Wednesday, February 10, 2010

မတော်တဆများအကြောင်း

ဒါနဲ့ပဲ နှစ်ပေါက်အောင် မကိုင်ဖြစ်တော့တဲ့ တားရော့ကားထုပ်လေး ဆွဲဖွင့်လိုက်တော့ လက်ထဲ လျှောခနဲ ပါလာတာက တစ်ချိန်တခါက ကိုယ့်ရဲ့ လမ်းညွှန်ကဒ် ဖြစ်ခဲ့တဲ့ Hermit သူတော်စင်ရသေ့ ကားချပ်ဖြစ်နေလေရဲ့။



၂ဝဝ၇ မိုးရာသီကာလ ညဥ့်သန်းခေါင်များ၊ သူတကာလို မိုးအေးအေးနဲ့ မကွေးနိုင်ဘဲ မျက်စိအကျယ်သားနဲ့ ကြည့်နေမိတာက သဘာဘေး အန္တရာယ်၊ မီးတောင်ပေါက်ကွဲမှု၊ ရေကြီးမှု၊ လေမုန်တိုင်း၊ လေဆင်နှာမောင်း၊ ငလျင်နဲ့ ကမ္ဘာပျက် ရုပ်ရှင်တွေ စုစည်းထားတဲ့ DVD အခွေ၊ နေ့စဉ်ရက်ဆက် စိတ်ပါလက်ပါ ဘာလို့များ ကြည့်နေမိပါလိမ့်..။ ကိုယ်တိုင်က ဟာသဇာတ်လမ်းပဲ အကြည့်များသလောက် ဒီလိုမိုးစွေတဲ့ ရက်ပိုင်းတွေမှာ မကြုံစဖူး ထူးထူးဆန်းဆန်း ဘေးဥပါဒ်ကြီးကျတဲ့ ရုပ်ရှင်တွေချည်း ဘာလို့ အာသာတွေ့နေခဲ့ပါလိမ့်..။

ဆရာဇေယျာမောင်က အဲဒီစာအုပ်ဖတ်ကြည့်၊ ကိုရန်းဂန်း စိတ်ဝင်စားစရာတွေ တွေ့လိမ့်မယ်တဲ့။ မင်းခိုက်စိုးစန်ရဲ့ သေမင်းရှုံးတဲ့ လောင်းကစား ဝထ္ထု၊ ဒေါင်းလုပ်ဆွဲထားပြီး မဖတ်ဖြစ်ဘဲ နေ့လရက်ကြာ၊ တစ်ရက်မှာတော့ Angels and Demons ဆိုတဲ့ ရုပ်ရှင် အမှတ်မထင် ကြည့်ဖြစ်တဲ့ည၊ အံ့ဘနန်း Illuminati ဆိုတဲ့ ဥာဏ်အလင်းတန်း စာစုလေးကို ရုပ်ရှင်ထဲ ငေးမော၊ ရုပ်ရှင်အပြီး ကွန်ပြူတာလေးဖွင့်ပြီး မင်းခိုက်စိုးစန်စာအုပ် အမှတ်တမဲ့ ဖွင့်အကြည့်၊ အဲဒီစာအုပ် ထဲမှာကလည်း Illuminati ဆိုတဲ့ စာတန်းလေးကို ကိုယ့်ကို ကြိုဆိုနေ။

မကြင်နာမယ့် အင်္ဂါဆိုတဲ့ မကြာမီ ငလျင်လှုပ်နိုင်ကြောင်း ပို့စ် ဘလော့ဂ်ပေါ် တင်အပြီး သိပ်မကြာခင်၊ ညဥ့်သန်းခေါင်အချိန် အိပ်နေရာက ရုတ်တရက် ခုန်အထ၊ ဘာလို့များ ဟောဒီကြမ်းပြင်က ငလျင်လှုပ်သလို ဆတ်ဆတ်ခါသွားတယ် ခံစားရသလဲ။ မနက်လင်း သတင်းတွေ လိုက်အဖတ် ... အိုဘယ့်ဟေတီငလျင်၊ အိုးအိမ် အသက်ပေါင်းများစွာ..။

ဟိုတလောက နက္ခတ်တာရာတွေအကြောင်း ဖတ်ဦးမဟဲ့ စိတ်ကူး၊ ဆရာပေါင်းတည်ဘုန်းကြည်ရဲ့ နက္ခတ်ကြည့်ရှုနည်းနဲ့ ကြယ်ပုံပြင်စာအုပ် ဘေးနားချ၊ ညစဉ်လှန်လှော လေ့လာဖို့ပြင်၊ ရုံးထဲက ညီအစ်ကိုတစ်ဦးက ဟောသည်ဇာတ်လမ်း ကောင်းသတဲ့။ သူပေးလာတဲ့ ဇာတ်လမ်းက Knowing ..ဆိုတဲ့ ရုပ်ရှင်၊ နက္ခတ္တဗေဒပညာရှင်တစ်ဦးရဲ့ ကြိုတင်သိမြင် စွန့်စားခန်းများ ဖြစ်နေပါသတဲ့။

တိုက်ဆိုင်မှုဆိုတာ၊ မတော်တဆဆိုတာ တစ်ခါနှစ်ခါလောက်ပဲ ကောင်းပါတယ်။ ဒါနဲ့ပဲ နှစ်ပေါက်အောင် မကိုင်ဖြစ်တော့တဲ့ တားရော့ကားထုပ်လေး ဆွဲဖွင့်လိုက်တော့ လက်ထဲ လျှောခနဲ ပါလာတာက တစ်ချိန်တခါက ကိုယ့်ရဲ့ လမ်းညွှန်ကဒ် ဖြစ်ခဲ့တဲ့ Hermit သူတော်စင်ရသေ့ ကားချပ်ဖြစ်နေလေရဲ့။


6 comments:

saiaung said...

သေမင်းရှုံးတဲ့ လောင်းကစား ဝထ္ထု သတိုးတေဇ ရေ: တာ
မင်းခိုက်စိုးစန် မဟုတ်ဘူး

YoungGun said...

ဟုတ်ကဲ့..သတိုးတေဇဆိုတာ မင်းခိုက်စိုးစန်ပါပဲဗျာ

akaraung said...

ဟီ:ဟီ:
သိဘူး ဗျ
စာရေ:ဆရာအသစ် ထင်တာ

အိမ် said...

ဟင်.. ဘာ..ဘာ..ဘာကိုပြောချင်တာလဲဟင်.. မျက်စေ့တင်မကဘူး လူပါလည်သွားတယ်

မြစ်ကျိုးအင်း said...

Hermit ရဲ့ ဖွင့်ဆိုချက်က ဘာလဲဗျ

Anonymous said...

Hermit ၀ိဇ္ဖာမ (ခေါ်) စုန်းမ

အောက်လမ်းနည်း ပညာရပ်တွေကို လေ့လာချင်တဲ့ ဆန္ဒရှိတယ်၊ (စုန်းမ ထုံးစံအတိုင်း :D)
ကာယစွမ်းအားထက် ဥာဏစွမ်းအားကို ပိုအသုံးချမှ အောင်မြင်မယ်။