Tuesday, March 16, 2010

တန်းအောက်တိုင်ခြေ၊ နဂါးခွေ...

တန်းအောက်တိုင်ခြေ၊ နဂါးခွေ၊ အိမ်နေ မိန်းမ သန္ဓေရ၊ သန္ဓေရက ထိုမိန်းမ ဒေသသီရိ၊ ရွှေ့ပြောင်းဘိ၊ မပြောင်းရှိနေ အမြန်သေ၊ လောင်လေများစွ၊ မီးပေါင်းခ။ (သုံးတန်ပေါ်နိစ် အဟောဋီကာကျမ်း..မှ ကောက်နုတ်ချက်)



မြန်မာ့ရိုးရာ သုံးတန်ပေါ်နိစ် ဗေဒင်ပညာမှာ အဲဒီလင်္ကာလေးတစ်ခုက အိမ်မှာရှိတဲ့ မိန်းမ ကိုယ်ဝန်ရမယ် ဆိုတာကို ဖော်ညွှန်းထားပါတယ်။ ဟောကိန်းအတိုင်း အိမ်မှာ ကိုယ်ဝန်ဆောင် ရှိတယ်ဆိုရင် သီရိအရပ်ကို ပြောင်းရွေ့ပေးရမယ်လို့ ဆိုပါတယ်။ တကယ်လို့ မရွှေ့ပြောင်းမိရင် အမှုသောကပွေတာ၊ မီးလောင်တာတွေ ဖြစ်တတ်တယ်လို့ လင်္ကာမှာ အထင်းသား ဖော်ပြထားပါတယ်။

မနှစ်ကပေါ့။ အသက်ကြီးမှ အိမ်ထောင်ကျတဲ့ ဇနီးမောင်နှံထဲက ယောင်္ကျားဖြစ်သူကနေ သူတို့ကလေး လိုချင်တာ ကြာပြီ။ အခုထိ ဖြစ်မလာဘူးတဲ့။ ဘယ်တော့များ အိမ်ရဲ့ ဆည်းလည်းသံလေး ကြားရပါ့မလဲတဲ့။ ဒါနဲ့ တွက်ချက်ကြည့်တော့ သူ့ရဲ့ သက်ရောက်တိုင်မှာ နဂါးဆိုတဲ့ စနေက တိုင်ခြေမှာ ခွေနေတာ တွေ့ရပါတယ်။ ကိန်းအရ ဝင်လာတာတွေ့ရပေမဲ့ အဖြည့်အဖြစ် အိပ်ခန်းနံရံတွေမှာ ချစ်စရာ ကလေးပုံလေးတွေ အပြည့်ကပ်ခိုင်းလိုက်ပါတယ်။ ကျန်တာကတော့ ကိုယ့်ဖာသာ မီးစင်ကြည်ကပေါ့ လို့ အကြံပေးလိုက်ပါတယ်။ သိပ်မကြာသေးခင်ကပဲ  ပြုံးဖြီးဖြီးမျက်နှာပေးနဲ့ လက်မကို ထောင်ပြီး အောင်ပြီ..လို့ သုံးကြိမ် ဟစ်ကြွေး လာတာကတော့ ကလေးလိုချင်လှပါတယ်ဆိုတဲ့ ကိုယ့်ဆရာပါပဲ။

တိုက်တိုက်ဆိုင်ဆိုင်ပါပဲ။ နောက်တစ်ယောက်ကျတော့ ကလေးမလိုချင်သေးပါဘူးဆိုတဲ့ ကိုယ့်ဘော်ဒါ တစ်ယောက်။ မိန်းမက ကလေးလိုချင်။ သူက မလိုချင်နဲ့ ။ နောက်ဆုံး နဂါးခွေလိုက်တဲ့ သက်ရောက်မှာပဲ ကိုယ်တော်ချောက သားသားမီးမီး ကြိုက်ရာယူရတော့မယ့် အခြေအနေဆိုက်သွားရှာပါတယ်။

နက္ခတ်ဗေဒင်ပညာမှာတော့ ကိုယ်ဝန်တွေ၊ ကလေးတွေ ဘာတွေနဲ့ ပက်သက်တဲ့ သားသားမီးမီး ကိစ္စတွေကို ၅ တန့်၊ ၂ တန့်၊ ၁၁ တန့်တွေကနေ ဆင့်ပွားကြည့်ရှုလေ့ ရှိတယ်လို့ မှတ်သားဖူးပါတယ်။ တားရော့ကဒ်မှာတော့ ကိုယ်ဝန်ဆောင် နိမိတ်ပုံတစ်ခု ဖြစ်တဲ့ Empress ဧကရီကဒ်နဲ့ ပက်သက်လာရင် ရည်းစားကို အလိုမလိုက်ရဘူးနော်လို့ တားရော့ဆရာတွေ အဟောထုတ်ကြတာ တွေ့ဖူးပါတယ်။

မြန်မာ့ရိုးရာသုံးတန်ပေါ်နိစ်ပညာအရ တန်းအောက်တိုင်ခြေမှာ နဂါးဆိုတဲ့ စနေဂြိုဟ် ရောက်ရှိ နေစဉ်မှာတော့ အိမ်က မိန်းမ ကိုယ်ဝန်ဆောင်ကိန်းရှိတာကို ဖော်ပြထားသလို၊ ဆန်းကျမ်း ဗေဒင်ပညာမှာလည်း ဒီဥပဒေသကို တနည်းတဖုံ အသုံးချတာ မြင်ဖူးပါတယ်။ ဒါပေမဲ့ ဆန်းကျမ်းမှာကျတော့ တန်းစီး အဝင်ဌာနမှာ ၂-၅ တွဲကို မြင်ရတာနဲ့ ဂဗ္ဘေဆိုတဲ့ ကိုယ်ဝန်ဓာတ်ဖြစ်တဲ့ ဗိုက်ဖြစ်မယ့်ကိန်းကို လှလှပပ ဆင်ပြထားပါတယ်။ ပုံမှန်အယူအဆမှာတော့ သားသမီးဂြိုဟ် ဗုဒ္ဓဟူး အဝင်ဌာနမှာ ရှိရင် ကလေးရနိုင်တယ်လို့ ဆိုပါတယ်။

ဘယ်လိုပဲ ရရ၊ ဘယ်လိုပဲ အောင်ပြီ အောင်ပြီ...လူဖြစ်ပြီလို့ အော်အော်..။ လူ့ပြည်က အပ်တစ်စင်းနဲ့ ဗြဟ္မာ့ပြည်က အပ်တစ်စင်းပဲ ဝင်ဆောင့်ဆောင့်၊ အူဝဲ ဆိုတဲ့ နားဝင်ပီယံသံစဉ်လေးတွေအစမှာ နဂါးတစ်ကောင် ရှိနေတယ်လို့ လက်တို့ လိုက်ပါရစေဗျာ။
 

2 comments:

Dream said...

နဂါးတစ်ကောင်.....း(

အိမ် said...

ကျန်တာကတော့ ကိုယ့်ဖာသာ မီးစင်ကြည်ကပေါ့ လို့ အကြံပေးလိုက်ပါတယ်။
ဒါပဲလားဗျ.... မယုံဘူး ကိုယ့်ဆရာအကြောင်း သိပြီးသားဆိုတော့ ဟဲဟဲဟဲ ကိုယ်ထိလက်ရောက် လိုက်မကူညီမယ်ဆိုတာ သိပြိးသား... ဟားဟားဟား... ခိခိခိ... သွားလူဇိုး ရေလဲ မချိုးဘူး...။