမှာ ဖြစ်ပါတယ်။

8 comments:

khin oo may said...

ဖြတ်ချင်သလိုဖြတ်.
စိတ်ချမ်းသာရင်ပြီးတာဘဲ

ရွှန်းမီ said...

ကိုယ်တိုင်သေချာအောင် မော့ကြည့်လိုက်.. ပြည့်ရင်ပြည့်တယ်ပေါ့ =) .. တရုတ်လပြည့်နဲ့ ဗမာလပြည့်ဆို တစ်ရက်လွဲတယ်.. ဘယ်လိုလုပ်မလဲ..
တစ်လတစ်လမှာ လမျက်နှာပြင်ကို ပြည့်တယ် လို့မြင်ရတဲ့အချိန်က ၂၄ နာရီထက် ပိုကြာပုံရတယ်နော်.. လတ္တီကျုပေါ်မှာလည်း မူတည်တယ်.. အဲ့လိုဆိုတော့ လပြည့်မှာလုပ်မယ့် အစီအရင်ဆိုတာ စိတ်ထဲက တည်ငြိမ်မှုနဲ့ သမာဓိတွေ ပြည့်နေဖို့ ပိုလိုအပ်မယ်ထင်တယ်..

(လပြည့်ဝန်းကဲ့သို့ ရွှန်းပကြည်လင်သော စိတ်အစဉ်ဖြင့် ဤအစီအရင်ကို သင်ခုနစ်ရက်သားသမီးများ ကောင်းစားစေလိုသောအကျိုးငှာ . . . ဘာညာ စသည် စသည် ) သူများရွတ်တာ ကြားဖူးတာပဲ..

ဖုန်းမြင့် said...

ဆေးပေါင်းခသော ကိုကျားကြီးပေါ့ ထွင့်ပါ့း)

Anonymous said...

ခင်ဗျားက ဆရာကြီးတပည့်လို့လည်းပြောတယ် ...သူရာမေရယ မူးယစ်စေဖို့ကို အခါအခွင့်သင့်တိုင်း အားပေးတဲ့အရေးအသားတွေ သိပ်ရေးတာတွေ့ရတယ်။ဘီယာတဗူးဖိုးဟာ ထမင်းငတ်နေတဲ့ မိသားစု တနပ်စာရတယ်ဆိုတဲ့ ဦးဇာဂနာရဲ့ မှတ်သားဖွယ်စကားကို သတိရရင်
ကျားကြီးနဲ့စာရင်းရှင်းသင့်ပါပြီဗျာ....

YoungGun said...

ကျေးဇူးတင်ပါတယ် ကိုအမည်မသိလား မအမည်မသိလား ..မသိဘူး။ ပို့စ်တွေမှာ ပါဝင်တဲ့ အဓိကအချက်တွေက လွဲရင် ကျန်တဲ့ ပေါက်ပန်းလေးဆယ်တွေဟာ ကျနော့်ရပ်တည်မှု ဖြစ်တည်မှု အစစ် ဟုတ်မဟုတ် ဘယ်သူမှ မသိနိုင်ပါဘူး။ ဘီယာလို့ ရေးထားပေမယ့် ပုတီးလည်း ဖြစ်နိုင်သလို၊ ဓားဆောင်ထားတယ်ဆိုတာကလည်း ဂန္နာရီလမ်းစဉ်တော်က To Dare ဆိုတဲ့ စည်းမျဉ်းကို ကိုယ်စားပြုတာလည်း ဖြစ်နိုင်တာပါပဲ။ ကောင်မလေးနဲ့ ပလူးတယ်ဆိုတဲ့ စကားလုံးကလည်း ယင်နဲ့ယန် ပွေ့ဖက်မှုကို ဖော်ပြတာ မဖြစ်နိုင်ဘူးလားဗျာ။ အကာကိုပစ်၊ ကောင်းတဲ့အနှစ်လေးတွေ စဉ်းစားသုံးဆောင်နိုင်ဖို့ ရေးတာပါ။ လာဖတ်တဲ့သူတွေကလည်း ခေါင်းမပါဘဲနဲ့ လာမဖတ်ဘူးလို့ ထင်ပါတယ်။ ကျေးဇူးတင်ပါတယ် နောင်လဲ ဘီယာသာမက၊ အညှီအဟောက်လေးတွေပါ ရေးသားဖို့ စဉ်းစားထားပါတယ်။ အော်..ဆရာကြီးက ရေးဖူးတယ်ဗျ။ ကိုမိုးသီးအကြောင်းပေါ့ဗျာ။ ကိုမိုးသီးဟာ ပလေးဘွိုင်းလဲ ဖတ်တယ်။ ယောဂလဲ ကျင့်တယ်ဗျ။ ဆရာကြီးစာအုပ်တွေ အစမှာ သတိထားမိလား။ သူသည် အလွန်စက်ဆုပ်ဖွယ်ကောင်း၏ ထို့အတူ လွန်စွာလည်း ခင်မင်နှစ်လိုဖွယ်ကောင်း၏ တဲ့။ ပေါက်ဗျာ..ပေါက်တော့။

flowerpoem said...

မယ်ဇလီဖူးသုတ်လည်းမစားဖြစ်ပါဘူး :P

မြစ်ကျိုးအင်း said...

သူများမယ်ဇလီ ကိုယ်လည်းမယ်ဇလီ ဆိုပြီး စားခဲ့ဖူးတယ်ဗျ

ဘာပဲဖြစ်ဖြစ် လူငယ်တွေ စုစုဝေးဝေးနဲ့ ပျော်ခဲ့တာမှတ်မိနေတယ်

အခုတော့ မယ်ဇလီလည်း မစားရတာကြာပေါ့

Oak said...

ကျွန်တော်တို့ ဒီ ယိုးဒယားမှာတော့ မြန်မာထက် တစ်ရက်နောက်ကျပါတယ် လပြည့်တာ။ လောင်ဂျီအရ မြန်မာရှေ့မှာ ရှိပြီး နာရီဝက်ပိုစောနေတဲ့ နိုင်ငံက ဘာလို့ တစ်ရက်နောက်ကျပြီး လပြည့်လဲဆိုတာ ကျွန်တော်လည်း မသိပါဘူး။ ဒီက မြန်မာတွေကတော့ ယိုးဒယား ပြက္ခဒိန်ကို မလိုက်ဘဲ တစ်ရက်စောပြီး ကထိန်ပွဲကို ကျင်းပပါတယ်။ မယ်ဇလီဖူးမရတာနဲ့ သူငယ်ချင်းတစ်ယောက်က ရှိတဲ့ ဂျင်းတွေကို သုပ်ကျွေးပါတယ်... ဂျင်းပေါင်းတော့ ခသွားတာ အမှန်ပါ။