Monday, March 8, 2010

ခုနှစ်စင်ကြယ်က ပြောနေသည်

ခုနှစ်စင်နှင့် ရှစ်စဉ်ကြယ်ကောင်း၊ ကြယ်မိချောင်း၊ ခေါင်းကား ဦးဆောက်၊ မြင်းမိုရ်အောက်သို့ ရောက်လေပြီဟု....





ကျွန်တော်တို့ ငယ်ငယ်ကလေးဘဝတည်းက ရင်းနှီးကျွမ်းဝင်ခဲ့တဲ့ ကြယ်စုကို ပြပါဆိုရင် ခုနှစ်စင်ကြယ်နဲ့ မောင်ရင်ဆိုင်းထမ်း ကြယ်တွေလို့ ပြောနိုင်မယ် ထင်ပါတယ်။ မြောက်အရပ်ကို ညွှန်ပြနေကျ ဓူဝံကြယ်ကို ဦးတည် လှည့်ပတ်နေတဲ့ ခုနှစ်စင်ကြယ်ကနေ ၇ ရက်သားသမီး ဗေဒင်မျိုးနဲ့ ထူးခြားတဲ့ ကမ္ဘာ့ရေးရာတွေအကြောင်း နိမိတ်ဖတ်လို့ ရတယ် ဆိုတာ ကတော့ လေ့လာသူတစ်စုလောက်ပဲ သိနိုင်မှာ ဖြစ်ပါတယ်။

ခုနှစ်စင်ကြယ်ရဲ့ ဓူဝံကြယ်ဆီ ဦးခိုက်ထားတဲ့ ကြယ်ကနေ စတင်ပြီး လင်္ကာလေးနဲ့ ရေတွက်ရင် ပ၊ ညာ၊ နည်း၊ လှ၊ သူ့၊ အောက်၊ ကျ ဆိုတဲ့ ဂြိုဟ် ၇ လုံးစာ အဟောတစ်ခုကို ရရှိလာမှာပါ။ ဆိုလိုရင်းကတော့ ကောင်းကင်နက္ခတ် ကြည့်တဲ့အခါ အဲဒီခုနှစ်စင်ကြယ်တန်းမှာ မှေးမှိန်နေတဲ့ကြယ်ကို ကိုယ်စားပြုတဲ့ နေနံသားသမီးတွေက ကံဇာတာ ညိုးမှိန် နိုင်တယ် ဒါမှမဟုတ်၊ ဂြိုဟ်ပရိယာယ် ဆိုင်ရာတွေ ပျက်ဆီးနိုင်တယ် လို့ ရှေးဆရာတွေက နိမိတ်ဖတ် ခဲ့ကြပါတယ်။

ခုနှစ်စင်ကြယ်ရဲ့ အမြီးစွန်းကနေ ပြန်ရေတွက်လို့ ဒုတိယမြောက်ကြယ်ဟာ တနင်္ဂနွေ အနောက်တိုင်း နက္ခတ်ပညာအရ Mizar ဆိုတဲ့ ကြယ်တာရာပဲ ဖြစ်ပါတယ်။ ဒီကြယ်ကတော့ နဂိုတည်းက မှေးမှိန် နေတာကြောင့် သူ့အလင်းကိုတော့ တခြားကြယ်တွေလို မဟုတ်ဘဲ သတိထားချင့်ချိန်ရမှာ ဖြစ်ပါတယ်။

နောက်ပြီး ခုနှစ်စင်ကြယ်လို့ ဆိုပေမဲ့ တကယ်တမ်းမှာ အမြီးစွန်းကနေ ပြန်ရေတွက်တဲ့ ဒုတိယမြောက် တနင်္ဂနွေကြယ်ဘေးနားမှာ အနောက်တိုင်းအခေါ် Alcor ၊ အရှေ့တိုင်းမူ အရုန္ဓတီ ဆိုတဲ့ ကြယ်မှုန်မွှားလေး တစ်စင်း ရှိပါသေးတယ်။ မျက်မှန်စမ်းသပ်တဲ့ ကိရိယာတွေ မပေါ်မီက အဲဒီကြယ်မှုန်လေးကို မျက်စိကောင်း၊ မကောင်းစမ်းသပ်တဲ့ ကိရိယာအဖြစ် ကြည့်ခိုင်းတယ်လို့ ဆိုပါတယ်။

ရှေးမြန်မာတွေက ခုနှစ်စင်ကြယ်ကို မိချောင်းတစ်ကောင်လို မြင်ခဲ့တာကြောင့် ကြယ်မိချောင်းလို့လည်း ခေါ်ဝေါ်ကြပြန်ပါတယ်။ အနောက်တိုင်းစနစ်မှာတော့ ဒီခုနှစ်စင်ကြယ်ဟာ ဝက်ဝံပုံစံကြယ်စုကြီးရဲ့ အစိတ်အပိုင်းတစ်ခု အဖြစ်သာ ဖော်ပြထားပါတယ်။ တချို့အင်္ဂလိပ်ကျမ်းတွေမှာတော့ ထယ်ပုံလို့ ယူဆပြီး အမေရိကန်တွေကတော့ ရေမှုတ်ပုံစံ၊ ယောက်ချိုပုံစံသာ မြင်ကြတဲ့အတွက် ရေမှုတ်ကြီး၊ ယောက်ချိုဇွန်းကြီးလို့ ဆိုပြန်ပါတယ်။ သင်္ကရိုက်ဘာသာမှာတော့ ခုနှစ်စင်ကြယ်ကို ရသေ့ ၇ ဖော်အဖြစ် ခေါ်ဆို ထားပါတယ်။


ဘာပဲဖြစ်ဖြစ်၊ ဘယ်လိုပဲခေါ်ခေါ်၊ ခုနှစ်စင်ကြယ်ကနေ ဗေဒင်တွက်လို့ရတယ်ပဲ ပြောပြော တိမ်မြုပ်မသွား သင့်တဲ့ နိမိတ်ဖတ်ပညာတစ်ခုအဖြစ် ရှာဖွေတင်ပြလိုက်ပါတယ်။


3 comments:

ကိုအောင်(ပျူနိုင်ငံ) said...

စိတ်ဝင်းစာစရာပဲ ညီလေးရေ၊ ဗဟုသုတတွေ မျှဝေပေးတာ ကျေးဇူးပါ။

flowerpoem said...

ခုနှစ်စင်ကြယ်အကြောင်း လာဖတ်ပါတယ် ကို YoungGun ရေ

မိုးမောင် said...

အခုမှ ကြားဖူးတယ်ဗျို့။ လာရောက်ဖတ်ရှုသွားပါကြောင်း။ :)