Monday, April 5, 2010

Sphinx ပေးတဲ့ အသိပညာ

မြန်မာပြည်မှာတော့ မနုသီဟလို့ နာမည်တပ်ပြီး အီဂျစ်မှာတော့ Sphinx အဖြစ် လူသိများတဲ့ ရုပ်တုနဲ့ ပက်သက်ပြီး ကြားနာမှတ်သားမိသမျှ ပြန်ပြောပါရစေ။ သိပြီးသားဆိုလည်း လိုတာလေးများ ရှိနေရင် ဖြည့်စွက်သွားကြပါလို့.။




ဒီရုပ်တုဟာ လူဦးခေါင်း ( အများအားဖြင့် မိန်းမဦးခေါင်း) ၊ ခြင်္သေ့ရဲ့ ခြေ၊ လက်တွေ၊ နွားသိုးကိုယ်ခန္ဓာနဲ့ ဖီးနစ်ငှက်ရဲ့ တောင်ပံတွေ ပေါင်းစပ်ထားတဲ့ သတ္တဝါတစ်ကောင်ကို ပုံဖော်ထားတာ ဖြစ်ပါတယ်။

ဒီရုပ်ပုံကို ဂန္ဓာရီပညာရှင်တွေက အချက်လေးချက် ဖော်ထုတ်ပြီး နားလည်ထားကြပါတယ်။  အဲဒါတွေကတော့ အင်္ဂလိပ်လို ပြောရရင် (1) To Know (2) To Dare (3) To Will (4) To Keep Silent တွေပဲ ဖြစ်ပါတယ်။

နံပါတ်တစ် သိခြင်းကို လူ့ဦးခေါင်းက သရုပ်ဆောင်ပြီး နံပါတ်နှစ် ရဲဝံ့ခြင်းကို ခြင်္သေ့ရဲ့ လက်သည်းတွေက ဖော်ပြပါတယ်။ နံပါတ်သုံး စိတ်ဆန္ဒပြင်းပြမှု၊ သံန္နိဌာန်ချထားတာကို နွားသိုးရဲ့ ကိုယ်ခန္ဓာကြီးက ဖော်ညွှန်းနေပြီး ဆိတ်ဆိတ်နေတာကိုတော့ ဒဏ္ဍာရီဆန်လှတဲ့ ဖီးနစ်ငှက်တောင်ပံတွေနဲ့ ညွှန်းဆို ထားပါတယ်။

To Know

ပညာလက်သင်တွေဟာ ပထမဆုံး သိအောင် ကြိုးစားရပါမယ်။ ဆရာကောင်းဆီက၊ စာပေကျမ်းဂန်တွေဆီက ကြားရာမြင်ရာကို မျက်စိကျယ်ကျယ်ထား သင်ယူမှတ်သား ဆည်းပူးရပါမယ်။ ဒါဟာ သဘောတရားပိုင်းကို ကျေညက်ခြင်းလို့ ဆိုထားပါတယ်။

To Dare

ပညာသင်သူဟာ သိပြီးတာနဲ့တင် မကျေနပ်ရပါဘူး။ ဒီကျင့်စဉ်အတိုင်း တသဝေမတိမ်း လိုက်နာကျင့်ကြံရဲဖို့ ( ပါဠိအခေါ် ဝီရိယ) ဆိုတဲ့ ရဲရင့်ခြင်း ရှိရပါမယ်။

To Will

ကျင့်ကြံဖို့ သတ္တိတွေ ရှိတယ် ထားဦး။ မလျှော့တဲ့ လုံ့လနဲ့ အားထုတ်ဖို့၊ ဆုတ်နစ်မှု မရှိတဲ့ စိတ်ဓာတ်နဲ့ ခိုင်မြဲဖို့ စိတ်ပိုင်းဖြတ်မှုလည်း ရှိဖို့ လိုပြန်ပါတယ်။  ဂန္ဓာရီပညာမှာတော့ ဒါကို အဓိဋ္ဌာန်အဖြစ် သတ်မှတ်ကြပါတယ်။

To Keep Silent

Sphinx ရဲ့ နောက်ဆုံး သွန်သင်ချက်ကတော့ အရေးကြီးပါတယ်။ ဒါကတော့ ဆိတ်ဆိတ်နေခြင်း ဖြစ်ပါတယ်။ ရှေးမြန်မာစကားပုံမှာ ဆိတ်ဆိတ်နေ ထောင်တန်ဆိုတာ ရှိပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ကိုယ့်ဝန်းကျင်မှာ ဂန္ဓာရီပညာနဲ့ မဆိုင်တဲ့သူ၊ ဥာဏ်မမီသူ၊ နကန်းတစ်လုံးတောင် မသိသူတွေ မနည်းမနော ရှိနိုင်ပါတယ်။ သူတို့တွေက ကိုယ့်ကျင့်စဉ်ကို ပြက်ရယ်လည်း ပြုနိုင်သလို၊ ပျက်စီးအောင်လည်း ဝေဖန်နိုင်ပါတယ်။ ဒါ့ကြောင့် နောက်ဆုံး အချက်အနေနဲ့ ဆိတ်ဆိတ်နေခြင်းကသာ ကိုယ့်အဆင့်အတန်းကို ဖော်ပြသွားပါတော့တယ်။

နောက်ဆုံးအချက် ဆိတ်ဆိတ်နေတတ်ဖို့နဲ့ ပက်သက်ပြီး ဆရာတာရာမင်းဝေရဲ့ ကဗျာလေးတစ်ပိုဒ်ကို သွားသတိရမိတယ်။

အချို့လူများသည် အလွန် စကားများကြ၏။
စကားများသော ကြက်တူရွေးကို
လှောင်အိမ်ထဲမှာ ငါ မြင်ဖူးသည်။
စကားမပြောသော ကြက်တူရွေးတို့ကား
လွတ်လပ်ကြကုန်၏။
ငါသည်လည်း ...
ထိုသို့ပင် တိတ်ဆိတ်စွာ ပျံသန်းသွားမည်။...

ကျွန်တော် Young Gun လည်း တိတ်ဆိတ်စွာ ပျံသန်းဖို့ ဆုံးဖြတ်လိုက်ပါတယ်။...


 

2 comments:

flowerpoem said...

ဗဟုသုတရသွားပါတယ် ကို YoungGun ကျေးဇူးပဲ

တိတ်၂ဆိတ်၂တော့ မပျံသွားနဲ့နော်

မလေးမေ said...

တိတ်တိတ်နေချင်လို့ အရောင်လေးတွေတောင် ပြောင်းထားပါလျှက် ထုတ်နဲ့ အထိုးခံနေရပါတယ်ရှင့် .. မတရားအလုပ်ခံရပါတယ်.. :((