Sunday, January 17, 2010

ဖတ်ကြည့်

ဆရာဒဂုန်နဲ့ အင်တာဗျူးနေစဉ်မှာပဲ အဘနူတ်ကနေ ထွက်သွားဖြေသွားတဲ့ စကားတွေ ဖြစ်ပါတယ်။

ဒီနေ့...သားရဲတစ်ကောင်ရဲ့ ဝပ်ကျင်းလေးလို ဖြစ်နေတဲ့ ကိုယ့်နေရာလေးကနေ ထပြီး ဟိုဟိုဒီဒီ လျှောက်သွား ဖြစ်တယ်။ စာအုပ်ဆိုင်တန်းတွေ ရောက်တော့ ဟိုလှန်ဒီလှော ကြည့်မိတယ်။ တခါလာလည်း ယတြာ၊ တခါလာလည်း ဒီ သူ့အမေလင် ယတြာချည်း ရေးပြီး စီးပွားရှာနေတဲ့ ဆရာအမည်ခံ၊ ဝံပုလွေတွေရဲ့ စာအုပ်တွေ အကြားက ကိုယ်လေးစားမိတဲ့ မျက်နှာ ၂ ခုကို ဖြတ်ခနဲ တွေ့လိုက်တယ်။ ဖတ်လည်း ဖတ်သင့်သလို၊ သိမ်းလည်း သိမ်းထားသင့်တဲ့ စာအုပ်ဖြစ် ဝယ်လိုက်တယ်။ တနေကုန် ဖတ်ပစ်လိုက်တယ်။ စာအုပ်အမည်က ဆရာကြီးမင်းသိင်္ခနဲ့ ဒေါက်တာဒဂုန်၊ ဆရာဒဂုန်နဲ့ ဒေါက်တာမင်းသိင်္ခ..တဲ့။

အဘကို ဆရာဒဂုန်က ၁၉၉၇၊ သုဝဏ္ဍနေအိမ်မှာ နေထိုင်စဉ်က သွားဗျူးခဲ့တဲ့ အင်တာဗျူးကို အခုမှ စာအုပ်အဖြစ် ထုတ်ဝေလိုက်တာ ဖြစ်ပါတယ်။ ဒီစာအုပ်မှာ ဗေဒင်ဝါသနာရှင်တွေအတွက် နည်းစနစ်တွေ၊ လိုက်နာကျင့်သုံးစရာတွေ၊ ဆောင်ရန် ရှောင်ရန်တွေ၊ အားတက်စရာတွေ မနည်းမနောကို ပါရှိနေတာ (မထင်မှတ်ဘဲ ) တွေ့လိုက်ရပါတယ်။

နှစ်ယောက်စလုံးဟာ အိန္ဒိယက နက္ခတ်ပါရဂူဘွဲ့တွေ ရရှိခဲ့တဲ့ မြန်မာနိုင်ငံက အထင်ကရ ဗေဒင်ပညာရှိနှစ်ဦး ဖြစ်ပါတယ်။ ကွယ်လွန်သွားပြီ ဖြစ်တဲ့ ဆရာကြီးမင်းသိင်္ခကို အထူးတလည် မိတ်ဆက်စရာ မလိုပေမယ့် မကြာသေးခင်ကမှ အမျိုးသား စာပေဆုရထားတဲ့ ဗေဒင်ကျမ်းပြု ဆရာဒဂုန် အကြောင်းကိုတော့ ဒီမှာ နည်းနည်း သွားဖတ်နိုင်ပါတယ်။

ဒီစာအုပ်ကမှ ကျွန်တော်ကောက်နုတ်ပြချင်တာကတော့ ဆရာဒဂုန်က အဘကို ဗေဒင်ဟောကြောင်း မကြော်ငြာတာနဲ့ ပက်သက်ပြီး မေးတဲ့အခါမှာ အဘ ပြန်ဖြေခဲ့တာက " ကျွန်တော်က ဒီပညာကို လိုက်စားသူ ဖြစ်တဲ့အတွက် မထည့်ပါဘူး။ လေးစားအပ်တဲ့ အတတ်ပညာတွေဟာ ကြော်ငြာမထည့်ရဘူး။ အဲဒီလို ကျွန်တော် ယုံကြည်တယ်။ တခြားလူတွေ ကြော်ငြာထည့်တာကို အပြစ်ပြောတာ မဟုတ်ဘူးနော်။ ကျွန်တော် မထည့်တာကို ပြောတာ၊ ဥပမာ ဆရာဝန်တစ်ယောက်ဟာ သူကုတာ ဘယ်လိုတွေ ပျောက်ပါတယ်လို့ ကြော်ငြာတာ မရှိဘူး။ ရှေ့နေရှေ့ရပ်တွေလည်း သူလိုက်တဲ့ အမှုတွေ ဘယ်လောက်အောင်မြင်ပါတယ်၊ ကျွန်တော့်ဆီ အမှုတွေ အပ်ကြပါလို့ ကြော်ငြာထည့်တာမျိုး မရှိဘူး ကျွန်တော်လည်း ကျွန်တော့်ဗေဒင်ကို မကြော်ငြာချင်ဘူး။ ဘာလို့ မကြော်ငြာချင်တာလဲ ဆိုရင် ကျွန်တော်သာ တကယ် မှန်အောင် ဟောနိုင်ရင်၊ ယတြာတွေလည်း တကယ်ဖြစ်မြောက်အောင် လုပ်ပေးနိုင်ရင် ကြော်ငြာစရာ မလိုဘဲနဲ့ လူတွေက မေးပြီး လိုက်လာမယ်လို့ ကျွန်တော် ယုံကြည်ထားတယ်။ " တဲ့။ ကိုင်း..ကျော်အောင် ညာနေသော ဆရာများ ဘယ်နှယ့်ရှိစ..။

ဘဝတူ ဗေဒင်ဆရာတွေနဲ့ ပက်သက်ပြီး ဆရာဒဂုန်က အဘကို အကြံပေးခိုင်းတဲ့အခါမှာလည်း အဘက " တချို့က ဘယ်လိုထင်နေလဲ ဆိုတော့ ဗေဒင်ဟောတဲ့အခါမှာ ယတြာဖိုးတွေယူမှ ပိုက်ဆံပိုရမယ်လို့ ထင်နေကြတယ်။ အမှန်က ယတြာဖိုး မယူဘဲနဲ့ အောင်မြင်မှ လာပေးတာဟာ ယတြာဖိုးတောင်းတာထက်တောင် ပိုရသေးတယ် ဆိုတာကို တချို့ဗေဒင်ဆရာတွေ မယုံကြဘူး ဖြစ်နေတယ်။ အဲဒီတော့ ယတြာဖိုး မယူတဲ့အတွက် လုပ်ပေးတဲ့ ဆရာအနေနဲ့လည်း စိတ်သန့်တယ်။ အကြောင်းကြောင်းကြောင့် ယတြာမအောင်ခဲ့ရင်လည်း အဲဒီပရိသတ်က ဆရာကို ဒုက္ခလာပေးစရာ အကြောင်း မရှိဘူး။ မျက်နှာပူစရာလည်း မလိုဘူး။ ဒါ့ကြောင့် ယတြာကြေး မယူကြပါနဲ့။ အောင်မြင်လို့ လာကန်တော့တဲ့အခါ လက်ဖက်တစ်ရိုး၊ ကွမ်းတယာဆိုလည်း ကျေနပ်လိုက်၊ ထိုက်ထိုက်တန်တန် ကန်တော့ရင်လည်း ထိုက်ထိုက်တန်တန် ရတာပေါ့။ သူမသိတတ်လို့ မကန်တော့လည်း ကိစ္စမရှိဘူးပေါ။ " လို့ ပြန်ဖြေခဲ့ပါတယ်။ ဟောခ တစ်ထောင်၊ ယတြာကြေး ငါးသောင်းဆိုပြီး လုပ်စားနေတဲ့ အူကြောင်ကြား ဗေဒင်ဆရာတွေ သတိထားသင့်ပါတယ်။

ဒီစာအုပ်ထဲမှာ သုံးတန်ပေါ်နိစ်ရဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ ဟောကွက်တွေ၊ ဂဏန်းဗေဒင်အယူအဆတွေနဲ့ တခြားဂမ္ဘီရနည်းလမ်း တချို့ကို ဖော်ပြထားတာ တွေ့ရပါတယ်။ တမင်တကာ လူကြိုက်အောင် ရေးထားတာ မဟုတ်ဘဲ ဆရာဒဂုန်နဲ့ အင်တာဗျူးနေစဉ်မှာပဲ အဘနူတ်ကနေ ထွက်သွားဖြေသွားတဲ့ စကားတွေ ဖြစ်ပါတယ်။ ဗေဒင်ဝါသနာရှင်များ၊ ဆရာ လုပ်နေသူများ ဖတ်သင့်တဲ့ စာအုပ်အဖြစ် ကြော်ငြာလို့ပဲ ထင်ထင်၊ ပရိုမိုးရှင်းပဲ မြင်မြင် ကောင်းမယ် ထင်ရင် လက်တို့ချင်တဲ့ ဇကြောင့် အခု အမြည်းပေးလိုက်ပါတယ်။

5 comments:

Anonymous said...

အမြည်းကောင်းတော့ လျာလည်သွားတယ်ကွယ် ရှလွတ် ။ ဖတ်ဦးမယ်။ မှတ်ဦးမယ်။ တစ်ကယ်။

ဝေသာလီ

Anonymous said...

မပြည့်တဲ့အိုး ဘောင်ဘင်ခတ်တယ်ဆိုတဲ့ စကားပုံကို သက်သေထူနေကြတာပါဗျ။ ပြီးတော့ တခါစားကြံတယ်ပဲပြောမလား၊ မျက်မွှေးတဆုံးပဲကြည့်ပြီး မျက်စေ့ တဆုံးမကြည့်တဲ့လူစားတွေလို့ပဲ ပြောပြော၊ အဲဒီလိုလူစားတွေက ဗေဒင်လောကမှာမှမဟုတ်ဘူး နေရာတိုင်းမှာ ရှိနေကြတော့ .... ... ။ မှတ်သားစရာ တွေးစရာတွေပါပဲဗျာ.... ။

may16 said...

ကိုYoungGun ဖတ်ကြည့်ဆိုတော့ လာဖတ်ကြည့်ပါတယ် :)

dr.bo said...

ဆရာခ က လျှို့ဝှက်တယ် ပြောရမလား၊ တခြားရည်ရွယ်ချက်ကြောင့် လားတော့ မသိဘူး။ သူ့ရဲ့ တကယ့် ပညာစစ်တွေကို ဗေဒင်ပညာပေး စာအုပ်တွေမှာ မပါဘဲ မထင်မှတ်တဲ့ စာအုပ်တွေထဲမှာ ထည့်ပေးလေ့ ရှိတယ်။
ဂဏန်းဗေဒင်နဲ့ ပက်သက်ပြီး အစ်ကို တစ်သက်လုံး ရှာနေတဲ့ လျှို့ဝှက်ချက်တစ်ခုကို ဆရာခရဲ့ စာအုပ် တစ်အုပ်ထဲကနေ ရလိုက်တယ်။ သိပ်အဖိုးတန်တယ်။ ဒါပေမယ့် အဲဒီ စာအုပ်က ဗေဒင်စာအုပ်မဟုတ်ဘူး။ သူ့တပည့်တွေတောင် ရချင်မှ ရမယ်။
ဒီလို ရလိုက်ကတည်းက ဆရာခကို ကိုယ့်ရဲ့ မြင်ဆရာတစ်ယောက် အနေနဲ့ မကြာခဏ ဦးချမိပါတော့တယ်။

k said...

အဲဒီမှာသေချာဖတ်ကြည့်၇င်ချို့ယွင်းချက်တွေတွေ့ရလိမ့်မယ်.သိချင်ရင်သေချာပြောပြမယ်
magician.kha@gmail.com
ကို ချိတ်လိုက်.