Monday, December 14, 2009

ကဗျာရေးတဲ့ လက္ခဏာ

အထူးသဖြင့် စိမ်းလန်းသလောက် ငြိမ်းချမ်းတဲ့ ရပ်ဝန်းလေးတစ်ခုမှာ ကဗျာပန်းပုတွေကို နှလုံးသွေးနဲ့ ထုဆစ် ရွတ်ဆိုတော့မယ် ဘလော့ဂါတချို့ရဲ့ ကဗျာရွတ်ပွဲလေးကိုလည်း ကြိုတင်ဂုဏ်ပြုချင်တာကြောင့် အခုလို ရေးချလိုက်တာပါ။

ထိုသူ၏ လက္ခဏာသည် အရင်းတုတ်၍ အဖျားရှူး သွားသော ကတော့ချွန် လက်ဖဝါးပုံစံ ဖြစ်သည်။ လက်ဝါးပြင်ပေါ်ရှိ ဂြိုဟ်ခုံများ အားလုံး ပြည့်ဖြိုး ကောင်းမွန်လျက်ရှိသည်။ အထူးသဖြင့် ကြာသပတေးဂြိုဟ်ခုံပေါ်တွင် လေးထောင့်ကွက် သဏ္ဍာန်ရှိသည်။ ထို့အတူ သောကြာဂြိုဟ်ခုံသည်လည်း အထူးအားကောင်း ထင်ရှားသလို စင်ကြယ်နေသည်။ ထိုသောကြာဂြိုဟ်ခုံပေါ်တွင် တြိဂံအမှတ်အသား ရှိသည်။ ထိုသောကြာမှသည် ဗုဒ္ဓဟူးဂြိုဟ်ခုံပေါ်သို့ ထီးရိုးပေါက် လျက်ရှိသည်။ လက်သန်းသည်လည်း အထူးရှည်လျားအားကောင်း နေသည်။ အောင်မြင်ရေး လမ်းကြောင်းသည် အသက်လမ်းကြောင်း မှနေ၍ တနင်္ဂနွေဂြိုဟ်ခုံသို့ အစအဆုံးတိုင် တက်လျက်ရှိသည်။ အောင်မြင်ရေး လမ်းကြောင်း အဆုံးတွင်လည်း သုံးခွသဏ္ဍာန်ဖြင့် အဆုံးသတ်သည်။ စနေဂြိုဟ်ခုံမှာလည်း မြင့်မားအားကောင်းနေသည်။ တနင်္ဂနွေဂြိုဟ်ခုံ ကျယ်ဝန်း မို့မောက်သလို လက်သူကြွယ်ထိပ်သည် ပြန့်ကားလျက်ရှိသည်။

ကမ္ဘာ့သမိုင်းမှာ ကဗျာစာပေနဲ့ ပက်သက်လို့ ဒိတ်ဒိတ်ကြဲ ထင်ရှားခဲ့သလို မြန်မာနိုင်ငံက စာပေသမားတွေကလည်း အဲဒီကဗျာဆရာကြီးရဲ့ ကဗျာစာနုယဉ်တွေကို ဘာသာပြန်ဆိုပြီး အကြိမ်ကြိမ်ပုံနှိပ်လို့ အိုကေ စိုပြေခဲ့ကြဖူးပါတယ်။ သူကတော့ တခြား မဟုတ်ပါဘူး။ ကဗျာစာဆိုပုဂ္ဂိုလ်ကျော်ကြီး ရာဘင်ဒြာ နသ်တဂိုး ဖြစ်ပါတယ်။

၁၉၆၉ ခုနှစ်က ထုတ်ဝေခဲ့တဲ့ ထိပ်တန်းခေါင်းဆောင်ကြီးများ၏ လက္ခဏာဟောကိန်းကျမ်းကနေ ကောက်နုတ်တင်ပြတာ ဖြစ်ပါတယ်။ လက္ခဏာကို နက္ခတ်ဗေဒင်ပညာလောက် စိတ်မဝင်စားပေမယ့် မဆိုသလောက်တော့ စိတ်ပါတဲ့အတွက် တင်ပြလိုက်တာပါ။ အထူးသဖြင့် စိမ်းလန်းသလောက် ငြိမ်းချမ်းတဲ့ ရပ်ဝန်းလေးတစ်ခုမှာ ကဗျာပန်းပုတွေကို နှလုံးသွေးနဲ့ ထုဆစ် ရွတ်ဆိုတော့မယ် ဘလော့ဂါတချို့ရဲ့ ကဗျာရွတ်ပွဲလေးကိုလည်း ကြိုတင်ဂုဏ်ပြုချင်တာကြောင့် အခုလို ရေးချလိုက်တာပါ။ ကဗျာဆရာတွေလည်း ကိုယ့်လက်ကိုယ် ငုံ့ကြည့်လို့ အထက်ဖော်ပြခဲ့တဲ့ သင်္ကေတတွေ၊ လမ်းကြောင်းတွေ၊ ပုံစံတွေ ပါလို့ရှိရင် ဘာရယ်မဟုတ်ဘူး... ပြုံးစိစိလေးတော့ ဖြစ်မိမှာပေါ့။

ဒီလက္ခဏာအတွက် ကိုင်ရိုနိုင်မီနဲ့ ကိုင်ရိုမင်စီ နှစ်မျိုးစလုံးကို ရေးပေးထားပါတယ်။ ဘယ်ဂြိုဟ်ခုံ၊ ဘယ်လမ်းကြောင်းဆိုတာတော့ လူအတော်များများ ဝါသနာပါသူဆိုရင် သိကြမှာပါ။ အခက်အခဲ မရှိလောက်ဘူး ထင်ပါတယ်။ ရှိရင်လည်း ဟောဒီ လင့်ခ်မှာသာ သွားကြည့်ပါ။ အဲသမှာ အနီရောင်မြားတွေက ဘယ်ဂြိုဟ်ခုံဆိုတာ ရေးထားပြီး အပြာရောင်မြားတွေကတော့ လမ်းကြောင်းတွေကို ဖော်ပြထားပါတယ်ဗျား။

3 comments:

အိမ် said...

မသိသေးတာတွေ သိရှိသွားပါတယ်ဗျာ။ ဗဟုသုတပါပဲ။

Welcome said...

အမှန်ပဲ ဗဟုသုတရစေပါတယ်။

Anonymous said...

မျှဝေ ပေးတဲ့ အတွက် ကျေးဇူး တင်ပါတယ် ...

mie nge