Saturday, December 19, 2009

၂ဝ၁ဝ ဟောစာတမ်း

ဟောစာတမ်းတစ်ခုမှာ မကောင်းလို့၊ ဟောစာတမ်းတစ်ခုက ကောင်းတာလေးနဲ့ ချေလိုက်မယ် ဆိုတာကတော့ အရူးချေးပန်း ပြောတာပါပဲ။

လာပါတော့မယ်။ ဗေဒင်မှာ ပိုးအထဆုံးလို့ ဆိုလောက်တဲ့ မြန်မာနိုင်ငံနဲ့ ကမ္ဘာတလွှားမှာ ၂ဝ၁ဝ နှစ်သစ် ဟောစာတမ်းတွေ ပလူတွေ၊ ပိတုန်းတွေ၊ ပဒူတွေ ပျံသလို၊ ကြက်ပျံမကျ စည်ကားပွထလာပါတော့မယ်။ အဓိက မြင်ရမှာကတော့ ထုံးစံအတိုင်း ၁၂ ရာသီဖွား ဟောစာတမ်းတွေပါပဲ။ မြန်မာပြည်မှာကတော့ အခုထိ ဘတ်ဆဲလ်လားဖြစ်နေတဲ့ ဆရာစံဇာဏိဘိုကြီးရဲ့ ဟောစာတမ်းက ရိုးရာမပျက်ဘဲ ပေါ်ထွက်လာခဲ့ပါပြီ။ တခြားသော မဂ္ဂဇင်း၊ စာစောင်တွေ အသီးသီးမှာလည်း ၂ဝ၁ဝ အတွက် ရာသီဖွားဟောကိန်း၊ တရုတ် ၁၂ ကောင်ဟောကိန်းနဲ့ ဂဏန်းဗေဒင်ဟောစာတမ်းတွေ မိုးဦးကျ မှိုကြီးတွေလို ဖွေးဖွေးလှုပ်လောက်ပါပြီ။

ဗေဒင်ယုံသူတွေ အနေနဲ့ကတော့ အထွေအထူး ပြောစရာမလိုပါဘူး။ လာထား..လာထားဆိုပြီး ၂ဝ၁ဝ နဲ့ ပက်သက်တဲ့ ဟောစာတမ်းတွေ တစ်ခုပြီး တစ်ခု ဖတ်တော့မှာ ကျိန်းသေပါတယ်။ ဗေဒင်ကို မယုံ့တယုံ ဖြစ်နေသူကတော့ အင်း.. ဘယ်နည်းနဲ့ ဟောတာက မှန်မလဲ လို့ ဇဝေဇဝါ ဖြစ်နေမှာပါ။ လုံးဝ မယုံဘူးဟေ့ ဆိုသူတွေကတော့ သူများမသိခင်မှာ အသာလေးဥပြီး ဝယ်ယူဖတ်ရှု၊ ဒါမှမဟုတ် ငှားရမ်းဖတ်ရှုတော့မှာပါ။ အဲဒီမှာ အစာမကြေတာကတော့ ရာသီဖွားဟောစာတမ်းမှာ ဖြန်းဖြန်းထအောင် ကံကောင်းမယ်ဆိုသူက တရုတ် ၁၂ ကောင်ဟောကိန်းကျတော့ သုံးစားမရအောင် ညံ့နေတယ်ဆိုတဲ့ အချက်ပါပဲ။ တခါ ဂဏန်းဗေဒင်မှာ ခင်ဗျား ဒီနှစ် လက်ခမောင်းခတ်ပေတော့ လို့ ရေးထားပေမယ့် တခြားဟောကိန်းတစ်ခုမှာ အခေါင်းသာစပ်ထားပေတော့ ဆိုတဲ့ အသည်းယားဖွယ် ဟောကိန်းကို မြင်ရနိုင်ပါတယ်။


ရန်းဂန်းကလည်းကွာ... သူ့နည်းသူ့ဟန်နဲ့ မှန်မှာပါလို့ လာမလုံးချပါနဲ့။ နိုင်ငံတကာက လူသားသန်းပေါင်း ခြောက်ထောင်ကျော်အတွက် ၁၂ ရာသီထဲ အကောင် ၁၂ မျိုး သတ်မှတ်ပြီး ပစ်ထည့်ထားတဲ့ ဟောကိန်းက ဂျင်းသုပ်၊ လက်ဖက်သုပ်များ ဖြစ်နေမလား၊ ချို၊ ချဉ်၊ ငန်၊ စပ် အစုံရတဲ့ အသုပ်စုံ ဖြစ်နေမလားပဲ။ မတော်တဆ မှန်သွားတဲ့လူကလဲ တယ်မှန်တဲ့ ဟောစာတမ်းလို့ ချီးကျွေး..အဲ.. ချီးကျူးမှာ ဖြစ်သလို၊ တစ်လုံးမှ မမှန်သလို ခံစားရသူကလည်း ဖေတော့ မောင်တော့ ဆဲမိမှာပါပဲ။

ကဲ..ဒီတော့ တို့တွေ ဘယ်မှာ ဟောစာတမ်းဖတ်ရပါ့မလဲ။ ဟုတ်ကဲ..ဘယ်မှာမှ မဖတ်ပါနဲ့။ ဟောစာတမ်းလေးမှ မဖတ်ရလို့ မနေနိုင်၊ မထိုင်နိုင် ဖြစ်ရင် စိတ်အဆာပြေတော့ ဖတ်ပါ။ လုံးဝတော့ ခေါင်းထိုးပြီး မယုံလိုက်ပါနဲ့။ မြန်မာ့ရိုးရာဗေဒင်မှာ ကြည့်မလား၊ ခင်ဗျားရဲ့ မွေးသက္ကရာဇ်၊ မွေးနံ၊ အမည် အားလုံး အပြည့်အစုံ ပေးမှ ဆရာလုပ်သူကလည်း အပီအပြင် ဟောပြောပြမှာ ဖြစ်ပါတယ်။ ဂဏန်းဗေဒင်မှာ ကြည့်မလား၊ ခင်ဗျားရဲ့ မွေးရက်၊ လ၊ နှစ် ဂဏန်းသင်္ချာတွေ လုံးဝကို လိုအပ်ပါတယ်။ ရာသီဖွားဟောကိန်းတွေတော့ စာရင်းထဲ မထည့်ပါဘူး။ နက္ခတ်ဗေဒင်ပညာကို အိုးမည်းသုတ်နေတဲ့ ဟောကိန်းတွေအတွက် မပြောချင်တော့ပါဘူး။ နက္ခတ်ဗေဒင်ပညာစစ်စစ်ဟာ ခင်ဗျားဘယ်လကနေ ဘယ်လကြားမှာ မွေးတဲ့ ဘယ်ရာသီဖွား ဖြစ်ပါတယ် ပြောရုံနဲ့ တန်းမဟောပါဘူး။ ဇာတာဟောဖို့အတွက် မွေးလ၊ ရက်၊ နှစ်အပြင် မွေးချိန် နာရီမိနစ် အတိအကျ၊ မွေးရပ်ဒေသတွေ အားလုံး လိုအပ်ပါတယ်။

ဒို့ကတော့ ဘာမှ မလိုပါဘူး။ ဆန္ဒရှိရာ ဂဏန်းတစ်လုံး ပေးလိုက်ရုံနဲ့ ဟောပြလိုက်မယ် ဆိုတဲ့ နည်းစနစ်နဲ့ ဗေဒင်လာမေးချိန်မှာပဲ ဒိုးဒိုးဒေါက်ဒေါက် ဟောပြနိုင်တဲ့ အင်္ဂဝိဇ္ဇာလို ဟူးရားစနစ်ဟောကိန်းတွေကတော့ ဒီပို့စ်နဲ့ မပက်သက်ပါဘူး။ နှစ်တစ်နှစ်ကနေ တစ်နှစ် အချိန်းအပြောင်းကာလလေးမှာ ပွက်ပွက်ဆူထလာတဲ့ နည်းစနစ်ပေါင်းစုံ ဟောကိန်းတွေကို ဒဲ့ထိုးပြောချင်တာပါ။ တကယ်တမ်း မှန်ကြေးဟေ့ ဆိုရင် ဘယ်နည်းနဲ့ တွက်တွက် ရာသီဖွားက လာတဲ့ ဟောစာတမ်းနဲ့ ဂဏန်းဗေဒင်က လာတဲ့ ဟောစာတမ်း တူရမယ်။ တော်တော့်ကို တူသင့်တယ်လို့ ယူဆပါတယ်။ ဟောစာတမ်းတစ်ခုမှာ မကောင်းလို့၊ ဟောစာတမ်းတစ်ခုက ကောင်းတာလေးနဲ့ ချေလိုက်မယ် ဆိုတာကတော့ အရူးချေးပန်း ပြောတာပါပဲ။

ကဲ... ၂ဝ၁ဝ ဟောစာတမ်းကြီးကို သင်ဖတ်ရှု ပြီးသွားပါပြီ။ မှတ်ရောမှတ်မိရဲ့လားဗျာ။

8 comments:

အိမ် said...

ဘယ်သူ့ဟာမှမဖတ်ရသေးဘူးဗျ။ ဆြာ့ဟာပဲ(ဟောစာတမ်း ပြောတာ) ဖတ်တော့မယ်။ စောင့်နေမယ်နော်...။

Welcome said...

ဖတ်တော့ ဖတ်ပြီးသွားပြီ၊ ခပ်ရေးရေးပဲဗျ။

မောင်ဘိုတောက် said...

ဟုတ်ကဲ့ .. မှတ်မိပါတယ်ဗျာ ...

Anonymous said...

ဆရာရမ်းတို့ ကတော့ လက်သံပြောင်သဗျို့ ၊၊ ဟုတ်တော့လည်း ဟုတ်ပါကကောဗျာ၊ ဒီနည်းမှာကောင်းပြီး ဟိုနည်းမှာ ဆိုးနေတယ်ဆိုတော့ နည်းနည်းကြီးတော့ လွဲနေပြီ မဟုတ်ပါလားဗျာ။
လွန်ခဲ့တဲ့ လေးငါးခြောက်နှစ်လောက်တုန်းကတော့ ဆရာဦးမောင်မောင်သန်းက ဆန်းဗေဒင်နည်းနဲ့ ၇ရက်သားသမီးတွေအတွက် အသက်အလိုက် ဟောစာတမ်းစာအုပ်လေးတွေ ထုတ်ဖူးတယ်ဗျို့ ၊ ရာသီဖွားအဟော ခုနှစ်နေ့ ဖွားအဟော ၁၂ကောင်အဟောတွေထက် ပိုမိုသာလွန်အသေးစိတ်တဲ့ အဲဒီနည်းစံနစ်က တော်တော်လေးမှန်နိုင်သဗျို့ ၊ ခုတော့ အဲလိုရေးတာမရှိတော့ပါဘူး။
မည်သို့ ပင်ဖြစ်စေ ဗေဒင်ဆရာဆိုတာလည်း လူပဲဖြစ်လေတော့
၁။ တော်ပြီးကျော်တဲ့သူ
၂။ တော်ပေမယ့် မကျော်တဲ့သူ
၃။မတော်ပေမယ့် ကျော်တဲ့သူ
၎။ မတော်လည်းမတော် ကျော်လည်းမကျော်တဲ့သူ
ဆိုပြီး ရှိတာမို့ ဆရာရွေးမှားရင်တော့ သံသရာပါ မှောက်တတ်ပါကြောင်း သတိပေးနှိုးဆော်လိုက်ရပါသဗျိုး

YoungGun said...

ဆရာဦးမောင်မောင်သန်းစာအုပ်လေးကတော့ အဲဒီလို လုပ်စားစာအုပ်တွေထဲက ဖောက်ထွက်လာတဲ့ တကယ့်အနီးစပ်ဆုံးမှန်တဲ့ ဟောစာတမ်းစာအုပ်ပါပဲ။ အဲဒီဆရာကိုတော့ တော်လဲတော်၊ ကျော်လဲကျော်တဲ့ စာရင်းထဲထည့်ရမယ်။

JulyDream said...

ရန်ကုန်မှာ ရှိတုန်းက နှစ်ကူးခါနီးဆိုရင် ဗေဒင်စာအုပ် ၃ အုပ် ၀ယ်မိတယ်။ တစ်အုပ်က ကရကဋ် သိဟ် လအလိုက် ဟောတာ။ နောက်တစ်အုပ်က တရုတ် ၁၂ ကောင်။ နောက်တစ်အုပ်က တနလာင်္၊ အင်္ဂါ၊ စနေ အဲဒီလို့ နေ့တွေအတွက် ဟောတာ။ ၁ အုပ်ချင်းဖတ်ရင် ဖတ်လို့ ကောင်းတယ်။ အချိန်လေး အားလို့ ၃ အုပ်ကို ရောသမမွှေ လုပ်ပြီး လေ့လာမိရင် လူက ၀မ်းသာရမှာလား ၀မ်းနည်းရမှာလား မိသန်းကြည် ဖြစ်သွားတယ်။

အဲဒီနေ့က ကံကောင်းမှာလား ကံဆိုးမှာလား။ ချစ်သူကို အဲဒီကာလမှ ချစ်ခွင့်ပန်ရင် ကောင်းတယ် ဆိုပဲ။ တခြားစာအုပ်မှာက အဲဒီကာလမှာ ချစ်ခွင့်ပန်တာမျိုး မလုပ်သင့်ဘူးတဲ့။ အရောင်က ဘာအရောင် ၀တ်ရမှာလဲ။ ၃ အုပ်ပေါင်းက ထွက်လာတဲ့ ၀တ်ဆင်သင့်တဲ့ အရောင်က ဂျိုကာဝတ်စုံ ဖြစ်သွားနိုင်တယ်။

အခုတော့ အဲဒီစာအုပ်လေးတွေ ဝေးနေတာ ကြာလှပေါ့။ မဖတ်ဖြစ်တာလည်း အတော်ကြာပြီ။

Oak said...

ကိုရန်းရဲ့ ပို့စ်ကို ဖတ်ပြီးမှ စဉ်းစားမိတော့တယ်... ရယ်စရာ အကောင်းသားနော်... အကောင်က ၁၂ ကောင်တည်း လူသားက သန်းခြောက်ထောင် ဆိုတော့ အကောင် တစ်ကောင်၊ ရာသီခွင် တစ်ခုဟာ ကမ္ဘာ့လူဦးရေ သန်း ၅၀၀ နီးပါး ကို ကိုယ်စားပြုနေပါလား ဆိုတာ...။ အဲဒီ သန်း ၅၀၀ လုံး ချမ်းသာ ထီပေါက် နိဗ္ဗာန်ရောက်မယ်လို့ ဟောထားတာက ရယ်စရာများ ကောင်းနေသလားလို့ပါဗျာ... :)

Anonymous said...

သန်း ၅၀၀ နီးပါး ကိုယ်စားပြုတော့ မြန်မာငွေ တစ်ကျပ်နဲ့တွက် စီပွားရေနဲ့ တွက်ခြေကိုက်လို့နေမှာပေါ့။
U Naing Win
London