Wednesday, March 24, 2010

ဗေဒင်ဆရာတွေ လက်ခမောင်းခတ်ဖို့

ဂလို သတင်းတွေအရဆိုရင် ကျွန်တော်တို့ ဗေဒင်လောကသားတွေ ဗိုက်ခွေးနမ်းမယ့် ကိန်း၊ ဖုတ်သွင်းရထား ဆိုက်ကိန်းတွေ အော်တိုမစ်တစ် ကြုံရတော့မယ်လို့ မှန်းမျှော်မိပါတယ်။





ဝါရှင်တန်ဒီစီ အခြေစိုက် Pew Research Center ရဲ့ စစ်တမ်းတစ်ခုအရ အမေရိကန်နိုင်ငံသား ခရစ်ယာန်ဘာသာဝင် ၅ ဦးမှာ ၁ ဦးဟာ နက္ခတ်ဗေဒင်၊ သံသရာ စက်ဝန်းနဲ့ သစ်ပင်လိုမျိုး အရာဝထ္ထုတွေမှာ နာမ်ဓာတ်စွမ်းအင် ကိန်းအောင်းနေတယ် ဆိုတဲ့ အယူအဆတွေကို ယုံကြည်ကြတယ်လို့ သိရပါတယ်။ အတော်များများကလည်း စိတ်တန်ခိုးရှင်တွေနဲ့ ပျောက်စေဆရာ တွေကို တိုင်ပင်နှီးနှော အကြံဥာဏ်ယူလေ့ ရှိတယ်လို့ စစ်တမ်းမှာ ဖော်ပြခဲ့ပါတယ်။ ပြီးတော့ ခရစ်ယာန် ၇ ဦးမှာ ၁ ဦးက နက္ခတ်ဗေဒင်ဆရာတွေနဲ့ ဆွေးနွေး မေးမြန်းလေ့ ရှိတယ်လို့လည်း သိရပါတယ်။

အမေရိကန်က ဒီစစ်တမ်းထွက်ပေါ်အပြီး မကြာခင်မှာပဲ မြန်မာသတင်းဂျာနယ် Weekly Eleven မှာ မျက်နှာဖုံးအဖြစ် အထင်ကရ ဖော်ပြလာတဲ့ သတင်းက ကံကြမ္မာ အဆိုးအကောင်းအား နက္ခတ်ဗေဒင်ပညာရပ်များဖြင့် ကြိုတင်တွက်ချက်မှု ယခင်နှစ်များက ထက်ပို .. ဆိုတဲ့ သတင်းပဲ ဖြစ်ပါတယ်။ "ကံကြမ္မာအဆိုးအကောင်း ဖြစ်ပေါ်လာနိုင်မည့် အခြေအနေ ကြိုတင်တွက်ချက်မှု ပြုလုပ်ကြသူအများစုမှာ ယခင် ကာလများက အရေးကြီးသည့် ကိစ္စရပ်များ ရှိမှသာ တွက်ချက်မှု များကြပြီး ယခုနှစ်ပိုင်းတွင်မူ ယခင်နှစ်များနှင့် မတူဘဲ အရေးကြီးကိစ္စရပ် မရှိသော်လည်း ကြိုတင်တွက်ချက်လာကြမှုများ ပိုမို များပြား လာကြောင်း" အဲဒီသတင်းမှာ ဖော်ပြထားပါတယ်။

ဂလို သတင်းတွေအရဆိုရင် ကျွန်တော်တို့ ဗေဒင်လောကသားတွေ ဗိုက်ခွေးနမ်းမယ့် ကိန်း၊ ဖုတ်သွင်းရထား ဆိုက်ကိန်းတွေ အော်တိုမစ်တစ် ကြုံရတော့မယ်လို့ မှန်းမျှော်မိပါတယ်။ တဆက်တည်းမှာပဲ ကိုယ့်ကို အားကိုးတကြီး၊ ယုံကြည်လေးစားစွာနဲ့ လာမေးမြန်း တိုင်ပင်မယ့် ပရိသတ်တွေကို ဂွင်ဖန်မယ့်၊ သုံးလေးပတ် ရိုက်မယ့် ဆရာကြောင်ပါးတွေလည်း လက်ခမောင်းများ ခတ်နေမလားလို့ စိုးရွံ့မိပါလေရဲ့။

Eleven ဆိုဒ်မှာ ဖော်ပြထားတဲ့ ဒီသတင်းနဲ့အတူ သတင်းအောက်ခြေကနေ Comments တွေ ပေးပြီး ဗေဒင်ပညာကို ချီးမွန်းထောပနာပြုတဲ့ ပုဂ္ဂိုလ်လေးငါးယောက်ရဲ့ အမြင်တွေကိုလည်း အောက်ပါအတိုင်း ပြန်တင်ပြချင်ပါတယ်။

ကိုယ်.အရည်ချင်းကို မယုံကြည်သူတွေ ကိုယ်ဘ၀ တက်လမ်းကို ကိုယ်တိုင်မလုပ်တတ်သူတွေကတော. ဗေဒင်မေးကြမှာပါ အပိုအလုပ်တွေ...........၊ အရူးအလုပ်တွေ၊ ဗေဒင်ဆရာတွေက ကိုယ့်အနာဂတ်ကို ကြိုမြင်နိုင်တယ်လို့ ထင်နေတဲ့ လူတွေရှိတာ တကယ်အံ့သြစရာပါ၊ ဘာသာရေးလုပ်ပေါ့ဗျာ ဘုရားမှလွဲ အားကိုးစရာ မရှိပါ ကောင်းသောအလုပ် ကောင်းသော အကြံ ကောင်းသော အသက်မွေးမှုအတွက် ဘာဗေဒင်ယတြာမှ မလိုပါ။

ကဲဗျာ... ကျွန်တော့်ဘလော့ဂ်လေးဆီ ရောက်ရှိနေကျ ဘော်ဒါရောင်းရင်းများရော ဘယ်လိုမြင်ပါသလဲဗျာ။ ကျွန်တော်ကတော့ ရဲမျက်မှန်ကြော်ငြာထဲက လေသံကြီးနဲ့ တစ်ခွန်း ပြောချင်ပါတယ်။ ဘာပဲ ပြော ပြော... တကယ်တော်သော၊ တကယ်တတ်သော၊ တကယ်မှန်သော၊ တကယ်စွမ်းသော ပညာရှင်တွေဟာ ကောဏ္ဍည အမျိုးအနွယ် သုဒတ္တပုဏ္ဏားကနေ နောင်လာမယ့် ခေတ်အဆက်ဆက် အထိ တောက်ပ တည်တံ့နေမယ်လို့ ယုံကြည်ကြောင်းပါ။



 

5 comments:

ဆောင်း said...

အင်္ဂလန်က စုံထောက်နဲ့ ပုလိပ်တွေလည်း အကြားအမြင်ကို အားကိုးကြရတယ်။ သူတို့ အတွက် ကုန်ကျစရိတ်တွေ သိန်း သောင်း ချီပေမဲ့ မမှန်တာတွေအတွက် ငွေဖြုန်းတယ် လို့ သတင်းစာထဲမှာ အော်နေကြတယ်။

ရွှန်းမီ said...

ဝေဒပညာကို ခုတုံးလုပ်ပြီး အကျိုးမျှော်တာမျိုး မဟုတ်တဲ့ ပညာရပ်ကို လေးစားတဲ့သူများအားလုံးကို လေးစားပါတယ်။
တကယ် မမှန်တဲ့ အကျိုးမရှိတဲ့အရာ ဆိုရင် နှစ်ပေါင်းများစွာ လူတွေဘာလို့ လက်ခံလာကြတာလဲ။ ကိုယ့်ကိုကိုယ် ယုံတာ မယုံတာ တစ်ခုတည်းနဲ့ မဆိုင်လောက်ဘူးထင်တယ်နော်။

JulyDream said...

ဆရာလေးရဲ့ဗိုက် ခွေးနမ်းရင် ပြောအုံးနော်။ =)

Younggun said...

ဟုတ်ကဲ့ အစ်ကိုရေ..အခုတော့ ခွေးဗိုက် ပြန်နမ်းရမယ့်ကိန်း ရှိတယ် ဟဲဟဲ..

အုပ်စိုး said...

ကမ္ဘာမီးလောင် သားကောင် ချနင်းပဲ... ဘယ်ပြေးမလဲ မိချိုသဲ... ဟဲဟဲဟဲ... :)

အဲလို ပြောပြီးတော့သာ ပြုံးလိုက်ချင်တော့တယ် ကိုရန်းဂန်းရေ...။