Wednesday, February 3, 2010

ဘာမလုပ်ကောင်း၊ ညာမလုပ်ကောင်း

ဘာမှန်းမသိဘဲ အူကြောင်ကြောင်နဲ့ လိုက်နာခဲ့ရတဲ့ စည်းမျဉ်းတွေရဲ့ နောက်ကွယ်မှာ လေးနက်တဲ့ အကြောင်းအရာတွေ ရှိနေတယ်ဆိုတာ ဒီစာအုပ်က လက်ညိုးထိုးပြထားပါတယ်။



ဒီရက်ပိုင်းထဲ ပြန်လှန်လှောဖြစ်တဲ့ စာအုပ်တွေထဲက ကွယ်လွန်သွားပြီ ဖြစ်တဲ့ ဆရာသက်လုံရဲ့ ဂန္ဓာရီအလွှာမှ မှတ်တမ်းများ စာအုပ်ကို မှတ်မှတ်ရရ သေချာပြန်ကြည့်မိတယ်။ စာအုပ်ထဲမှာက မြန်မာပြည်က လူတွေ ထုံးတန်းစဉ်လာအရရော၊ ဘိုးစဉ်ဘောင်ဆက်အနေနဲ့ပါ လက်ဆင့်ကမ်း သယ်ဆောင် လာတဲ့ ဘာမလုပ်ကောင်း၊ ညာမလုပ်ကောင်း ကိစ္စလေးတွေကို တတ်နိုင်သမျှ အရှေ့တိုင်း၊ အနောက်တိုင်း ဂန္ဓရီ ရှုထောင့်တွေနဲ့ စပ်ဟပ် တင်ပြထားပါတယ်။

ဒီထဲကမှ ခေတ်ပေါ် အိုင်တီမောင်မယ်တွေ၊ ခေတ်ရှေ့ပြေးလွန်းနေတဲ့ ကိုကိုမမ ညီအစ်ကို မောင်နှမ ဘော်ဘော်တွေ မေ့နေလောက်တဲ့၊ တချို့ဆို ကြားတောင် ကြားဖူးမယ် မထင်တဲ့ မလုပ်ကောင်းလေးတွေ ( ငရုပ်ကောင်း မဟုတ်ပါ ) ကို တဆင့် ပြန်ပြောချင်ပါတယ်။ ကိုယ်သိသွားတော့ နောက်လာမယ့် ကိုယ့်သွေးသား မျိုးဆက်လေးတွေ ဘုစုခရုလေးတွေကို ဟောသလို ရှေးရှေးက ဘိုးဘွားတွေက ယူဆသွားကြသကွယ့်လို့ ပြန်ပြောလို့ ကောင်းတာပေါ့။ ကဲ.. စလိုက်ကြရအောင်ဗျာ။

တစ်နှစ်တည်း၊ တစ်ချိန်တည်း ၃ မင်္ဂလာ မလုပ်ကောင်း၊

မီးဖိုနှင့် ထမင်းစားပွဲတွင် အိပ်မက်အကြောင်း မပြောကောင်း၊

မင်္ဂလာဆောင်တွင် တစ်ခုလပ်၊ မုဆိုးမ မပြင်ဆင်ကောင်း၊

မသာအိမ်သို့ သနပ်ခါး လိမ်းမသွားကောင်း၊

အိမ်ရှေ့တွင် အသုဘချသွားစဉ် အဝတ်မလှန်းကောင်း၊

မင်္ဂလာဆောင်သို့ ကိုယ်ဝန်မသွားကောင်း၊

ညဥ့်အချိန် အပြင်၌ ဆံပင်မဖြန့်ကောင်း၊

ဖိနပ်နှစ်ခု မတီးကောင်း၊

ထမင်းချက်ရင်း သီချင်းမဆိုကောင်း၊ ထမင်းစားရင်း သီချင်းမဆိုကောင်း၊

လက်ဖက်စားပြီး ကလေးမနမ်းကောင်း... တဲ့။

ဘာ့ကြောင့်ဆိုတဲ့ အကျယ်ကိုမှ ဆက်ဖတ်ချင်ပါသေးရင်တော့ ဒီမှာ မရှင်းလိုတော့ပါဘူး။ အဲဒီ ဆရာသက်လုံရဲ့ ဂန္ဓာရီအလွှာမှ မှတ်တမ်းများ စာအုပ်ကိုသာ ရှာဖွေဖတ်ရှုစေချင်ပါတယ်။ ဗဟုသုတအနေနဲ့ပဲ ဖတ်ဖတ်၊ လေးစား လိုက်နာလို လို့ပဲ ဖတ်ဖတ် ဖတ်သင့်တဲ့ စာအုပ်တစ်အုပ်အဖြစ် ဒီစာအုပ်ကို အခမဲ့ကြော်ငြာညွှန်းချင်တာပါ။ ကျွန်တော်တို့ ခေတ်အဆက်ဆက်က အစာမကြေဖြစ်ခဲ့ရတဲ့၊ ဘာမှန်းမသိဘဲ အူကြောင်ကြောင်နဲ့ လိုက်နာခဲ့ရတဲ့ စည်းမျဉ်းတွေရဲ့ နောက်ကွယ်မှာ လေးနက်တဲ့ အကြောင်းအရာတွေ ရှိနေတယ်ဆိုတာ ဒီစာအုပ်က လက်ညိုးထိုးပြထားပါတယ်။

ဥပမာလေးတစ်ခု ဆွဲထုတ်ပြရရင် ချစ်သူကို လက်ကိုင်ပုဝါ လက်ဆောင်မပေးကာင်းတဲ့ အကြောင်းလေး ပြောပြပါမယ်။ အကျဉ်းချုပ်ပေါ့။ ဒီအစွဲအလန်းဟာ ဆင်တူ မှော်ပညာကနေ ဆင်းသက်လာပါတယ်။ လူတွေ ဝမ်းနည်းငိုယိုတဲ့အခါ လက်ကိုင်ပုဝါလေးနဲ့ သုတ်ကြရတာကြောင့် ချစ်သူကို လက်ကိုင်ပုဝါပေးတာဟာ အင့်.. ငိုဖို့သာ ပြင်ပေတော့ လို့ သက်ရောက်စေပါတယ်။ ဒီထက် နက်တဲ့ အကြောင်းရင်းလဲ ရှိဦးမှာပါ။ ဆင်တူမှော်ပညာကို လှိုင်လှိုင်ကြီး သုံးလေ့ရှိတဲ့ အနောက်တိုင်းလောကီအတတ်မှာတော့ ရည်းစားစာရေးတဲ့အခါ အပြာရောင်စာရွက်လေးကို သုံးပါတယ်တဲ့။ Blue is True ဆိုတဲ့ သိုးဆောင်းတွေ ဆိုရိုးလဲ ရှိတာမို့ ကိုယ့်အချစ်က စစ်မှန်ကြောင်း၊ အပြာရောင်လို မာနကင်းကင်းနဲ့ ထာဝရအလင်းကို ကိုယ်စား ပြုပါကြောင်း ဖော်ပြပြီးသား ဖြစ်သွားစေပါတယ်တဲ့။ ကဲ... အပြာရောင်ပါးပါးလေး နောက်ခံထားပြီး ရည်းစားစာ ရေးလိုက်စမ်းမယ်.. လာလေ့။


14 comments:

Anonymous said...

ချစ်စရာလေးတွေရေးထားလိုက်တာ ချစ်စရာကောင်းပါတယ်။ တော်သေးတာပေါ့၊အဖိုးကြီး အသဲလေးထားရင် အသဲကွဲတတ်သည်မပါလို့။
စာဖတ်ပြီး ပျော်သလိုလိုရှိလို့ပါ။

Blue is True. Really?
U Naing Win
London

ကိုအောင်(ပျူနိုင်ငံ) said...

မင်္ဂလာဆောင်မှာ မုဆိုးမတွေ၊ တခုလပ်တွေ မပြင်ဆင်ရတာတော့ တွေ့ဖူးတယ်၊ ဘာကြောင့်လဲလို့ မေးကြည့်တော့ သူုတို့ သိပ်မရှင်းကြဘူး၊ “မင်္ဂလာဦးမှာ လင်စုံမယားဖက် ပြင်တာ ပိုပြီး လာဘ်ရှိတယ်လို့ ထင်တာပဲ
လို့ ဖြေတဲ့သူ များတယ်”
ကောင်းတဲ့ ပို့စ်တစ်ခုပါ။

ရွှန်းမီ said...

တစ်နှစ်ထဲ ခဏခဏမင်္ဂလာပွဲလုပ်ရင် ပိုက်ပိုက်ကုန်မှာစိုးလို့နဲ့တူတယ်..

မင်္ဂလာဆောင်ခါနီး အိမ်ထောင်ရေးအဆင်မပြေတဲ့လူနဲ့တိုးရင် နဂိုကမှစိတ်လှုပ်ရှားနေတဲ့သတို့သမီးက စိတ်ကူးပေါက်ပြီး ထွက်ပြေးမှာစိုးလို့နဲ့တူတယ်..
=) အပျိုကြီးတွေဆိုရင်တော့ ပေးပြင်သလားမသိဘူး..

ညမှာဆံပင်ကြီးဖြန့်ပြီး အပြင်သွားတော့ လူတွေလန့်မှာစိုးလို့ဖြစ်မယ်.. သေချာမမြင်ဘဲ အထင်လွဲတတ်တယ်လေ..

ကျန်တာတွေမသိပါ..
နောက်တစ်ခုက ထမင်းဟင်းချက်ရင်း မငိုကောင်းဘူးဆိုတာပဲ ကြားဖူးတယ်။

flowerpoem said...

တစ်ချို့ဟာတွေတော့သိတယ် မသိတာတွေလည်းအားကြီးပဲ
ရှေးထုံးလည်းမပယ်နဲ့ ဈေးသုံးလည်းမလွယ်နဲ့ ဆိုတဲ့ ရှေးစကားအတိုင်းပေါ့ ကိုYoungGun

Anonymous said...

လူငါးယောက်ထက် ပိုပြီး မစုဝေးကောင်း
အမြင်မတော်တိုင်းလည်း ပြောချင်ရာ မပြောကောင်း
ဘုရားမှာ ဆုတောင်းပွဲမလုပ်ကောင်း
ခမောက် မဆောင်းကောင်း
ပင်နီအင်္ကျီ မ၀တ်ကောင်း
ကိုယ့်အိမ်ထဲမှာ ငြိမ်ငြိမ်ထိုင်နေတာ ပိုလို့ကောင်း။

Anonymous said...

လူငါးယောက်ထက် ပိုပြီး မစုဝေးကောင်း
အမြင်မတော်တိုင်းလည်း ပြောချင်ရာ မပြောကောင်း
ဘုရားမှာ ဆုတောင်းပွဲမလုပ်ကောင်း
ခမောက် မဆောင်းကောင်း
ပင်နီအင်္ကျီ မ၀တ်ကောင်း
ကိုယ့်အိမ်ထဲမှာ ငြိမ်ငြိမ်ထိုင်နေတာ ပိုလို့ကောင်း။

ဒါလေကိုကြိုက်တယ်ဗျာ။

Anonymous said...

မာဆတ်မသွားကောင်း။ ကေတီဗွီမသွားကောင်း။ ဘီယာမစုတ်ကောင်း။ပိုက်ပိုက်များများမသုံးကောင်း။ ခဏခဏမချိန်းကောင်း ။ အဲဒါလေးတွေပါထည့်မောင်ရမ်းရေ။

ကိုဖုန်း

YoungGun said...

ဘောင်းဘီ မချွတ်ဘဲ အင်အင်းမပါကောင်း၊ လက်မဆေးဘဲ မန်မန်မစားကောင်း၊ ကြယ်သီးမဖြုတ်ဘဲ...အဲ..အဲ..

Sayarphone said...

ဆရာတေးနဲ့ချိုစို့ဖက်များ ဖြစ်ခဲ့သလားကွယ်။ လေသံတွေက ...ညီညာထကြွလိုက်ကြပုံ။

ကိုဖုန်း။

Anonymous said...

ညအချိန် ဆံပင် ဖြန့် ပြီးေ တာ့ အပြင် ကို အကြိမ် ပေါင်း များစွာ သွားဖူးတယ် .. ဘာလို့ မသွား ရလဲ မသိ လို့ လုပ် ခဲ့ ဖူး တယ် .. အ ရင် တုန်း ကတော့ ဆံပင် က အရှည် ကြီး .. အခု ထိ လည်း ဘာ လို့ မှန်း မသိ သေး ..... ကျေးဇူး ပါ မောင်ရန်းဂန်း ...........


mie nge

Anonymous said...

တချို့တော့ ကြားဖူးတယ်.. ဘာကြောင့်မှန်းတော့ မသိဘူး၊ မလိုက်နာနိုင်ပေမဲ့ မှတ်သားသင့်ပါပေတယ်ဗျာ

YoungGun said...

ဂမ္ဘီရပညာအရ ဆံပင်ထုံးဖွဲ့မှုကို ဖြေချခြင်းဟာ ကိုယ်တွင်းစွမ်းအင်တွေကို ဟင်းလင်းဖွင့်ပေးရာ ရောက်နေပြီး ကိုယ်တွင်းနဲ့ ပြင်ပစွမ်းအင်တွေ ထိတွေ့ နိုင်တယ်လို့ ယူဆပါတယ်။ ကိုယ့်ဆီက စွမ်းအင်က အားမကောင်း ဘဲနဲ့ ညဥ့်အခါ ပြင်ပမှ ဆံပင်ဖြန့်မိရင် ပြင်ပက မကောင်းဆိုးရွား စွမ်းအင်တွေက ဒုက္ခပေးနိုင်တယ်လို့ ယူဆပြီး .... ဒီမလုပ်ကောင်း..ပေါ်ပေါက်လာတယ်လို့ ..ဆရာသက်လုံစာအုပ်မှာ ဖော်ပြ ထားကြောင်းပါ မမီးငယ်.ရေ။

Anonymous said...

ရှင်းပြပေးတာ ကျေးဇူးပါ မောင်ရန်းဂန်း ....

mie nge

JulyDream said...

အဲဒီစာအုပ်ကို အခုမှ သိတော့ ဝယ်ဖို့ အချိန်မမှီလိုက်ပြန်ဘူးကွယ်။ ညွှန်းဆိုတဲ့သူရဲ့ စေတနာကို မြင်မိလို့ နောက်တစ်ခါ ပြန်ရင် ဝယ်ဖတ်ကြည့်ပါအုံးမယ်။ =)