Monday, December 7, 2009

ဟိုဟိုဒီဒီ ဗေဒင်အကြောင်း(၁)

ကိုယ်ကြုံဖူးသမျှ ကိုယ်ဖြတ်သန်းဖူးသမျှ ဗေဒင်အကြောင်း ဟိုဟိုဒီဒီ စိတ်ကူးတည့်ရာ လျှောက်ရေးဖြစ်ပါတယ်။ ဘာရယ် မဟုတ်တဲ့ မှတ်တမ်းလေးလည်း ဖြစ်နိုင်ပါတယ်။

သေအောင် မှန်တဲ့ ဆရာ

စိတ်မကောင်းဘူး။ ဒီနှစ်ထဲ သေတော့မယ့် လူနာ သုံးယောက်ကို ဗေဒင်ကြည့်လိုက်ရတယ်။ ရယ်လဲရယ်ရတယ်..သေအောင် မှန်တဲ့ ဗေဒင်ဆရာတဲ့။ ငိုလဲ ငိုရတယ်။ နောင်ဆို လူနာရှိရင် မမေးရဲဘူးတဲ့။ ဟီးဟီး.. ကျွန်တော် ရမ်းတုတ်လိုက်တာပါဗျာ။ ဒီလောက် မတော်ပါဘူးလို့ မချိသွားဖြဲလေး ပြုံးပြလိုက်ရတယ်။ ဟုတ်တယ်။ ဗေဒင်လိုက်စားသူတွေက ကိုယ်ဟောတာ မှန်ရင် ပျော်တတ်၊ ဂုဏ်ယူတတ်လေ့ ရှိပေမယ့် ဒါမျိုးသွားမှန်တာကျတော့ ပျော်လို့ ဆိုပြီး ထကလို့ မရပါဘူး။ ဖနောင့်နဲ့တောင် အပေါက်ခံရနိုင်ပါတယ်။

အာဝဇ္ဇန်းလေးလည်း လိုတယ်

နယ်မှာ တော်တော်များများ ကြုံဖူးတယ်။ ညီလေးကကွာ ဟောတာတွေတော့ မဆိုးဘူး နီးစပ်တယ် ဒါပေမယ့် ဘာကို အားမလို အားမရမှန်းကို မသိဘူး။ ဟောကိန်းက ဒီလောက်ပဲလား။ မြင်တာလေးတွေ ထပ်ဟောပါဦးတဲ့..။ နောက်ပြီး ..ကျန်သေးတယ်..။ မောင်လေးကကွယ်.. ဟောတာ မှန်တော့ မှန်ပါတယ် ဒါပေမယ့် အာဝဇ္ဇန်းလေး ရွှင်မှ၊ အာဘောင်အာရင်းလေး သန်သန်နဲ့ ရွှန်းရွှန်းဝေအောင် ဟောပြမှ လူတွေ စိတ်ကျေနပ်မှာပေါ့တဲ့။ အော်..ကိုယ့်နှယ် ဗေဒင်ဟောပါတယ် ဆိုမှ။ ဇာတ်ကပြရမလို ဖြစ်နေပြီ။ သံရှည်သံနက်လေးနဲ့ .. အမယ်မင်းဟင်းဟင်..လို့ ဟောပြောရမလို ... ။ တချို့ ဆရာတွေတော့ မြင်ဖူးတယ်။ အာကောင်းလိုက်တာမှ .. ဇာတ်တိုက်နေတာလား ဗေဒင်ဟောနေတာလားလို့ မေးရမလိုလို ဗေဒင်မေးသူကလည်း ပါးစပ်လေး အဟောင်းသားနဲ့ လက်အုပ်ကလေး တောင် ချီလို့.။ ဟောတတ်ကြပါပေတယ်လို့ မုဒိတာပွားရုံ မှတပါး အခြား မတတ်နိုင်။

လုပ်ပါဦး အဆောင်လေးတစ်ခုလောက်

ခက်တာက ကိုယ့်ဆီ ဗေဒင်လာမေးရင် အဆောင်ယတြာလေးက လိုချင်တဲ့သူက ရှိသေး။ ကိုယ်ကလည်း အဆောင်ပလောင်ဆိုရင် နည်းနည်းမှ ကြည့်ရတာ မဟုတ်ဘူး။ အထူးသဖြင့် ကိုယ့်အိတ်ကပ်ထဲမှာ။ လက်မောင်းမှာ။ လည်ပတ်..အဲလေ လည်ပင်းမှာ ဆွဲထားရမယ့် အဆောင်တွေဆို ပိုအမြင်ကပ်သေး။ ငယ်ငယ်က ဖတ်ဖူးတဲ့ ဗိုလ်တာရာရဲ့ ပါရမီစခန်း ပညာလမ်း စာအုပ်ထဲမှာ ဓမ္မဝိဇ္ဇာကြီး အဖေရှင်က နောင်တစ်ချိန် ဝိဇ္ဇာဖြစ်လာမယ့် ဦးသာနွဲ့ ခေါ် အဖေနွဲ့ကို ဆောင်သိဒ္ဓိတွေကို မမက်ပါနဲ့.. အောင်သိဒ္ဓိကိုသာ ရအောင် ကြိုးစားပါ ဆိုတဲ့ အမှာစကား ကိုယ့်နားထဲ စွဲနစ်နေလို့။

မယုံဘူးဆိုတာ...

မယုံဘူး ဆိုတာ မကြုံဖူးသေးလို့ပါ ဆိုတဲ့ ဆောင်ပုဒ်နဲ့ ဗေဒင်လက္ခဏာ ဆရာတစ်ဦး မွေးရပ်မြေမှာ နာမည်ကြီးဖူးပါတယ်။ နာမည်လည်း ကြီးလာရော .. ထုံးစံအတိုင်း ငွေတောင်း ပက်စက်တာ၊ ဂွင်ရိုက်တာတွေ လုပ်လာပါတယ်။ ဒါ့ကြောင့် ညဖက် သူငယ်ချင်းတွေ စက်ဘီးစီးရင်း အဲဒီဆရာအိမ်နားရောက်ရင် မယုံဘူးဆိုတာ မကုန်ဘူးသေးလို့ပါ..ဆိုပြီး သံပြိုင် အော်ပြီး နင်းပြေးကြတယ်။ အဲဒီဆရာဆိုတာ ဒေါသထွက်လိုက်တာမှ အင်းနဲ့တိုက်မယ်။ ဓာတ်ရိုက်ပစ်မယ် ကျိန်းလိုက်တာများ။ မကြာပါဘူး။ ဆောင်ပုဒ်လှလှနဲ့ အဲဒီဆရာလည်း နောက်ပိုင်း ယတြာကြေး နင့်နေအောင် တောင်းတဲ့အပြင် ဗေဒင်လာမေးတဲ့ မိန်းမတွေကိုပါ ထိကပါး ရိကပါးလုပ်လာလို့ နာမည်ပျက်ပြီး မြို့ပါပြောင်းသွားရရှာတယ်။ အင်း.မယုံဘူးဆိုတာ မကုန်ဘူးသေးလို့ပါ ဆိုတာ မသိတဲ့လူတွေကတော့ ဆက်ကုန်ဦးမှာပါ။

5 comments:

flowerpoem said...

ဟား၂ မယုံဘူးဆိုတာ မကုန်သေးလို့ပါ ဟုတ်လား ကိုYoungGun မှတ်သားစရာပဲ

Anonymous said...

သေခြင်းတရားဆိုတာ ကြိုမြင်နိုင်တာမှ မဟုတ်တာ၊
သေမယ့်သူက ဘာနဲ့ တားတားသေမှာဖြစ်သလို သေချိန်မရောက်သူကိုလည်း ဘာနဲ့ လုပ်လုပ် သေဦးမှာမဟုတ်ဖူးလေ။ ဗေဒင်ဆိုတာ ခန့် မှန်းတွက်စစ်ရတဲ့ပညာဆိုတော့ ရာနှုန်းပြည့်မမှန်နိုင်ပါဘူး၊ သေကိန်းတွေ့ ရင်တောင် သေခြင်မှသေမှာဆိုတော့ ကံသိတ်ညံ့တယ်သတိထားပါလို့ ဖေါ့ပြောပေါ့ဗျာ၊ ဒါမှဖြေသူ မေးသူ စိတ်သက်သာရာ ရပေမပေါ့။
ဟီး. . . ဟီး၊ အကြံပေးတာပါ။

YoungGun said...

သေမယ်လို့ မဟောခဲ့ပါဘူးဗျို့၊ အဲလိုသာ ဟောမိရင် ကိုယ့်အရင်လာ ထုမှာ ကျိန်းသေတယ်။ ကျန်းမာရေး တော်တော့ကို ညံ့တယ်ဗျာ လို့ပဲ ဟောခဲ့တာပါ။ ကာယကံရှင်တွေဘက်က သေအောင်မှန်တဲ့ ငနာလို့ ပြန်ပြောလို့ ရေးတာပါဗျို့။ သေခြင်းတရားကို ဘယ်ပုထုဇဉ်မှ ကြိုမမြင်နိုင်ဘူးဆိုတာ ဟုတ်နိုင်ပါတယ်။

မောင်ဘိုတောက် said...

ကုန်တာတောင် မယုံသေးတဲ့သူတွေလည်း တွေ့ဖူးတယ်ဗျို့ .. . .

အိမ် said...

ဟားဟား ဒါပေမဲ့ တချို့တော့ ယုံနေဆဲဗျ၊ ဘာတဲ့... ယတြာကောင်းရင် မင်းလောင်းတောင် ပျောက်သတဲ့၊ ဟုတ်လား မဟုတ်လားဆိုတာတော့ စာပေကျမ်းဂန်တွေ ပြန်ရှာဖတ်မှပဲ သိတော့မယ်ဗျ။