Monday, January 11, 2010

အမြိတ္တစုတ်...ဆိုတာ

မြန်မာ့ပညာက ဆိုထားတဲ့ နဂါးလှည့်အရပ်ရွေးနည်းဟာ နဂါးငွေ့တန်း ဂလက်ဆီတွေနဲ့ ဆက်စပ်မှု ရှိနေတယ် ဆိုတာလေးပါ။

ရိုးရိုး ပြက္ခဒိန်တော့ မသိဘူး။ မြန်မာနိုင်ငံဝေဒသုတေသနက ထုတ်ဝေတဲ့ ဗေဒင်ပြက္ခဒိန်တွေမှာတော့ ဂြိုဟ်ပြောင်းရက်၊ နေကြတ်လကြတ် ရက်တွေ၊ ရာသီဖွားအဟော ဘာညာ အစရှိတဲ့ ဗေဒင်ဟောကိန်းတွေ၊ ဆောင်ရန်ရှောင်ရန်တွေ၊ တစ်နှစ်တာ ဂြိုဟ်တွေ ကဲဘိနက်ဖွဲ့တာတွေ အစုံအလင်ပါဝင်ပါတယ်။ ဒီထဲကမှ မြန်မာလူမျိုးတွေအတွက် ထူးခြားမယ်လို့ ယူဆရတဲ့ နားလည်လည်း လွယ်မယ့် ဗေဒင်ပညာဆိုင်ရာ ရက်ကောင်းရက်မြတ်ရွေးနည်းလေးတစ်ခု ဖောက်သည်ချ ပြချင်ပါတယ်။

မြန်မာလူမျိုးတွေပါးစပ်ဖျားမှာ မကြာခဏ ကြားနေရတာလေး ရှိပါတယ်။ ရက်ရာဇာ၊ ပြဿဒါးဆိုပြီး နေ့ကောင်းရက်သာ ရွေးတာလေးပါ။ မင်းတို့ ထွက် ရက်ရာဇာ၊ ငါလိုယောင်္ကျား ပြဿဒါး မရှိ၊ .. စသဖြင့် ယုံကြည်မှုအလိုက် သုံးစွဲကြပါတယ်။ ဒါပေမယ့် သိပ်ကြားလေ့ကြားထ မရှိတာကတော့ အမြိတ္တစုတ်၊ ဝါရမိတ္တုကြီး၊ ရက်ပုပ်၊ ရက်ယုတ်မာ၊ ရသေ့ကျော်၊ နဂါးပေါ် အစရှိတဲ့ မြန်မာ့ရိုးရာဗေဒင်ပညာအရ အခါရက် ကိန်းခန်းတွေပဲ ဖြစ်ပါတယ်။

ဒီထဲမှာမှ ကောင်းကျိုးချမ်းသာ မင်္ဂလာနဲ့ ပြည်စုံစေတဲ့၊ ပြဿဒါး၊ လဒဏ်သင့်၊ ဝါရမိတ္တု မဟာရက်ကြမ်း ဘယ်လောက် ကြုံကြုံ မဖြုံတမ်းကောင်းတဲ့ ရက်ကောင်းကတော့ အမြိတ္တစုတ်ရက်ပဲ ဖြစ်ပါတယ်။ စောစောက ပြောခဲ့သလို ဝေဒသုတေသနအဖွဲ့က ထုတ်ဝေတဲ့ ပြက္ခဒိန်မှာတော့ အလွယ်တကူ ကြည့်နိုင်အောင် ရယ်ဒီမိတ် ထည့်ပေးထားပါတယ်။ ပြက္ခဒိန် မဝယ်မိသူတွေကတော့ ပူစရာ မလိုပါဘူး။ ဟောသမှာ တွက်နည်းလေး ချထားပါတယ်။ မြန်မာလဆန်း၊ လဆုတ်တွေ သိထားရင် လွယ်သမှ အရမ်းလွယ်သွားပါမယ်။

ဘယ်လမှာမဆို လဆန်းလဆုတ် ၈ ရက်နေ့ဟာ တနင်္ဂနွေနေ့ ဖြစ်နေရင် အဲဒီနေ့ဟာ အမြိတ္တစုတ်ရက် ဖြစ်ပါတယ်။ ဒီလိုပဲ လဆန်းလဆုတ် ၃ ရက်နေ့ဟာ တနင်္လာနေ့ ကြုံနေရင် ဒါဟာ အမြိတ္တစုတ်ရက် ဖြစ်ပါတယ်။ လဆန်းလဆုတ် ၇ ရက်နေ့ဟာ အင်္ဂါနေ့ ကြုံနေရင် ဒါဟာ အမြိတ္တစုတ်ရက် ဖြစ်ပါတယ်။ လဆန်းလဆုတ် ၂ ရက်နဲ့ ၁ဝ ရက်နေ့တွေဟာ ဗုဒ္ဓဟူးနေ့တွေ ကြုံနေရင် ဒါဟာ အမြိတ္တစုတ်ရက် ဖြစ်ပါတယ်။ လဆးန်လဆုတ် ၄ ရက်နေ့ဟာ ကြာသပတေးနေ့ ကြုံရင် ဒါသာ အမြိတ္တစုတ်ရက် ဖြစ်ပါတယ်။ လဆန်းလဆုတ် ၁ ရက်နေ့ဟာ သောကြာနေ့ ကြုံနေရင် ဒါဟာ အမြိတ္တစုတ်ရက် ဖြစ်ပါတယ်။ လဆန်းလဆုတ် ၅ ရက်နေ့ဟာ စနေနေ့ ကြုံရင် ဒါဟာ အမြိတ္တစုတ်ရက် ဖြစ်ပါတယ်။

ဥပမာ တစ်ခု ပြပါမယ်။ အခုလာမယ့် ဇန်နဝါရီ ၁၅ ရက်နေ့ ( နက္ခတ်ဗေဒင်အရ နေအရစ်ကြတ်မယ့်နေ့ ) ဟာ တပို့တွဲလဆန်း ၁ ရက်နေ့ သောကြာနေ့ ဖြစ်ပါတယ်။ လဆန်း ၁ ရက်ဟာ သောကြာနေ့ ဖြစ်တဲ့အတွက် အဲဒီနေ့ဟာ အမြိတ္တစုတ်ရက် ဖြစ်နေပါတယ်။

ကျမ်းတွေအဆိုအရတော့ အမြိတ္တစုတ်ရက်ဟာ အဲဒီနေ့ရဲ့ အပြစ်တွေ အားလုံးကို ကြေပျက်စေနိုင်တယ်။ မကောင်းတဲ့ အခိုက်အညံ့ဓာတ်တွေကို ဖယ်ရှားပေးတယ်လို့ ဆိုပါတယ်။ ကျင့်စဉ်တွေမှာလည်း ကိုယ့်မွေးနေ့နဲ့ အမြိတ္တစုတ်ရက် ကြုံဆုံ တိုက်ဆိုင်တဲ့နေ့မှာ စတင်ကျင့်ကြံကြတာ တွေ့ရပါတယ်။ မပျောက်ကွယ်သင့်တဲ့ ရှေးမြန်မာ့ပညာ တစ်ခုအနေနဲ့ ယုံကြည်သူများ သုံးစွဲနိုင်အောင် တစ်ဆင့် တင်ပြလိုက်ရပါတယ်။ နားလည်မယ်လို့လည်း ယူဆပါတယ်။

သိပံ္ပနည်းမကျဘူး ဘာဘူး ညာဘူးတို့ ဝေဖန်နိုင်ပါတယ်။ ဒါပေမယ့် တစ်ခုတော့ လက်တို့ပါရစေ..မြန်မာ့ပညာက ဆိုထားတဲ့ နဂါးလှည့်အရပ်ရွေးနည်းဟာ နဂါးငွေ့တန်း ဂလက်ဆီတွေနဲ့ ဆက်စပ်မှု ရှိနေတယ်ဆိုတာလေးပါ။ နှိုက်မကုန်တဲ့ပညာတွေ ဆက်လက်ရှာဖွေ ရရှိနိုင်ကြပါစေ.လို့။

1 comment:

ရွှန်းမီ said...

ထောက်မိတာတွေကို ထောက်ပြတာကျေးဇူးပါ ..
နှစ်ပေါင်းများစွာ ဒီပညာတွေကို လက်ဆင့်ကမ်းလေ့လာကြတာ အယူသည်းမှုတစ်ခုတည်းကြောင့်တော့ မဟုတ်ဘူးထင်ပါတယ်..
သုတေသနသမားတစ်ယောက်လို ရှာရှာဖွေဖွေ ကြည့်တတ်မြင်တတ်မျှဝေတတ်လို့ လေးစားပါတယ်..