Monday, April 26, 2010

ဗေဒင်အယူ ဘယ်လိုယူ

ဆရာကြီးရဲ့ အယူအဆနဲ့ တခြားသော ဆရာတွေ အယူအဆ တူချင်လည်း တူ၊ တစ်စိမှ မတူအောင် ကွဲပြားတာလည်း ရှိပါလိမ့်မယ်။

ဒီကလေး မွေးပြီးမှ အကျိုးပေးတယ်။ 

စီးပွားတက်တယ်။ ယောင်္ကျား ကံနိမ့်နေချိန်မှာ မိန်းမက ကံကောင်းနေရင် မိသားစု စီးပွားရေး ခုသာခံသာ ဖြစ်မယ်။ ကလေးမရနိုင်တဲ့ ယောင်္ကျားကို ကလေးများများရနိုင်မယ့် ဇာတာရှင် မိန်းခလေးနဲ့ ပေါင်းဖက်ပေးမှ ကလေးရမယ် ဆိုတဲ့ အပြောအဆိုတွေနဲ့ ပက်သက်ပြီး တစ်ခေတ်တခါက ဗေဒင်လောကက ကိုင်လှုပ်ခဲ့တဲ့ KP နက္ခတ်ပညာရှင် ဆရာကြီးခရစ်ရှနားမူရ်တီးက...

ဒီအယူအဆတွေကို သဘောမတူပါဘူး။ မိဘရဲ့ ကံဆိုး၊ ကံကောင်းကို သားသမီးက မပြုပြင်နိုင်ပါဘူး။ ဇာတာရှင်တစ်ဦးတစ်ယောက်ရဲ့ ကံဆိုးကံကောင်းဆိုတာ သူ့ကံတရားလမ်းကြောင်း အတိုင်းသာ ဖြစ်ပြီး ဒီလမ်း အတိုင်းသာ ဖြစ်ပွားရမှာပါ။

သားသမီးမွေးပြီးမှ ချမ်းသာတယ်ဆိုတာ တိုက်ဆိုင်မှုတစ်ရပ်ပါပဲ။ အမိအဖတွေအနေနဲ့ အဲဒီသားသမီး မမွေးခင်က မကောင်းတဲ့ ဂြိုဟ်ကာလထဲမှာ ရောက်နေပြီး သားသမီးမွေးပြီးချိန်မှာ ကောင်းတဲ့ကာလထဲ ဝင်ရောက်လာတာကြောင့် ဒီလို တိုက်ဆိုင်သွားရတာပါ။ ကံကြမ္မာဆိုတာ ပြုပြင်ပြောင်းလဲလို့ မရစကောင်းပါဘူး။

ယောင်္ကျား ကံမကောင်းတာကို မိန်းမကံကောင်းတာနဲ့ ကြေပျက်စေဆိုတာလည်း မဟုတ်ပါဘူး။ ကံကောင်းသူက ကောင်းပြီး ဆိုးတဲ့သူက ဆိုးတာပါပဲ။ ကလေးရဖို့ မသေချာတဲ့ ယောင်္ကျားကို ကလေးများများ မွေးမယ်နိုင်တဲ့ အမျိုးသမီးနဲ့ ပေးစားမှ တော်မယ်ဆိုတဲ့ စဉ်းစားချက်ကလည်း မဖြစ်နိုင်ပါဘူး။ အားလုံးသော ကံကြမ္မာတွေဟာ ပြုပြင်မရဘဲ ကံတရားအတိုင်းပဲ တစ်ဦးချင်းမှာ ဖြစ်ပျက်နေကြပါတယ်။

ဆရာကြီးရဲ့ အယူအဆနဲ့ တခြားသော ဆရာတွေ အယူအဆ တူချင်လည်း တူ၊ တစ်စိမှ မတူအောင် ကွဲပြားတာလည်း ရှိပါလိမ့်မယ်။ တချို့သော ဆရာတွေ၊ ပညာရှင်တွေကတော့ မိသားစု တစ်စုရဲ့ ရှေးအတိတ်ကံကြောင့် အခုဘဝမှာ လာဆုံဆည်းကြတာကြောင့် တစ်ဦးချင်းစီရဲ့ ကံအကောင်းအဆိုးတွေ ဆက်စပ်မှု ရှိနေမယ်လို့ ဆိုပါတယ်။ ကျွန်တော့်ရဲ့ ခင်မင်လေးစားရာ ဆရာတစ်ဦးဖြစ်တဲ့ ဆရာဝေသာလီမောင်ဖုန်းက မိသားစုကံတွေဟာ ဆက်နွယ်နေတယ်လို့ ပြောဖူးပါတယ်။

ဥပမာ မြန်မာ့ရိုးရာဗေဒင်နဲ့ ဟောတဲ့ ဆရာတစ်ချို့က ဗေဒင်မေးပရိသတ်ကို ဒီနှစ် ရွှေအဝင် မသင့်ဘူး။ မိသားစုထဲက တခြားသင့်တော်ရာ နေ့သားနဲ့ အစားထိုး ဝယ်ပါလို့ အကြံပေးတာ မြင်ဖူးပါတယ်။ နောက်တစ်ခါ ကလေးရဲ့ အမည်က မိဘအမည်နဲ့ မကိုက်ညီလို့ အမိ၊ အဖတစ်ဦးဦး စီးပွားကျသွားတာ၊ ကျန်းမာရေးညံ့တာတွေ ဖြစ်တတ်တယ်လို့ မြန်မာဗေဒင်တွေ ဆောင်းပါးတွေမှာ ရေးသားဖော်ပြကြပါတယ်။ ပြောရရင်တော့ ဒီကိစ္စအပေါ်အမြင်ချင်း မတူညီတာတွေက အတော်လေး ကျယ်ပြန့်ပါတယ်။

ဘလော့ဂ်လည်လာတဲ့ မိတ်သဟာအပေါင်းမှာလည်း ကလေးမွေးလို့ ထီပေါက် အမွေရ၊ စီးပွားဖြစ်သွားသူ၊ ကလေးမွေးပြီးမှ မွဲပြာကျသွားသူတွေ ရှိသလား၊ ဒါမှမဟုတ် မြင်ဖူးသလားဗျာ။ တကယ်လို့ လောကကြီးထဲကို အပြစ်မဲ့ သန့်ရှင်းဖြူစင်စွာနဲ့ ဝင်လာတဲ့ ကလေးက သားဦးစနေ မီးလိုမွှေတယ် ကိုယ့်ကို ဒုက္ခရောက်စေတယ်လို့ ထင်မြင်မိတယ်ဆိုရင် အဲဒီကလေးကို မိဘမဲ့ဂေဟာ သွားပို့လိုက်မှာလား...။ ဘာပဲဖြစ်ဖြစ် ငါ့သွေးငါ့သားဆိုပြီး ရင်ခွင်ထဲပိုက်ထွေးရင်း ဒုက္ခနွံထဲက အတူတူ ရုန်းကန် ဖောက်ထွက်ကြမလား...။ ဗေဒင်ကတော့ အယူအဆတွေ ကွဲပြားနေတယ်နော...။

မှတ်ချက်။ ။ KP နက္ခတ်ပညာရဲ့ အစွမ်းကို ဆရာတင်ဗိုလ်ဗိုလ် ( ကွန်ပြူဗေဒသုခုမ) ရဲ့ ဟောသည့် ဆောင်းပါးမှာ ဖတ်ရှုနိုင်ပါတယ်။



 

No comments: