Thursday, November 12, 2009

မွေးနံပြန်ပေါ်တဲ့ နာမည်ပေးနည်း

နာမည်မှ နာမည်ဆိုတဲ့ ဗေဒင်ဝါသနာရှင်တွေ၊ လေ့လာသူတွေ၊ စမ်းကြည့်လိုသူတွေ၊ ဗဟုသုတ တိုးပွားလိုသူတွေအတွက် တင်ပြလိုက်ပါတယ်။

မဟာဘုတ်လည်း မသိ၊ ဆန်းကျမ်းလည်း မတတ်၊ ဂဏန်းဗေဒင်လည်း နားမလည်၊ အင်္ဂဝိဇ္ဇာ ဝေလာဝေး၊ နာမည်ပေးနည်း ဘာတစ်ခုမှ တတ်စရာမလိုပါဘူး။ ဂြိုဟ်သက်တွေ သိရုံနဲ့ ဒီနည်းက အဆင်ပြေပါသွားပါလိမ့်မယ်။ ဒီနည်းလေးကို စမ်းကြည့်လိုက်ပါဗျာ။ ဒီနည်းကို ၁၉၇ဝ ခုနှစ်မှာ ထုတ်ဝေခဲ့ပြီး ဆရာဦးမောင်မောင်ဦးရေးသားတဲ့ မြန်မာ့ရိုးရာ ရှေးထုံးစဉ်လာဓလေ့များ စာအုပ်ဟောင်းလေးကနေ ထပ်ဆင့် ကောက်နုတ်တင်ပြတာ ဖြစ်ပါတယ်။ ဗေဒင်လေ့လာဖူးတဲ့ သက်တမ်း ဆယ်နှစ်ကျော်ကာလမှာ ကိုယ်ပဲအသုံးမကျလို့လား၊ မနှံ့စပ်ခဲ့လို့ပဲလား မသိ၊ ဒီနည်းစနစ်ကို အခုမှ မြင်ဖူးပါတယ်။ နာမည်မှ နာမည်ဆိုတဲ့ ဗေဒင်ဝါသနာရှင်တွေ၊ လေ့လာသူတွေ၊ စမ်းကြည့်လိုသူတွေ၊ ဗဟုသုတ တိုးပွားလိုသူတွေအတွက် တင်ပြလိုက်ပါတယ်။ သေချာဖတ်ကြည့်ကြပါ။

ဥပမာ..သောကြာသားတစ်ယောက် ဆိုပါစို့။ မွေးနေ့သောကြာကို ဂရုမစိုက်ပါနဲ့။ ထိန်လင်း လို့ ပေးလိုက်ပါ။ စနေ၊ ဗုဒ္ဓဟူး နာမည်တွဲပေါ့။ စနေဂြိုဟ်သက်က ၁ဝ နှစ်၊ ဗုဒ္ဓဟူးဂြိုဟ်သက်က ၁၇ နှစ်၊ နှစ်ခုပေါင်းတော့ ၂၇ နှစ်၊ ပေါင်းခြင်းရလာတဲ့ ၂၇ ကို မူလမွေးနေ့သောကြာဂြိုဟ်သက် ၂၁ နှစ်နဲ့ ထပ်ပေါင်းပေးလိုက်မယ်။ ဒီတော့ ၂၇+၂၁=၄၈ ရမယ်။ ၄၈ ကို ခုနှစ်နေ့ခုနှစ်နံ ကိုယ်စားပြုတဲ့ ၇ ဂဏန်းနဲ့ စားလိုက်မယ်။ ဒီတော့ ဘာကြွင်းမလဲ..။ ၆ ကြွင်းပါမယ်။ ဒီအကြွင်း ၆ ဟာ မူလ သောကြာနံ ဖြစ်ပါတယ်။ မူလဆီ ပြန်ရောက်ပါတယ်။

ဒီတော့ ဒီနည်းရဲ့ အနှစ်ချုပ်က မူလမွေးနံကို ခဏထား၊ ကြိုက်တဲ့နာမည်မှည့်လိုက်၊ မှည့်လိုက်တဲ့နံတွေရဲ့ ဂြိုဟ်သက်တွေ ပေါင်း၊ ပြီးရင် မူလမွေးနံရဲ့ ဂြိုဟ်သက်ကိုပါ ထပ်ပေါင်း အားလုံးပေါင်းခြင်းကိုမှ ၇ နဲ့စားလိုက်၊ အကြွင်းဟာ မူလမွေးနံပြန်ဖြစ်ရင် ပြီးပါပြီ။ တကယ်လို့များ ၇ နဲ့စားတဲ့ မူလမွေးနံ ပြန်ကြွင်းတဲ့အပြင် အရပ်ရှစ်မျက်နှာဆိုတဲ့ ၈ နဲ့ပါ ထပ်စားလို့ မူလမွေးနံ ပြန်ကြွင်းတယ် ဆိုရင်တော့ ထီးရော၊ တံခွန်ပါ ရတဲ့ပုဂ္ဂိုလ်လို အချိုပေါ် သကာလောင်းပါတယ်တဲ့ဗျာ။

တခြားသော ဗေဒင်ဝါသနာအိုးတွေ၊ ဗေဒင်ဆရာတွေတော့ မသိဘူး။ ကျွန်တော်တော့ ဒီနည်းစနစ်ကို စဖတ်ဖတ်ချင်းပဲ သဘောကျ နှစ်ခြိုက်မိပါတယ်။ မဟာဘုတ်မှာ အောက်သုံးလုံး၊ နမက္ခရမှာ တိုင်ခြေဂြိုဟ်နှစ်လုံး၊ အင်္ဂဝိဇ္ဇာမှာ တန်းအောက်ဂြိုဟ်တွေကို ဝေးဝေးရှောင်၊ ကောင်းပေ့ညွှန့်ပေ့ဆိုတဲ့ အပေါ်တန်းက ဂြိုဟ်တွေကိုမှ အသုံးချလို့ မဝနိုင်တဲ့ မြန်မာ့ရိုးရာ ဗေဒင်ပညာရှင်များအတွက် ဘယ်တန်းပေါ်၊ တိုင်ထိပ်၊ အညွန့်အညှောက်ကိုမှ လှည့်မကြည့်တဲ့ ဒီနည်းစနစ်ဟာ တုန်လှုပ်ခြောက်ခြားစရာတော့ ဖြစ်သွားနိုင်ပါတယ်။ နာမည်မှည့်နည်းတွေက ဟိုနည်းနဲ့ဆိုကောင်း၊ ဒီနည်းနဲ့ကျ မတည့်၊ သည့်ပြင်နည်းနဲ့ စစ်ပြန်တော့လည်း ဟုတ်သလိုလိုရှိ၊ သေချာချိန်ကြည့်ပြန်တော့ အပြစ်မကင်းနဲ့ သပွတ်အူလိုက်နေဆဲပါပဲ။ ဒီတော့ ပေးချင်တဲ့ နာမည်ပေးတယ် ဘယ်ကောင်ဂရုစိုက်ရမလဲကွာဆိုပြီး ထင်ရာစိုင်းပြီး ပေးချင်ရာပေး လွှတ်လိုက်ပြန်ရင်လည်း ပညတ်စိုးမိုးတဲ့ လောကမှာ အသိဥာဏ်အားနည်းတဲ့ လုပ်ရပ် ဖြစ်သွားမှာပါပဲ။

ဂြိုဟ်သက်ဆိုတာ မသိတဲ့သူတွေအတွက် မြန်မာ့ရိုးရာဗေဒင်ဘလော့ဂ်ကနေ အခုလို ကူးယူဖော်ပြလိုက်ပါတယ်။

တနင်္ဂနွေ ဂြိုလ်သက် ၆ နှစ်

တနလာင်္ ဂြိုလ်သက် ၁၅ နှစ်
အင်္ဂါ ဂြိုလ်သက် ၈ နှစ်
ဗုဒ္ဓဟူး ဂြိုလ်သက် ၁၇ နှစ်
စနေသား ဂြိုလ်သက် ၁၀ နှစ်
ကြာသပတေး ဂြိုလ်သက် ၁၉ နှစ်
ရာဟု ဂြိုလ်သက် ၁၂ နှစ်
သောကြာ ဂြိုလ်သက် ၂၁ နှစ်
ရာဟုဆိုတာ ဗုဒ္ဓဟူးနေ့  နေ့ လည် ၁၂နာရီကနေ ည ၁၂နာရီ အတွင်း မွေးတဲ့သူကို ခေါ်တာပါ။

အခုတင်ပြခဲ့တဲ့ ဒီဂြိုဟ်သက်နည်းစနစ်မှာ ဥပမာအနေနဲ့ မဟာစည်ဆရာတော်ကြီး၊ ဝေဘူဆရာတော်ကြီးနဲ့ ဇာလီတောင်ဆရာတော်ကြီးသုံးပါးကို တွက်ပြထားပါတယ်။ ဘာသာရေးနဲ့ဗေဒင်ကို ဒွေးရောယှက်တင်လုပ်တာတော့ မဟုတ်ပါဘူး။ တွက်ကိန်းနဲ့ ဖြစ်ရပ် လာတိုက်ဆိုင်နေလို့ တင်ပြသွားဟန်တူပါတယ်။ ဘာပဲဖြစ်ဖြစ် လွန်ခဲ့တဲ့ နှစ်ပေါင်းလေးဆယ်လောက်က စာအုပ်လေးဆီကနေ ကိုယ်လုံးဝမသိဖူး၊ မကြားဖူးတဲ့ ပညာတစ်ခု တိုးလိုက်တာ အဟောသုခံ ..လို့ပဲ ဝမ်းမြောက်ရင်း ဝါသနာပါသူများကိုလည်း ဝေမျှလိုက်ကြောင်းပါဗျား။

အော်..ဒီနာမည်ပေးနည်းပို့စ်ကို ကျွန်တော်သိသိ၊ မသိသိ၊ ကူးချသွားမယ့်သူများလည်း ကူးယူသွားတဲ့အတိုင်း ပညာအသိ တိုးပွားကြပါစေလို့ ဆန္ဒပြုပါတယ်။

13 comments:

flowerpoem said...

ဗဟုသုတအဖြစ်မှတ်သားသွားပါတယ် ကို YoungGun

dr.tin bo bo said...

ငါ့ညီ မောင်ရမ်းဂန်း ရေ

အစ်ကိုလည်း နာမည်ပေးခြင်းကို အသက်မွေးမှုအဖြစ် လုပ်ကိုင်နေတော့ နာမည်ပေးနည်းပေါင်းစုံ၊ စာအုပ်ပေါင်းစုံကို စုဆောင်း ထားပေမယ့် ဒီနည်းလေးကိုတော့ မတွေ့ဘူးသေးကြောင်း ၀န်ခံပါတယ်။ လေ့လာမှုအားကောင်းတဲ့အတွက် အထူးချီးမွမ်းမိပါတယ်။

Anonymous said...

အေးကွာ..လာဖတ်သွားတယ်..ညီလေး..မောင်ယန်းဂဏ်း.ရေ..ကိုယ်လည်.
ဗေဒင်ပညာကိုတဖက်ကမ်းခပ်တော်သော်ငြားလည်.. ပညာရှိသတိဖြစ်ခဲဆိုသလို ဒီနည်းကို မတွေ့မိဘူးကွာ...အခု င့ါညီဆီက လာကူးချသွားတယ်ကွာ..ကြိုးစားပေါ့ငါ့ညီရာ..ဟင်း..ဟင်း..

Anonymous said...

အော်အော်

သဘောပေါက်ပြီ။ တော်တော် ဣဿမစ္ဆရိယ စိတ် များတာဘဲနော်။

မြစ်ကျိုးအင်း said...

အလေ့အကျင့်မရှိတော့ တွက်တာချက်တာ နဲနဲတော့ အခက်အခဲ ဖြစ်မယ် ထင်တယ်။နောက်ထပ်သာမန်လူတွေ မသိတာက ၇ နဲ့စားလို့ မွေးနံပြန်ရရင် ပြီးရော နာမည်ကို ဘယ်နေ့နံနဲ့မဆို ပေးလို့ရတာပဲလား။
စနေ ဗုဒ္ဓဟူး အတွဲမဟုတ်ဘဲ ကျန်တဲ့ ကြိုက်သလို တွဲလို့ရော ထိခိုက်မှု ရှိနိင် သလား။
အမှန်တကယ်စိတ်ဝင်တစားနဲ့ မေးတာနော်

Anonymous said...

လွယ်လွယ်ကူကူ တွက်ချက်နိုင်ဖို့ 

တနင်္ဂနွေသားသမီးများ
ပေါင်းခြင်း ၂ ၊ ၉ ၊ ၁၆၊ ၂၃၊ ၃၀ ၊ ၃၇ ၊ ၄၄၊ ၅၁၊ ၅၈ ၊ ၆၅၊ ၇၂၊ ၇၉၊ ၈၆၊ ၉၃

တနင်္လာသားသမီးများ
ပေါင်းခြင်း ၈ ၊ ၁၅၊ ၂၂၊ ၂၉၊ ၃၆၊ ၄၃၊ ၅၀၊ ၅၇ ၊ ၆၄၊ ၇၁၊ ၇၈ ၊ ၈၅၊ ၉၂

အင်္ဂါသားသမီးများ
ပေါင်းခြင်း ၂ ၊ ၉ ၊ ၁၆၊ ၂၃၊ ၃၀ ၊ ၃၇ ၊ ၄၄၊ ၅၁၊ ၅၈ ၊ ၆၅၊ ၇၂၊ ၇၉၊ ၈၆၊ ၉၃

ဗုဒ္ဓဟူးသားသမီးများ
ပေါင်းခြင်း ၈ ၊ ၁၅၊ ၂၂၊ ၂၉၊ ၃၆၊ ၄၃၊ ၅၀၊ ၅၇ ၊ ၆၄၊ ၇၁၊ ၇၈ ၊ ၈၅၊ ၉၂

ရာဟုသားသမီးများ
ပေါင်းခြင်း ၅ ၊ ၁၂၊ ၁၉ ၊ ၂၆ ၊ ၃၃၊ ၄၀ ၊ ၄၇ ၊ ၅၄၊ ၆၁၊ ၆၈၊ ၇၅၊ ၈၂၊ ၈၉

ကြာသပတေးသားသမီးများ
ပေါင်းခြင်း ၇ ၊ ၁၄ ၊ ၂၁၊ ၂၈၊ ၃၅ ၊ ၄၂ ၊ ၄၉ ၊ ၅၆ ၊ ၆၃ ၊၇၀၊ ၇၇၊ ၈၄ ၊ ၉၂၊ ၉၉

သောကြာသားသမီးများ
ပေါင်းခြင်း ၆၊ ၁၃၊ ၂၀ ၊ ၂၇၊ ၃၄၊ ၄၁၊ ၄၈၊ ၅၅၊ ၆၂၊ ၆၉ ၊ ၇၆၊ ၈၃၊ ၉၀၊ ၉၇

စနေသားသမီးများ
ပေါင်းခြင်း ၄ ၊ ၁၁ ၊ ၁၈ ၊၂၅ ၊ ၃၂၊ ၃၉ ၊ ၄၆ ၊ ၅၃၊ ၆၀ ၊၆၇၊ ၇၄၊ ၈၂၊ ၈၉၊ ၉၆

ဘယ်နေ့ သားသမီးမဆို ဘာနေ့ နံ နဲ့ ပဲ ပေးပေး .. ပြောထားတဲ့ ပေါင်းခြင်းသာ ရပါစေ.. အဲဒါဟာ မွေးနံ ပြန်ပေါ်တဲ့ နာမည်ပေးနည်းပဲ။

ဥပမာ အင်္ဂါသား ဆိုပါစို့ ..

တေးအေးရိပ်
တေး (၇ ) + အေး (၁) + ရိပ် (၈) = ၁၆

ရလာတဲ့ ပေါင်းခြင်း ၁၆ ကို မွေးနံ အင်္ဂါဂြိုဟ်သက် ၈ နဲ့ ပေါင်းလိုက်ရင် ၂၄ ။ ၇ နဲ့ စားရင် ၃ ကြွင်းပါတယ်။ ရလာတဲ့ ၃ ဟာ မူလ နေ့ နံ အင်္ဂါကို ကိုယ်စားပြုတော့ ရမ်းဂမ်းရေးထားသလို ပဲ မူလဆီ ပြန်ရောက်ပါတယ်။

YoungGun said...

အပေါ်က အမည်မသိကိုယ်တော်ကြီး ရှင်းပြသွားတာ ဟုတ်ပါတယ်ဗျာ။ အဲဒီအတိုင်းပါပဲ။ ဒါပေမယ့် ကိုမြစ်ကျိုးအင်းပြောသလို ကြိုက်သလို တွဲလို့ရော ထိခိုက်မှု ရှိနိင် သလား။ ..ဆိုတာကတော့ ပြန်ပြောဖို့ တော်တော်ခက်လိမ့်မယ် ဆိုပါရစေ။ နက်နဲတဲ့အပိုင်း ဖြစ်သွားလို့ပါ။ နားလည်မယ်လို့ ယူဆပါတယ်ခင်ဗျား။

မြစ်ကျိုးအင်း said...

ဖြေပေးတာကျေးဇူးဗျ

mk said...

My Friend,

You are so clever. I totally support your presentation. I've two kids.Son's birthday is Monday.Now,I changed his name to Htu Aung Oo according to your advise. Daughter is Twal Tar Yaite. How about these names? If you have beautiful names for my children, please, share me.I'm going to wait for your advise again.
Your'
Myo Khine
N-Delhi

htin said...

ရာဟုသားသမီးဆိုရင် ၇ နဲ့စားပြီးရင် ဘာကြွင်းရမလဲဗျာ ကျွန်တော့သမီးလေးကို နာမည်ပေးချင်လို့ ကျေးဇူးပြုပီးဖြေပေးပါနော်

tha mar tun said...

ကျွန်မသမီးလေးကိုနာမည်ပေးခက်နေလို့ကူညီပါရှင့် စနေသမီးပါ ပေးသမျှနာမည်တွေက ၇ မကြွင်းလို့ပါ ကျေးဇူးပြုပြီးကူညီပါနော်

tha mar tun said...

ဆရာရှင့် ကျွန်မသမီးလေးကိုနာမည်ပေးတာခက်နေလို့ကူညီပါရှင့် စနေသမီးလေးပါ 2014 sep 27 ည 23:52 မှာမွေးပါတယ် ကူညီပါဆရာ

Younggun said...

မ tha mar tun ခင်ဗျာ အမည်ပေးနဲ့ ပတ်သက်လို့ ဆရာစိုးမိုးထွန်း ဖုန်းနံပါတ် ဝ၉-၃၁၈၁၇၂၈၇ ကို ဆက်သွယ် မေးမြန်းနိုင်ပါတယ်ခင်ဗျာ