Saturday, January 23, 2010

Barcamp & မြန်မာဗေဒင် 2.0

မနက်ဖြန် ၂၃ ရက်နေ့မှာ မတော်တဆများ ကိုဖုန်းမြင့် မြှောက်ထိုးပင့်ကော် လုပ်ပေးထားသလို မြန်မာဗေဒင် 2.0 ကွ..ဆိုပြီး ခေါင်းစဉ်တပ်၊ ပွဲတွေ ဘာတွေ ထိုး၊ အမွှေးတိုင် ဖယောင်းတိုင်ထွန်းပြီး ပိတ်ဖြူစင်ကြယ်ကြီးနဲ့များ တက်ဟောပြောလိုက်ရင်



ဘားကမ့်အကြောင်း အခုတလော ရေပန်းရော လေပန်းပါ စားနေပါတယ်။ အစ်ကိုတော် ဘော်ဘော် ကိုဖုန်းမြင့်ကြီးက "မင်းလည်း လုပ်ကွာ.. မြန်မာဗေဒင် 2.0 ဆိုပြီး တက်ပြောကွာ.." တဲ့။ ကောင်းရော...။ သူကတော့ မြန်မာကဗျာ 2.0 ခေါင်းစဉ်နဲ့ ပြောပစ်လိုက်မယ်ဟဲ့ ဆိုပြီး တည်ထားတယ်ဆိုပဲ။ တတ်လဲ တတ်နိုင်ပဗျာ။

မြန်မာဗေဒင် 2.0 တဲ့..။ ကိုဖုန်းမြင့် ပြောသွားမှ သတိထားမိတယ်။ အိုင်တီပညာပိုင်းမှာတော့ ကျွန်တော်တို့ မြန်မာလူငယ်တွေဟာ ဘယ်လိုဘယ်ညာအထိ ပေါက်မြောက်နေပြီ၊ ဘယ်ရွေ့ဘယ်မျှ ကြိုးစားထားတယ် အစရှိသဖြင့် ဘာညာကွိကွ မသိပေမယ့် ဗြဲလရမ်းနန်းနဲ့ ဗြုတ်စဗြင်းတောင်းထက်တော့ အပုံကြီး သာနေပြီ ဆိုတာ သတိထားမိပါတယ်။

ကျွန်တော် လေ့လာဖူးသမျှ..ဗေဒင်ပညာကရော..2.0 အထိ မြင့်လာပြီလား..။ ကိုယ့်လို နှစ်ဆယ်ကျော် အစိတ်ပိုင်းမှာ ဗေဒင်ဝါသနာပါ ပါတယ်ဆိုတဲ့ ရွယ်တူ ပညာလေ့လာဖက် မရှိသလောက်၊ ပြောရရင် အတော့်ကို ရှာယူရတဲ့အထိ အပြင်လောကမှာ ရှားပါးခဲ့ပါတယ်။ အင်တာနက်လေးပေါ် ရောက်လာတော့ သတိထားမိသလောက် ကိုယ်နဲ့ ရွယ်တူ လောက်ဆိုလို့ နက္ခတ်ဗေဒင် အကြောင်း စုံစုံစီစီ ရေးနေတဲ့ ကိုပခန်း၊ ဘလော့ဂ်မရေးပေမယ့် ဗေဒင်တွေ လောကီပညာ တွေအပေါ် ဝါသနာကြီးတဲ့ ကိုစိုင်းအောင်၊ တားရော့ဆရာမကြီးလို့ (ကျွန်တော် လေးစားထားတဲ့) မမိုးသူ ထောင်ကြည့်ရင် လက်ဆယ်ချောင်းတောင် မပြည့်တဲ့ မြန်မာဗေဒင် 2.0 ကို ဝမ်းလျှောပြီးစ လူမမာလို ခပ်မျော့မျော့လေးပဲ တွေ့လိုက်ရပါတယ်။

ဒီအတိုင်းသာဆို မောင်မင်းကြီးသား မောင်ရန်းဂန်းက မြန်မာဗေဒင် 2.0 ဆိုပြီး ဘားကမ့်မှာ သွားလှန့်လိုက်ရင် အကုန် အိပ်ပျော်သွားမှာနဲ့ အကုန်ထပြန်သွားမှာ နှစ်လမ်းပဲ ရှိပါတယ်။ ခြွင်းချက်ကတော့ ဗေဒင်လေးဘာလေး ဟောပေးပါဦးဆိုပြီး ( အပျော်သဘော၊ အပျင်း၊ အတည်မေး၊ အဟုတ်မေးလာမယ့် ) ကျားနည်းနည်းနဲ့ မများများတွေပဲ တွေ့ရနိုင်တယ်လို့  ယူဆပါတယ်။

အွန်လိုင်းပေါ် စောစောစီးစီး မြန်မာဗေဒင်ဆိုပြီး ဝင်ဥနေသူတွေတော့ ရှိပါတယ်။ ဒါပေမယ့် သူတို့တွေက ကျွန်တော့်ထက် ၅ နှစ်မက၊ ၁ဝ နှစ်မက ကြီးတဲ့ ဆရာတေးအေးရိပ်နဲ့ ဆရာဇေယျာမောင်၊ နောက် Update မရေးတော့တဲ့ ဆရာဇွဲတင်ဝင်း တို့ပဲ ဖြစ်ပါတယ်။ နောက်ပိုင်း မြန်မာဗေဒင်လောကကို 2.0 လို့ ပြောရလောက်အောင် အင်တာနက်ပေါ်အထိ စင်တင် လာတာကတော့ ကွန်ပြူဗေဒသုခုမ ဒေါက်တာတင်ဗိုလ်ဗိုလ်နဲ့ ဆရာဝေသာလီမောင်ဖုန်းတို့ ဖြစ်ပါတယ်။ တခြား ဗေဒင်ဘလော့ဂ်တွေကတော့ ပေါ်လိုက်တန့်သွားလိုက်ပါပဲလို့ ( ယူဆပါတယ် )။

ကောက်ချက် ချရရင်တော့ဗျာ။ ကျွန်တော်တို့ အသက်ပိုင်း၊ ဒီအရွယ်ပိုင်းမှာ ဗေဒင်ပညာ၊ ဂမ္ဘီရပညာတွေကို ဇွဲနဲ့ နဘဲနဲ့ လေ့လာအားထုတ်သူ ဝါသနာရှင် နည်းပါးတယ်လို့ ဆိုနိုင်ပါတယ်။ ကျွန်တော်ကိုယ်တိုင်ကလည်း အိယောင်ဝါး၊ ယောင်စိန်အဆင့်ပဲ ရှိပါသေးတယ်။ အပြင်လောကမှာတော့ အများကြီး ရှိချင် ရှိနိုင်ပါတယ်။ အွန်လိုင်းပေါ်မှာ ကိုယ်ယုံကြည်ရာ ပညာရပ်ကို မှတ်တမ်းအဖြစ်၊ ဗဟုသုတအဖြစ်၊ ဖလှယ်မှုအဖြစ် ပုံမှန်ရေးသားတင်ပြနေသူ နည်းပါးတယ် ဆိုတာပါပဲ။ ပြောရင်းဆိုရင်း အားတောင် ငယ်လာတယ်။ အဟုတ်ဗျာ။

ဒါ့ကြောင့် မနက်ဖြန် ၂၃ ရက်နေ့မှာ မတော်တဆများ ကိုဖုန်းမြင့် မြှောက်ထိုးပင့်ကော် လုပ်ပေးထားသလို မြန်မာဗေဒင် 2.0 ကွ..ဆိုပြီး ခေါင်းစဉ်တပ်၊ ပွဲတွေ ဘာတွေ ထိုး၊ အမွှေးတိုင် ဖယောင်းတိုင်ထွန်းပြီး ပိတ်ဖြူစင်ကြယ်ကြီးနဲ့များ တက်ဟောပြော၊ ကိုယ်နဲ့အတူ ဝါသနာတူ ပညာဖလှယ်မယ့် ဘော်ဘော်တွေကလည်း ဥုံမ်တွေ အမ်တွေ ရွတ်၊ အွန်လိုင်းပေါ်မှာ ဥုမ်သံတွေ ညံပြီး ဖိုရမ်တွေမှာ ဂြိုဟ်ကြီး ၇ လုံးနဲ့ ၂၇ လုံးသော နက္ခတ်တွေ လင်းပ အင်တာနက်ပေါ်က မြန်မာ့ဗေဒင်လောကကြီး 2.0 ဖြစ်လိုက်လို့ကတော့ ဆရာအကြည်တော် ပြောသလို " လွှတ်ကောင်းကွာ " ..ပါပဲ။ အခုတော့ ဘားကမ့်မှာ
သွားမနန့်နိုင်ဘဲ ကိုယ့်ဝပ်ကျင်းလေးထဲမှာပဲ သွားဆန့်နေတော့မယ်ဗျာ။ အားလုံးသော လူငယ်များ... ဝါသနာပါရာ၊ ရှင်သန်ရာ၊ လင်းပွင့်ရာ ထောင့်ချိုးတိုင်းမှာ ရိုးသားစွာ ဖလှယ်နိုင်ကြပါစေလို့ပဲ ဆန္ဒပြုလိုက်ပါတယ်။


3 comments:

Anonymous said...

ဆရာရမ်းရေ . . .

ဗေဒင်ပညာဟာ လောကဓါတ်တက္ကသိုလ်တွေမှာ တရားဝင်အသိအမှတ် မပြုထားပေမယ့် လူ့ လောကထဲမှာ သက်တမ်းအရှည်ဆုံး ပညာရပ်တစ်ခုပေါ့ဗျာ။
သိပ္ပံပညာရပ်နဲ့ လိုက်လို့ မမှီသေးတဲ့ အကြောင်းအရာတွေ (ဥပမာ- ဘာမြူဒါ၊ ဘလက်ဟိုးလ်၊ ၀ိဥာဉ်လောက) ကမ္ဘာပေါ်မှာ ရှိနေတယ်ဆိုတာ နိုင်ငံတကာပညာရှင်တွေပါ လက်ခံထားတယ်ဆိုတာ ဒစ်ကဗာရီချယ်နယ်မှာ မကြာခဏလာတတ်ပါတယ်။
ပညာရပ်တစ်ခုရဲ့ မှတ်ကျောက်ဆိုတာ အစိုးရအသိအမှတ်ပြု တက္ကသိုလ်အသိအမှတ်ပြုဆိုတာထက် လူ့ လောကအတွက်အကျိုးပြုမှု မပြုမှုနဲ့ ပဲ တိုင်းတာစေချင်တယ်။
ဆရာကြီးကာလာဆန်ရဲ့ ငလျင်အပါအ၀င် သဘာဝဘေး သံဟိတနှစ်စဉ်အဟောတွေက လူတွေအတွက် အကျိုးရှိနိုင်တဲ့ဟောကိန်းမျိုးဖြစ်သလို ဆရာရမ်းတို့ အနေနဲ့ လူတစ်ဦးချင်းစီအတွက် မှန်ကန်စွာ ဟောနိုင်တယ်ဆိုရင်လည်း အဲဒီလူအတွက် အကျိုးရှိမှာပါ။
ကိုယ်ယုံကြည်တာကို ကိုယ်လုပ်တဲ့နေရာမှာ လူကြိုက်နည်းတာများတာကို ထည့်တွက်မနေပါနဲ့ ၊ ကိုယ့်ရဲ့ အဖေါ်မွန်ဆိုတာကလည်း ကိုယ်ကိုယ်တိုင်ပါပဲဗျာ။

သင့်ရဲ့  . . .

အိမ် said...

မြန်မာဗေဒင်တောင် ၂.၀ ရှိသေးလား.. ???

ကိုအောင်(ပျူနိုင်ငံ) said...

Barcamp ကို ရောက်နေသလား ညီလေးရေ ပို့စ်အသစ်တွေ မျှော်နေတယ်။