Sunday, November 22, 2009

ကမ္ဘာဆီသို့ ဦးတည်လျက်


ဖြေရှင်းချက်တွေ၊ အယူအဆ အကိုးအကားတွေ လိုက်ဖတ်ရင်း ၂ဝ၁၂ အတွက် ယတိပြတ် မျှော်လင့်ထားတဲ့ အရာတစ်ခုကို တွေ့ရှိခဲ့ပါတယ်။

နေအဖွဲ့အစည်းအတွင်းက ဂြိုဟ်တွေ တစ်တန်းတည်းကျနေတာကြောင့် ကမ္ဘာကို ကာကွယ်ပေးနေတဲ့ ကမ္ဘာ့သံလိုက်စက်ကွင်းတွေဟာ လာမယ့်နှစ်အနည်းငယ်အတွင်း ကြေပျက်ပြီး ကမ္ဘာ့ရာသီဥတုနဲ့ သဘာဝ ဘေးအန္တရာယ်တွေ ပိုမိုဖောက်ပြန် ပျက်စီးလာနိုင်တယ်လို့ အာရှ၊ အာဖရိက ဒေသဆိုင်ရာ ဘက်စုံသဘာဝဘေး ကြိုတင် သတိပေးအဖွဲ့ နည်းပညာဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဒေါက်တာထွန်းလွင်က ပြောကြားခဲ့ကြောင်း ဒီတစ်ပတ် စနေနနေ့ထုတ် The Voice Weekly ဂျာနယ်မှာ ရေးသားဖော်ပြထားတာ တွေ့ရပါတယ်။

ကမ္ဘာအပါအဝင် နေမိသားစုက ဂြိုဟ်တွေဟာ လာမယ့် ၂ဝ၁၂ ခုနှစ်မှာ တစ်တန်းတည်း ကျမှာ ဖြစ်တဲ့အတွက် ကမ္ဘာကို ကာကွယ်ပေးထားတဲ့ သံလိုက်စက်ကွင်းတွေ ကြေပျက်ပြီး အာကာသက သံလိုက်စက်ကွင်းတွေ ဝင်ရောက်လာမှာ ဖြစ်ကြောင်း နာဆာအဖွဲ့ရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး ဒေါက်တာဦးထွန်းလွင်က ရှင်းပြခဲ့ပါတယ်။

ဆက်လက်ပြီး ဦးထွန်းလွင်က " ကမ္ဘာ့ဝင်ရိုးဟာ ၂၂ ဒီဂရီကနေ ၂၄.၅ ဒီဂရီကို သွားနေပါတယ်။ ဒီလိုသွားတဲ့အခါမှာ အခုဆိုရင် ၂၃.၅ ဒီဂရီကို ရောက်နေပြီ။ ဒီလိုရောက်တဲ့ ဒီဂရီတိုင်းမှာ သူ့ပုံမှန်ရာသီဥတု ပြောင်းလဲမှုတွေက ရှိနေပါတယ်။ ဒါပေမဲ့ အခုအခြေအနေက ရောက်တဲ့ ဒီဂရီထက် ရာသီဥတုပြောင်းလဲမှုက ပိုပြီး မြန်နေပါတယ်။ ဆိုလိုတာက တောင်ဝင်ရိုးစွန်းမှာ ရှိတဲ့ အတ္တလန္တိတ်ရေခဲပြင်နဲ့ မြောက်ဝင်ရိုးစွန်းမှာ ရှိတဲ့ အာတိတ်ရေခဲပြင်တို့ဟာ အလေးချိန်အပေါ့ပါးဆုံး ဖြစ်လာပြီး နှစ်ဖက်မျှတမှု မရှိဘဲ ရွေ့သွားမယ်။ ရွေ့သွားတာနဲ့ အနည်းနဲ့အများ မျှခြေကို ထိန်းထားတဲ့ အရာတွေ အပြောင်းအလဲဖြစ်ပြီး မကြံစဖူး ရာသီဥတုနဲ့ သဘာဝဘေးတွေ ဖြစ်လာဖို့ ရှိတယ်။ "လို့ တွက်ချက် ပြောကြားသွားပါတယ်။

တလောတုန်းက ၂ဝ၁၂ မှာ ကမ္ဘာပျက်မလား ဆိုတဲ့ ခေါင်းစဉ်နဲ့ ဘလော့ဂါတွေ အသိုင်းအဝိုင်းမှာရော၊ တခြားသော မီဒီယာမျိုးစုံမှာပါ ဂယက်ရိုက်ခဲ့ပါတယ်။ ဘာသာရေးရှုထောင့်က ဆွေးနွေးသူတွေ၊ သိပ္ပံအယူဆနဲ့ ဖြေရှင်းသူတွေ၊ မာယာလူမျိုးတွေဘက်က အခမဲ့ရှေ့နေလိုက်ပြီး ၂ဝ၁၂ မှာ ပွဲသိမ်းဖို့ ပြင်ဆင်နေသူတွေနဲ့ တော်တော်လေး ရှုပ်ယှက်ခတ်စည်ကားခဲ့တာ တွေ့ရပါတယ်။ ဘာရယ်မဟုတ်ဘဲ ၂ဝ၁၂ ရုပ်ရှင်တောင် အတော် အောင်မြင်နေတယ်လို့လည်း ကြားရပါတယ်။ ဖြေရှင်းချက်တွေ၊ အယူအဆ အကိုးအကားတွေ လိုက်ဖတ်ရင်း ၂ဝ၁၂ အတွက် ယတိပြတ် မျှော်လင့်ထားတဲ့ အရာတစ်ခုကို တွေ့ရှိခဲ့ပါတယ်။

တခြားတော့ မဟုတ်ပါဘူး။ ၂ဝ၁၂ မှာ ၊ ၂ဝ၁၂ နောက်ပိုင်းမှာ ကမ္ဘာကြီးဟာ ကျွန်တော်တို့ လူသားတွေနဲ့ တခြားသော သက်ရှိ၊ သက်မဲ့မျိုးစုံတွေအတွက် နေလို့ထိုင်လို့ကောင်းမယ့် နေရာဒေသတစ်ခု၊ လုံခြုံစိတ်ချရတဲ့ အသိုက်အမြုံတစ်ခု အဖြစ် ရှိနေဦးမယ်လို့ လုံးဝ မမျှော်လင့်တော့တာပါပဲ။ အခုဒီပို့စ်ကို ရေးသားနေချိန်မှာ အပြင်က စိမ်းလန်းလှပနေတဲ့ သစ်ပင်လေးတွေ သူတို့သက်တမ်း ဘယ်လောက် ရှည်ရှည်နဲ့ ဟောဒီကမ္ဘာကြီးအတွက် အလုပ်အကျွေး ပြုသွားဦးမှာလဲ...မျက်ရည်စက်လက်နဲ့ သစ်ပင်လေးတွက လူသားတွေရဲ့ နောက်ဆုံးနေ့ကို မြင်တွေ့နိုင်ပါဦးမလား..။ သူ့ထက်မိုက်တဲ့ လူသားတွေကတော့ ကိုယ့်သေတွင်း ကိုယ်တူးရင်း ၂ဝ၁၂ ကို စောင့်မျှော်နေလေရဲ့။

9 comments:

မြစ်ကျိုးအင်း said...

တကယ်တော့ သဘာဝ ပါတ်ဝန်းကျင်ထိန်းသိမ်းရေးတွေကို စုပေါင်းပြီးဖြစ်စေ တနိင်တပိုင်ဖြစ်စေ လုပ်ကြရမှာပါ...။ အားလုံးတက်ညီလက်ညီ နဲ့ နိင်တဲ့ဘက်
ကလုပ်ကြမယ်ဆို တော်တော်ကောင်းပါလိမ့်မယ်။

မဆုမွန် said...

အင်း အဆိုးဆုံးက ကမ္ဘာကြီးက အလိုလိုမှအတွင်း လွိုက် ပူလောင်နေရာတဲ့အထဲ အပေါ်ကနေလဲ မီးမြိုက်နေကြတာကိုး..တကယ်တော့ ကမ္ဘာကြီးကို ဖျက်တာ ကမ္ဘာသူ ကမ္ဘာသားတွေပဲ အယောက်ရှိတိုင်းက ကိုယ်နဲ့ မဆိုင်ဘူး ကိုယ်လုပ်လိုက်တာလေးတွေက ပလက်စတစ်တွေ ကြွပ်ကြွပ်အိတ်တွေ..သစ်တောပြုန်းတီးတာတွေ ကာဗွန်ထုတ်တာတွေ .. မဖြစ်နိုင်ဘူး ထင်ပြီး ကမ္ဘာကြီးကို ၀ိုင်းဖျက်ခဲ့ကြတာလေ အခုမှတော့ ဘွာခတ်လို့မရတော့ဘူး.

အောင်ဒီကန် said...

ဟင် !?

flowerpoem said...

၂၀၁၂ မှာ အဲလိုဖြစ်မယ်ဆိုတာ တကယ်ကြီးလား . . စိတ်ညစ်စရာကြီး :)

YoungGun said...

တဖြည်းဖြည်းနဲ့ သိသိသာသာရော၊ မသိမသာရော ရာသီဥတုတွေ ဖောက်ပြန်ပျက်စီးကုန်တာ လက်တွေ့ပါပဲ။ ၂ဝ၁၂ မှာ ပြင်ပက ဂြိုဟ်ကြီးဝင်ဆောင့်လို့ အကုန်ကိစ္စချောကုန်တာမျိုး မဟုတ်ပေမယ့် ရာသီဥတုဆိုးရွားလွန်းလို့ တဖြည်းဖြည်း ထန်းလျက်ခွေးလျက်သလို လုံးပါးတော့ ပါးကုန်ကြမှာပါပဲ။

Ablazeseraph said...

ှုI don't agree about earth in 2012.

ကိုအောင်(ပျူနိုင်ငံ) said...

2012 မှာ ကမ္ဘာမပျက်ဘဲနဲ့ နေပြည်တော် ပျက်ပါစေး)။

Welcome said...

2012 ရုပ်ရှင်ကြည့်ပြီးကတည်းက လူကခပ်လန့်လန့်ဖြစ်နေတာ၊ ခုတော့ ပိုလန့်ပြီ ..

ရွှန်းမီ said...

နေအဖွဲ့အစည်းထဲက ဂြိုဟ်တွေအားလုံး တစ်တန်းထဲကျချိန်မှာ ဘာဖြစ်မယ်မသိပေမယ့် ဘယ်ဂြိုဟ်က မျဉ်းဖြောင့်ကနေ အရင်ဆုံးပြန်လွတ်မှာလဲဟင်.. မာကျူရီပဲလား