Thursday, April 1, 2010

Political Astrology

Mundane Astrology ရဲ့ ထင်ရှားတဲ့ နောက်ထပ် လိုင်းခွဲတစ်ခုကတော့ Political Astrology ဆိုတဲ့ နိုင်ငံရေးရာ ဗေဒင်ပဲ ဖြစ်ပါတယ်။





နက္ခတ်ဗေဒင် နည်းစနစ်တွေထဲမှာ ထင်ရှားတဲ့ ကိုင်းခွဲတစ်ခုကတော့ Mundane Astrology ဆိုတဲ့ စနစ်ပါပဲ။ ဒီနည်းက လူကို ဟောတာ မဟုတ်ပါဘူး။ နိုင်ငံတွေရဲ့ ကံကြမ္မာ၊ ကမ္ဘာကြီးရဲ့ မနက်ဖြန်၊ ငလျင်၊ မုန်တိုင်း၊ မီးတောင်ပေါက်ကွဲမှု၊ ဧရာမ အကြမ်းဖက် တိုက်ခိုက်မှုကြီးတွေကို ဟောပြောတဲ့ နက္ခတ်ဗေဒင် ပညာတစ်မျိုးပဲ ဖြစ်ပါတယ်။

Mundane ဆိုတာ ကမ္ဘာလောကလို့ အဓိပ္ပါယ်ရတဲ့ လက်တင်ဝေါဟာရ Mundus စကားလုံးကနေ ဆင်းသက် လာပြီး ကမ္ဘာ့ရေးရာ၊ အဖြစ်အပျက်တွေကို ဟောကိန်းထုတ်တဲ့ ပညာ ဖြစ်ပါတယ်။ Mundane Astrology ရဲ့ ထင်ရှားတဲ့ နောက်ထပ် လိုင်းခွဲတစ်ခုကတော့ Political Astrology ဆိုတဲ့ နိုင်ငံရေးရာ ဗေဒင်ပဲ ဖြစ်ပါတယ်။

နိုင်ငံရေးဗေဒင်ဟာ နိုင်ငံတစ်နိုင်ငံ အစိုးရတစ်ရပ်ရဲ့ ဖြစ်တည်မှု၊ ပြည်သူလူထုရဲ့ အခြေအနေတွေကို ဟောဆို ဖော်ပြပေးတဲ့ နည်းစနစ်တစ်ခု ပါပဲ။ Mundane ကို လေ့လာဖို့ နည်းလမ်းနှစ်ခု ရှိပါတယ်။ ပထမနည်းလမ်း ကတော့ နိုင်ငံတစ်နိုင်ငံရဲ့ ဇာတာကို လေ့လာဆန်းစစ်ခြင်းပါပဲ။

နိုင်ငံရဲ့ ဇာတာဆိုတာကလည်း ဒီနိုင်ငံ စထူထောင်ချိန်၊ ဒါမှ မဟုတ် နယ်ချဲ့ ကိုလိုနီဘဝက လွတ်လပ်ရေး စရချိန်ကို ဖွဲ့ယူထားတဲ့ ဇာတာပဲ ဖြစ်ပါတယ်။ ဒုတိယနည်းကတော့ ရှေးရိုးနည်းလို့ ဆိုရပါမယ်။ ကမ္ဘာပေါ်မှာ တည်ရှိတဲ့ နိုင်ငံတွေရဲ့ ပထဝီ အနေအထား၊ ဖြစ်ပွားပေါ်ပေါက်ခဲ့တဲ့ သဘာဝဘေးတွေကို မူတည်သုံးသပ်ပြီး ရှေးအတီတေက ဂုရုအကျော်အမော်တွေက ဟောသည် ရာသီမှာ ဟောဒီနိုင်ငံတွေ၊ မြို့တော်တွေ ရပ်တည်မယ် စိုးမိုးမယ်လို့ ပုံသေချမှတ်ထားတဲ့ စနစ်ပဲ ဖြစ်ပါတယ်။ ဥပမာ .. ကျွန်တော်တို့ မြန်မာနိုင်ငံကို
တူရာသီက စိုးမိုးသလိုပေါ့။

လွန်လေပြီးတဲ့ ဒုတိယကမ္ဘာစစ်တုန်းက ဗြိတိသျှနဲ့ ဂျာမဏီ နှစ်ဖက်နိုင်ငံက အစိုးရတွေဟာ နက္ခတ်ဗေဒင် ဆရာတွေကို အပြိုင်အဆိုင် ငှားရမ်းအသုံးပြုပြီး တစ်ဖက်နိုင်ငံရဲ့ အခြေအနေ ဘယ်လို ဘယ်ပုံ ရှိမယ်ဆိုတာ စုံစမ်းထောက်လှမ်း ခဲ့ကြပါတယ်တဲ့။ အဲဒီထဲကမှ ဆွစ်လူမျိုးဗေဒင်ဆရာတစ်ဦးဟာ သူ့ရဲ့ တိကျမှန်ကန်တဲ့ ဟောချက်တွေကြောင့် နာဇီတွေရဲ့ အခါပေးဆရာ ဖြစ်ခဲ့ဖူးပါသတဲ့။

မြန်မာပြည်မှာတော့ တစ်နှစ်ခါ သင်္ကြန်စာဆိုပြီး တစ်ပြည်လုံးကို သိမ်းကြုံးဟောထားတဲ့ ဟောစာတမ်းကြီး ရှိပါတယ်။ မိဿရာသီဦးကို တနင်္ဂနွေစတင် ဖြတ်သန်းချိန်အပေါ် မူတည်ဖွဲ့ဆိုထားတဲ့ ဇာတာခွင်နဲ့ တစ်နှစ်စာ အဖြစ်အပျက်တွေကို ဟောဆိုထားပါတယ်။ ဟောဆိုရာမှာလည်း ဂြိုဟ်တွေ Cabinet ဖွဲ့တာကို မူတည်ပြီး တွက်ချက်လေ့ရှိတာ တွေ့ရပါတယ်။ ဥပမာ လာမယ့် ၁၃၇၂ ရဲ့ ဝေဿပတိ မင်း သမ္မတဂြိုဟ်ဟာ အင်္ဂါဂြိုဟ် ဖြစ်ပါတယ် အစချီပြီး ဟောကိန်းထုတ်တာမျိုးပါ။

ဒါတွေ လျှောက်ပြောနေလို့ ရန်းဂန်းတစ်ယောက် သံဟိတပညာအကြောင်း ကျွမ်းလှချည်လားတော့ မအောင့်မေ့ပါနဲ့။ တချိန်တခါက အကြောထ၊ နန့်နန့်တက်ပြီး စိတ်ဝင်စားလွန်းလို့ လျှောက်ဖတ် ထားသမျှထဲက မှတ်မိသလောက် ပြန်ရေးတာပါ။ မြန်မာ့နိုင်ငံရေး အပြောင်းအလဲမှာ Mundane , Political Astrology ကို ကျွမ်းကျင်ကြေညက်တဲ့ ပညာရှင်တွေက ဟောကိန်းထုတ်ဖို့ သတိရအောင် လက်တို့ သတိပေးလိုက်ချင်တဲ့ သဘောလေးရယ်ပါ။ အားလုံးကလည်း စိတ်ဝင်စားမယ် ထင်ပါတယ်။ အားလုံး အေးရာအေးကြောင်းနဲ့ မုန့်စိမ်းပေါင်းနိုင်ဖို့ကိုလည်း ဆုတောင်းပါတယ်။
 

4 comments:

မိုးမောင် said...

မုန့်စိမ်းပေါင်းပဲ စားချင်ပါတယ် ကိုရန်းဂန်း။

Heartmuseum said...

ရေးတဲ့လူများ ရှိခဲ့ရင် လက်တို့စမ်းပါဗျာ။

Younggun said...

ရေးတဲ့သူတွေကလည်း ခံစားချက်ဘက် လိုက်ထားတဲ့ တစ်လွဲတွေ ဟောနေပြီး မဟောတဲ့သူတွေကလည်း မဖြစ်နိုင်တဲ့ အခြေအနေတစ်ခုမို့ ရေငုံနူတ်ပိတ်နေတယ် ထင်ပါရဲ့ဗျာ။ ပိုက်ပိုက်တွေ ယူဟောနေတဲ့ ဆရာတွေလည်း မေးချင်ပါတယ်။ ဒီမိုးက ဘယ်တော့ရေစီးမှာလည်း လို့။

Anonymous said...

လျှပ်စစ်ဗေဒင်ဦးအုန်းသင်ရဲ့ စာအုပ်ဖတ်ချင်တယ်
နိုင်ငံရေးအဟောတွေ မဆလ ခေတ်ကထုတ်သွားတယ်
နိုင်ငံရေးဟောကိန်းပေါ့  အနာဂတ်မြန်မာနိုင်ငံရဲ့ 

ုkoaungpaing1986@gmail.com ကို invite
ုလုပ်ပေးပါအုံးအစ်ကို ဗေဒင်ဝါသနာရှင်မို့ ခင်ချင်ပါတယ်