Wednesday, November 18, 2009

အရွတ် ကြိုက်သူများသို့

ကံမကောင်းလို့ ဒီလိုအခက်အခဲတွေ တွေ့ရတာကို မန္တန်ရွတ်ပြီး ဖြေရှင်းမယ်ဆိုရင် ကံကိုပစ်ပယ်ရာ မကျဘူးလား။ ကံကို မေ့ထားပြီး ဇွတ်အတင်း မန္တန်တွေကိုသာ ရွတ်နေရင် ကံကို မန္တန်ကကျော်လွန်နိုင်ပါ့မလား ဆိုတာ စဉ်းစားသင့်တယ်။

တလောကတုန်းက သူငယ်ချင်းတစ်ယောက်ဆီကနေ ဆရာမောင်ကျောက်တိုင်ရဲ့ မန္တန်ပညာဆွေးနွေးခန်း စာအုပ် လက်ဆောင်ရတယ်။ လွန်ခဲ့တဲ့ ငါးနှစ်လောက်ကလည်း ကျွန်တော့်ဆီမှာ ဆရာမောင်ကျောက်တိုင်ပဲ ရေးသားတဲ့ မန္တန်ပညာ စာအုပ် ရှိခဲ့ဖူးတယ်။ ဆရာကြီးရေးသားတဲ့ ဒီစာအုပ်တွေဟာ ဘယ်ဂါထာ၊ ဘယ်မန္တန်ကို ရွတ်ရင် ဘာရမယ်၊ ဘာဖြစ်မယ် ဆိုတဲ့ မျှော်လင့်ချက်ပေးထားတဲ့၊ ဟုတ်သော်ရှိ၊ မဟုတ်သော်ရှိ စာအုပ်မျိုး မဟုတ်ပါဘူး။ မန္တန်ပညာရဲ့ နောက်ခံသမိုင်း၊ အက္ခရာတွေရဲ့ စွမ်းအား၊ ဗီဇအသံ စတဲ့ နက်ရှိုင်းကျယ်ပြောလွန်းတဲ့ ဂန္ဓာရီပညာကို အလင်းတစ်စ ထွန်းညှိပြထားတဲ့ စာအုပ်တွေပဲ ဖြစ်ပါတယ်။

ဒီစာအုပ်ထဲက ဆရာမောင်ကျောက်တိုင်နဲ့ သူ့မိတ်ဆွေတစ်ဦး အမေးအဖြေ လုပ်ထားတဲ့ အခန်းက တချို့ကို ပြန်တင်ပြချင်ပါတယ်။ ဆွေးနွေးခန်းစာအုပ်မှာ ပါဝင်ခဲ့တဲ့ သူ့မိတ်ဆွေတွေထဲမှာ ဆရာကြီးမင်းသိင်္ခနဲ့ ဆရာသက်လုံတို့လို ပုဂ္ဂိုလ်တွေ ပါဝင်ခဲ့သလို၊ ဒေါက်တာတွေ၊ တရားရုံးချုပ်ရှေ့နေတွေ၊ စာရေးဆရာ၊ ပန်းချီဆရာနဲ့ ဗေဒင်ဆရာတွေလည်း ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

မိတ်ဆွေ- မန္တန်ပညာဆောင်းပါးမှာ မန္တန်ရွတ်လို့ အကျိုးခံစားရသူ ရှိသလို၊ မန္တန်ရွတ်သော်လည်း အကျိုးမခံစားရသူတွေလည်း ရှိတယ်လို့ ဆိုပါတယ်။ ဒီလို မန္တန်အကျိုးကို မခံစားရတာ ဘာ့ကြောင့်ပါလဲ။

ဖြေ- မန္တန်အကျိုးခံစားရမှုနဲ့ မခံစားရမှုဟာ အလွန်ကျယ်ဝန်းလှပါတယ်။ အတော်လည်း နူးညံ့သိမ်မွေ့တဲ့ ပြသာနာ ဖြစ်ပါတယ်။ မန္တန်တွေက စွမ်းတာ များပါတယ်။ မစွမ်းတဲ့ မန္တန်မရှိဘူးလို့ ထင်ပါတယ်။ ဒါပေမယ့် လွယ်လွယ်တော့ ပြောလို့၊ ဆုံးဖြတ်လို့ မရဘူး။ ဒီတော့ မန္တန်ရယ်၊ မန္တန်ရွတ်တဲ့သူရယ်လို့ ပိုင်းခြားစိတ်ဖြာကြည့်ရင် ပိုကောင်းမယ်။ ဒီတခါမှာတော့ ရွတ်ဆိုတဲ့သူရဲ့ ကဏ္ဍကို ဆွေးနွေးတာပေါ့။

ရွတ်ဆိုမယ့်သူနဲ့ ပက်သက်လို့လည်း ပြောစရာ အများကြီးပါပဲ။ လောလောဆယ် လူအများတွေ့ကြုံနေရတဲ့အရာကို ပထမဆုံးပြောချင်ပါတယ်။ လူတွေဟာ အခက်အခဲလေး ရှိပြီ။ ဒုက္ခလေးတွေ့ပြီဆိုရင် မန္တန်ကို အားကိုးလာကြတယ်။ အခက်အခဲတွေ၊ ပြသာနာတွေ၊ မပြေလည်မှုတွေဟာ လူ့ပြည်မှာ တွေ့ရတာ ဓမ္မတာပါပဲ။ ကံမကောင်းလို့ ဒီလိုအခက်အခဲတွေ တွေ့ရတာကို မန္တန်ရွတ်ပြီး ဖြေရှင်းမယ်ဆိုရင် ကံကိုပစ်ပယ်ရာ မကျဘူးလား။ ကံကို မေ့ထားပြီး ဇွတ်အတင်း မန္တန်တွေကိုသာ ရွတ်နေရင် ကံကို မန္တန်ကကျော်လွန်နိုင်ပါ့မလား ဆိုတာ စဉ်းစားသင့်တယ်။

ကံကို မယုံကြည်တော့တဲ့အဆင့်ကို ရောက်သွားမှာ စိုးရတယ်။ ရှေးဘဝက အကုသိုလ်များလို့ ဒီဘဝမှာ ဒုက္ခတွေ တွေ့နေရတာကို မန္တန်ရွတ်လို့ ချမ်းသာပါ့မလား။ ကံတရားနဲ့ မန္တန် အစွမ်း အစွန်းတစ်ဖက်စီ မရောက်စေဘဲ မျှမျှတတ ယူတတ်ဖို့ လိုပါတယ်။ ဒီတော့ ကံဆိုး၊ ကံကောင်း နှစ်မျိုးတည်း ခွဲခြားသိနေတလောက်နဲ့တော့ မလုံလောက်သေးဘူး။ ကံတရား အကျိုးပေးပုံ၊ ကံကောင်းတာနဲ့ ကံဆိုးတာတို့ရဲ့ အချင်းချင်းတုံ့ပြန်မှု၊ အားပြိုင်မှု စတဲ့အချက်တွေကိုပါ ထည့်သွင်းစဉ်းစားတတ်ဖို့ လိုပါတယ်။ ကံစွမ်းအင်၊ မန္တန်စွမ်းအင်တွေ အပါအဝင် စွမ်းအင်ဟူသမျှဟာ ကန့်သတ်ချက်တွေ ရှိနေပါတယ်။

စာအုပ်က ဆောင်းပါးအမေးအဖြေတိုင်းဟာ ဘာသာရေးရှုထောင့်၊ ဂန္နာရီပညာရှုထောင့်၊ သိပ္ပံပညာ ရှုထောင့်တွေ အသီးသီးနဲ့ အင်မတန်စိတ်ဝင်စားစရာ ကောင်းပါတယ်။ ဒီစာအုပ်ရဲ့ အသွားအလာကို စာမြည်းသဘောလဲ တင်ပြချင်တာရယ်၊ တချို့တွေက ကျွန်တော်၊ ကျွန်မကတော့ဖြင့် တစ်နေ့ကို သမ္ဗုဒ္ဓေ ခေါက်ရေ တစ်ထောင်လောက် ရွတ်တာ၊ ပဋ္ဌာန်းကို သက်စေ့ရွတ်နေတာ အစရှိသဖြင့် စရဏအကျင့်တွေ အားကောင်းကြောင်း ပြောနေပြီး တကယ်တမ်း ရွတ်ဆိုလိုက်တဲ့ အသံ၊ ဂါထာ၊ အက္ခရာတွေရဲ့ အစွမ်းသတ္တိကို ပြည့်ပြည့်ဝဝရော ရကြလား၊ ဖြစ်လာကြသလား ဆိုတာ မေးခွန်းမထုတ်ဖြစ်၊ မထုတ်ဝံ့တဲ့သူတွေအတွက် စဉ်းစားစရာလေး ချပေးလိုက်တာပါ။

ရွှေပါရမီတောရ ဆရာတော် အရှင်ဆန္နာဓိကကတော့ အရွတ်ဟာ အသားလောက် မကောင်းပါဘူး လို့ မှတ်ချက်ပေးခဲ့ဖူးပါတယ်။ အရွတ်ချည်းပဲ အားကိုးနေလို့ ငုတ်တုတ်ကနေ မတ်တပ်ဖြစ်မလာနိုင်သလို၊ အရွတ်ဆိုတာ မရှိခဲ့ရင်လည်း ငါးရံ့မင်းပရိတ်တော်ကို သစ္စာဓိဌာန်ပြု ရွတ်ဖတ်ပြီး လူသတ္တဝါတွေရဲ့ မိုးခေါင်ရေရှားဒဏ်ကို စွမ်းစွမ်းတမံ ကာကွယ်ရင်း မိုးကြီးရွာလို့ ချမ်းသာစေခဲ့တဲ့ သမိုင်းလည်း ရှိခဲ့မှာ မဟုတ်ပါဘူးလို့။

3 comments:

မြစ်ကျိုးအင်း said...

ကျနော်က ဂမ္ဘီရ မဂ္ဂဇင်းတွေဖတ်တော့ ရွတ်တဲ့အကျိုးကြောင့် အကျိုးကျေးဇူး ဖြစ်တာတွေ မကြာမကြာဖတ်ရတယ်။ တကယ်တော့ ရွတ်တဲ့သူကိုယ်တိုင်လည်း လေးလေးနက်နက်ယုံကြည်နေဖို့လိုသလို ငါးပါးသီလ လည်း လုံရင် ပို အစွမ်းထက်မယ်ထင်ပါတယ်။

Anonymous said...

လူ့ဘ၀ကြီး ကောင်းတာလည်းရှိသလို မကောင်းတာလည်း ကြုံ ရ ဦးမှာ မို့  ခါးစည်းကြိတ်မှတ်ပြီး ရင့်ကျက် နိုင် ဖို့ ကို ပိုပြီး ကြိုးစား နေမိတယ် ... ဂါထာမန္တန် ကို ( မယုံကြည်တာမဟုတ်ပါ) ဒီရောက်ပြီးမှ တခါတလေ ဘဲ ရွတ် ဖြစ်တယ် .... ကောင်းတာ ချည်း ဘဲ ရ ချင် လို့ တော့
မဖြစ်နိုင်ဖူး ဟုတ် !!

mie nge

အိမ် said...

ကျနော်ထင်တာပေါ့လေ .... ရွတ်တဲ့သူပေါ် မူတည်တယ် ထင်တာပဲ၊ လူအတော်များများက ခုလတ်ထိမှ အမိတကြတာများတယ် မဟုတ်လား .... ဒီတော့ မစွမ်းတာလဲ မပြောနဲ့ ..