Friday, February 12, 2010

ဗေဒင်အခမဲ့ သင်ပေးမယ်၊ ဟောပေးမယ်

ဘာပဲဖြစ်ဖြစ် စစ်မှန်တဲ့ မြန်မာ့ဗေဒင်ပညာတွေ ၊ တကယ်တတ်လို့ တကယ်ကျော်မယ့် ပုဂ္ဂိုလ်တွေ များများ ပေါ်ထွက်ပါစေလို့ မျှော်လင့်လိုက်ပါတယ်။





ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်၊ သမဝါယမဝန်ကြီးဌာန ဓမ္မာရုံမှာ တည်ထောင်ထားတဲ့ မြန်မာနိုင်ငံ ဗေဒင်ပညာရှင်များ အသင်း (Myanmar Veda Scholastic Association) ကနေ ကြီးမှူး ဖွင့်လှစ်တဲ့ အခမဲ့ဗေဒင်ပညာ သင်တန်းမှာ သင်တန်းသားဦးရေကို တိုးမြှင့်လက်ခံသွားမယ်လို့ Weekly Eleven ဂျာနယ်မှာ ဖော်ပြထားပါတယ်။ သင်တန်းမှာ နက္ခတ်ဗေဒင်ပညာ၊ ဆန်းဗေဒင်ပညာ၊ ပေါ့ပေါ့ပါးပါး မဟာဘုတ်၊ လောကဓံ မဟာဘုတ်ပညာ၊ အင်္ဂဝိဇ္ဇာ မဟာကာလကြီးနဲ့ လက္ခဏာပညာတွေကို သင်ကြားပေးမယ်လို့ သိရပါတယ်။ သင်တန်းကာလကတော့ ဖေဖော်ဝါရီ ၁၃ ကနေ ဧပြီ ၂၇ အထိ ဖြစ်ပါတယ်။

အဲဒီအသင်းကပဲ လာမယ့် ဖေဖော်ဝါရီ ၂၇ ရက်နေ့ မနက် ၉ ကနေ ညနေ ၅ အထိမှာ အသင်းတည်ရှိရာ
ဓမ္မာရုံ မှာပဲ အခမဲ့ ဗေဒင်ဟောပြောတာ၊ ကွန်ပြူတာဇာတာ အခမဲ့ထုတ်ပေးတာတွေ ပြုလုပ်ပေးမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ တစ်လတစ်ကြိမ် ကျင်းပလေ့ရှိတဲ့ အခမဲ့ဗေဒင်ဟောပွဲမှာ ဆရာဦးကံစိန် (
နက္ခတ္တဗေဒသုတေသီ)၊ ဆရာကောင်းမြတ်ကျော်၊ ဆရာဦးအောင်မိုးဇော်၊ ဆရာဦးဇေယျာမိုး၊ လောကဓံဆရာ ဦးထွန်းရီ၊ ဗေဒင်ပညာ ဆရာအောင်ခန့်၊ ဆရာအောင်ကိုဟန် အစရှိတဲ့ ဗေဒင်ပညာရှင် ၁ဝ ဦးက ဟောပြောပေးမှာ ဖြစ်ပါတယ်။ ဗေဒင်မေးမြန်းလိုသူတွေအနေနဲ့ မြန်မာနိုင်ငံ ဗေဒင်ပညာရှင်များ အသင်းမှာ တိုကင်တွေ လာထုတ်နိုင်ပြီလို့ သိရပါတယ်။

ဒီသတင်းမှာ ကျွန်တော် သတိထားမိတာက နက္ခတ်ဗေဒင်အဖွဲ့တွေ၊ သင်တန်းတွေ နည်းတူ မြန်မာ့ရိုးရာ ဗေဒင်ဆရာတွေကလည်း အသင်းအဖွဲ့တွေ ထောင်ပြီး ပညာတွေဖြန့်ဖြူးနေပြီ ဆိုတာပါပဲ။ နောက်ပြီး ဒီအဖွဲ့မှာ ပါဝင်တဲ့ ဆရာဦးဇေယျာမိုးနဲ့ ဗေဒင်ပညာဆရာအောင်ခန့်ဆိုတဲ့ ဆရာနှစ်ဦးဟာ ဂမ္ဘီရမဂ္ဂဇင်းမှာ ပင်တိုင်ရေးနေတဲ့ ဆောင်းပါးရှင်တွေ ဖြစ်ပြီး ဆရာဦးဇေယျာမိုးဆိုတာ .. ဘောလုံးဂျာနယ်တွေမှာ ဗေဒင်ခန့်မှန်း ဟောကိန်းတွေ ရေးနေတဲ့ မင်းခေါင် (မော်ကျွန်း) ဆိုတာ သတိထားမိပါတယ်။ ဘာပဲဖြစ်ဖြစ် စစ်မှန်တဲ့ မြန်မာ့ဗေဒင်ပညာတွေ ၊ တကယ်တတ်လို့ တကယ်ကျော်မယ့် ပုဂ္ဂိုလ်တွေ များများ ပေါ်ထွက်ပါစေလို့ မျှော်လင့်လိုက်ပါတယ်။ ဂိုဏ်းထောင်ပြီး တပည့်မွေး၊ ဆရာချင်း ပြန်ဆော်၊ အတင်းတုတ်တာမျိုး၊ ခွဲပြဲတဲ့ ဇာတ်လမ်းတွေ ထပ်ဖြစ်မလာပါစေနဲ့လို့လဲ ဆုတောင်းပါတယ်ဗျား။



 

5 comments:

Anonymous said...

ပညာရှာမှီးကြသူတွေအတွက် သတင်းကောင်းပဲ။
အခုမှ စသင်မယ့်သူတွေအနေနဲ့ တော့ သင်တန်းကာလ ရက် ၇၀ ကျော်(ဒါတောင် ပိတ်ရက်တွေပြန်နှုတ်ရဦးမယ်)လောက်သင်ပြီး ဗေဒင်ဆရာ အမည်ခံကြမယ်၊ ဓါတ်ရိုက်ကြမယ်၊ ယတြာဆင်ကြမယ်ဆိုရင်တော့ . . .

ကိုအောင်(ပျူနိုင်ငံ) said...

သင်တန်းကြားရတာ ကျေးဇူး ညီလေးရေ။

TTT said...

သတင်းကောင်းပါပဲ။

BlackDevil said...

:( >>> :) >>> :D

K said...

သတိထားပြီးသွားစေချင်တယ်။တက်ဖို့၊မတက်ဖို့ကတော့ကိုယ်အရည်အချင်းနဲ့ကိုယ်ဆုံးဖြတ်ပေါ့ဗျာ၊ကျွန်တော်အဖို့ပြော၇ရင် NO ဘဲ။