Tuesday, December 1, 2009

ဆန်း ဆိုမှ ဆန်း

ဆန်းကျမ်းဗေဒင်ဟာ ဘယ်အသက်ရောက်ရင် ဘာဖြစ်မယ် ဆိုတဲ့၊ ဘယ်ဖွားမို့ ဘာဆိုတဲ့ ပုံသေပညာ မဟုတ်ပါဘူး။

တခြားနိုင်ငံတွေက ဗေဒင်တွေတော့ မသိဘူး။ မြန်မာ့ရိုးရာဗေဒင်ပညာတွေထဲက ဆန်းကျမ်းဗေဒင်ပညာမှာတော့ ပရလောကနဲ့ ပက်သက်တဲ့ ဟောကွက်တွေ ရှိနေတာ တွေ့ရပါတယ်။ မဟာဘုတ်ပညာကို ထဲထဲဝင်ဝင် လေ့လာလိုက်စားလို့ မဆုံးနိုင်တဲ့ ဆရာဝေသာလီမောင်ဖုန်းကတော့ နာမည်အဖျားလုံးက မရဏဂြိုဟ်နဲ့ ကပ်ငြိလာတဲ့အခါ ကာယကံရှင်ဟာ သရဲ၊ သဘက်၊ တစ္ဆေလို ပရလောကသားတွေနဲ့ ပက်သက်ရပြီး အခြောက်အလှန့်လည်း ခံရတတ်တယ်လို့ သင်ပြဖူးပါတယ်။

ဆန်းကျမ်းဗေဒင်ပညာမှာတော့ အောက်လမ်းနဲ့ အတိုက်ခံရမယ်၊ အိမ်နားမှာ ခေါင်းစွဲ၊ ဝမ်းတွင်းစုန်း ရှိမယ်။ အောက်လမ်းဆရာ ရှိမယ်။ မိုးကြိုးပစ်ချမယ်။ ..အစရှိတဲ့ သြချလောက်တဲ့ ဟောကိန်းတွေ ရှိတယ်လို့ မှတ်သားဖူးပါတယ်။ ဒီအထဲမှာမှ ... သရဲ၊ သဘက်၊ ဘီလူး၊ ရုက္ခစိုး၊ နတ်တိုက်စုန်းတိုက်တွေနဲ့ ရင်ဆိုင်ရမယ်ဆိုတဲ့ ဟောကွက်မျိုးကတော့ ဒီလို အိုင်တီခေတ်ကြီးနဲ့ ဆီလျော်တာ မလျော်တာ အပထား၊ ချစ်စရာကောင်းသလို ကြောက်စရာလည်း ကောင်းတဲ့အတွက် တစ်ဆင့် ပြန်လည်ဖောက်သည်ချလိုက်ရပါတယ်။ ဆန်းကျမ်းဗေဒင်ကို နားလည်သူတွေက ဒီဥပဒေသတွေက ဘာဆိုတာ တန်းခနဲ သဘောပေါက်သွားမှာပါ။

၆+၈ သောကြာဂြိုဟ်ကို ရာဟုကပ်ပြီး ဆန်းကျင်ရင် သရဲဖမ်းစားမယ်။ ညနေဘက်မေးရင် သရဲဖမ်းစားလို့ နာမကျန်းသူ သေတတ်တယ်။

၆+၅ သောကြာကို ဆန်းကျင် ကြာသပတေးကပ်ရင် သဘက်ဖမ်းစားမယ်။ ၅+၄ ကြာသပတေးကို ဗုဒ္ဓဟူးကပ်ပြီး ဆန်းကျင်ရင် ဘီလူးဖမ်းစားမယ်။ မြေဖုတ်ဘီလူးရှိတယ်။

၎+၃ ဗုဒ္ဓဟူးကို အင်္ဂါကပ်ပြီး အကပ်ဂြိုဟ်ညံ့၊ ဆန်းကျင်ရင် ရုက္ခစိုး ဖမ်းစားတယ်။ ဝ+၃ စနေကို အင်္ဂါကပ်၊ အကပ်ဂြိုဟ်ညံ့ပြီး ဆန်းကျင်ရင် စုန်းတိုက်၊ နတ်တိုက်၊ အစိမ်းတိုက် ခံရမယ်။

ကဲ..ဘယ်နှယ့်ရှိစ..။ မြန်မာတွေရဲ့ ပညာမှာ ဒီလိုဟောကွက်တွေအပြင်၊ ကလေးအသေမွေး၊ လူခြောက်မွေး၊ အမွှာမွေး မလား .. ဆိုတဲ့ ဟောကွက်မျိုးတွေလည်း အံ့ဘနန်း ကျန်ပါသေးတယ်။ ဆန်းကျမ်းဗေဒင်ဟာ ဘယ်အသက်ရောက်ရင် ဘာဖြစ်မယ် ဆိုတဲ့၊ ဘယ်ဖွားမို့ ဘာဆိုတဲ့ ပုံသေပညာ မဟုတ်ပါဘူး။ အမြဲတမ်း လှုပ်ရှားရှင်သန်နေတဲ့ ပညာသာ ဖြစ်ပါတယ်။ ဇာတာရှင် ဗေဒင်မေးသူရဲ့ စကားအပြောအဆို၊ ကိုယ်အမူအရာ၊ အစချီတဲ့ ဟန်ပန်အသံတွေကိုလည်း တွက်ကိန်းသင်္ချာတွေထဲက ရှာမတွေ့နိုင်တဲ့ ရိပ်ဖမ်း၊ သံဖမ်းဆိုတဲ့ ဟောနည်းနဲ့ ဟောချသွားပါလိမ့်မယ်။ တကယ်တတ်လို့ တကယ်တော်၊ တကယ်တော်လို့ သွေးထွက်အောင် တိကျမှန်ကန်ခဲ့တဲ့ ဆန်းကျမ်းဗေဒင်ပညာရှင်များအား ဂါရဝတရားဖြင့်...။

8 comments:

မြစ်ကျိုးအင်း said...

တကယ်ကောင်းတဲ့ပညာရပ်တွေကိုတော့ မတိမ်မြုပ် သွားစေချင်ဘူးဗျာ
မြန်မာဆိုတာ ကိုယ့်စာ ကိုယ့်စကား ကိုယ့်ပညာ နဲ့လူမျိုးပါပဲ။

မနန်း said...

ဆန်းကျမ်းဗေဒင်ပညာတွေကိုတော့ကြားဘူးပါတယ်
ခက်ခဲနက်နဲတဲ့အတွက် လိုက်မမှီပါ။

မေကျော် said...

ဆန်းဗေဒင်ကို ကြားဖူးတယ်... စိတ်လည်း ၀င်စားတယ်.....

Anonymous said...

ဗေဒင်မေးချိန်ဟာ အင်္ဂါအခါ၊ သောကြာအခါနဲ့ တိုက်ဆိုင်မယ်ဆိုရင်
အဲဒီလို ပယောဂဆန်ဆန်ဟောကိန်းမျိုးတွေက ပိုပြီးအသက်ဝင် တိုက်ဆိုင်လာလိမ့်မယ်။
မည်သို့ ပင်ဖြစ်စေပေါ့ဗျာ . . .
ကာလ၊ ဒေသ ပုဂ္ဂလကို ၊ မှတ်ရစ်ပုံသေ မရှိစေနှင့် ဆိုတဲ့ မူကို ဗေဒင်ပညာရှင်မှန်ရင် လက်မလွှတ်ကြပါဘူးခင်ဗျာ။
ဟဲ . . . ဟဲ . . . ဘာရယ်ဟုတ်ပါဝူး၊
လူရှိန်အောင် ၀င်ဖောကြည့်တာပါ။

YoungGun said...

ကိုယ့်လူကြည့်ရတာ ဆရာဦးမောင်မောင်ကြည်ရဲ့ သေသဝိဇ္ဇာစာအုပ်ကို ကျေညက်ပုံပါပဲ။ ဒါမှမဟုတ် တခြားတနေရာရာကနေ သင်ယူထားသလား အောင့်မေ့ရပါတယ်။ ဒါပေမယ့် ကိုယ့်လူပြောသလို ကာလ၊ ဒေသ ပုဂ္ဂလကို ၊ မှတ်ရစ်ပုံသေ မရှိစေနှင့် ဆိုတဲ့ မူကိုတော့ ဒီခေတ် ဗေဒင်ဆရာအတော်များများပဲ ရူးချင်ယောင်ဆောင်နေကြတာ ကြာပြီ ထင်ပါတယ်။

Anonymous said...

ဟုတ်ပါတယ်...ဟုတ်ပါတယ်..(ဘာရယ်ညာရယ်မဟုတ်ဘူး... အဟီး)

Anonymous said...

ဖတ်ထည့်လိုက်တာ ဆန်ကြမ်းတဲ့.. အဟိ.. မျက်စေ့ထဲ၊ ငကျွဲတို့၊ ဧည့်မထတို့ပဲ တန်းမြင်သွားတယ်ဗျ.. သေချာဖတ်တော့မှ ဆန်းကျမ်းဆိုတာ သိတယ် အဟိဟိ။

Anonymous said...

ဆန်းဗေဒင်ဆိုတာ စမ်းတ၀ါးဝါးဟောတာကိုခေါ်တာ။ဆန်းဗေဒင်အကြောင်းဆွေးနွေးချင်၇င်ဒီaccount ကို invite လုပ်လို့၊ကျွန်တော့်ဆရာဦးမောင်မောင်ကြည်ကလွဲလို့အားလုံးကိုဖိတ်ခေါ်တယ်။
မူအကြောင်းပြောမလား၊ဆရာတွေအကြောင်းပြောမလား၊ကြိုက်တာပြောနိုင်တယ်.
minhtetkhan@gmail.com
My nickname is K.