Sunday, May 2, 2010

မေ့ထားတဲ့ ဒဏ်ရာ ( သို့မဟုတ်) နာဂစ် ၂ နှစ်ပြည့်

ဘာပဲဖြစ်ဖြစ် ... သိပ္ပံနည်းကျပါတယ်ဆိုတဲ့ မိုးလေဝသဌာနရဲ့ ထုတ်ပြန်ချက်တွေလိုပဲ နှစ်ပေါင်းထောင်ချီ တည်တံ့နေဆဲ နက္ခတ်ပညာ ဆိုစကားတွေကိုလည်း နည်းနည်းလောက် လေ့လာနားထောင်ပေးမယ်ဆိုရင် အကျိုးရှိမယ် ထင်ပါတယ်။

" အဲဒီတုန်းက အမေနဲ့ညီမလေး ကျောင်းဖွင့်ခါနီးလို့ မြို့ပေါ်ကနေ ရွာကို ပြန်ဆင်းကြတယ်။ သင်္ဘောပေါ်ကနေ သူတို့ လက်ပြနူတ်ဆက်သွားတာ နောက်ဆုံးအကြိမ် ဖြစ်လိမ့်မယ်လို့ ကျွန်မ မထင်ခဲ့မိဘူးလေ..။ " လွန်ခဲ့သောနှစ်နှစ်ခန့်က ကာလတစ်ခုဆီ လွင့်မျောနေဟန်ရသော ဆရာမလေး တစ်ဦးက ခါးသီးဖွယ် နာဂစ်မုန်တိုင်းကြောင့် အသက်ဆုံးခဲ့ရသော အမေနှင့်ညီမလေး အကြောင်း ပြန်ပြောင်း ပြောပြနေခြင်း ဖြစ်သည်။

" လှိုင်းလုံးတစ်ချက် အဆောင့်မှာ အဖေရေ..ဆိုပြီး အားကိုးတကြီးနဲ့ သံကုန်ခြစ်အော်ခေါ်လိုက်တဲ့ သမီးလေးအသံကို ကျွန်တော် ဘယ်တော့မှ မေ့နိုင်မှာ မဟုတ်ပါဘူး။ ညညဆို အိပ်မက်ထဲအထိ သမီးလေး ခေါ်သံကို ကြားနေရတုန်းပဲ။ " လို့ မုန်တိုင်းကြောင့် တစ်ဦးတည်းသော သမီးလေးကို လက်လွှတ် ဆုံးရှုံးခဲ့ရသော လယ်သမားကိုစိုးဝင်းက ပြောသည်။ နောက်ကြောင်းကို ပြန်လှန်လို့ သမီးလေးအကြောင်း ပြောပြမိတဲ့အခါတိုင်း ကိုစိုးဝင်း မျက်လုံးအိမ်မှာ မျက်ရည်စတွေ ပြည့်လျှံလို့နေသည်။

မုန်တိုင်းအလွန် ကာလ ကြာမြင့်ခဲ့ပြီး ယခုအခါ နှစ်နှစ်တာအတောအတွင်းသို့ ချဉ်းနင်းဝင်ရောက်လာခဲ့ပြီ ဖြစ်သည်။ မုန်တိုင်းဒဏ် သင့်ခဲ့သော ကျေးရွာများရှိ ရွာသူရွာသားများမှာလည်း ယခင်က အတိတ်ဆိုးကို ပြန်ပြောင်း အောင့်မေ့သည်ထက် လက်ရှိဘဝတွင် ဆက်လက်ရုန်းကန်ရှင်သန်ရေးအတွက် ကြိုးစား နေကြသည်။ သို့သော် နေဝင်းဖြိုးဖျအချိန်များ၊ မိုးဖွဲဖွဲရွာနေသည့် အချိန်များတွင် မုန်တိုင်းကြောင့် သေကွဲရှင်ကွဲ ကွဲခဲ့ရရှာသော မိသားစုဝင်များ၊ ညီအစ်ကိုမောင်နှမများအား ပြန်လာနိုးနိုးဖြင့် ယော်ယမ်း တမ်းတနေဆဲ ဖြစ်သည်။

နာဂစ်မုန်တိုင်းဒဏ်သင့်ခဲ့သော မြစ်ဝကျွန်းပေါ်မြို့ကလေးမှာမူ ယခုအခါ ပြန်လည်စည်ကား အသက်ဝင်နေပြီ ဖြစ်ပြီး မြို့ပေါ်နေ လူတန်းစားများမှာ မည်သည့်အဖြစ်ဆိုးမှ မကြုံခဲ့သလိုပင် ရှင်သန်ဖြတ်သန်းနေကြပြီ ဖြစ်သည်။ အထူးသဖြင့် မုန်တိုင်းအပြီးတွင် အလုံးအရင်းဖြင့် ဝင်ရောက်လာသည့် INGO နှင့် UN အဖွဲ့အစည်းများထံ၌ လုပ်ခ၊ လစာကောင်းများ ရရှိပြီး ယခင်ကထက် သာယာစိုပြည်သည့် ဘဝ အခြေအနေသို့ ရောက်ရှိလာသည့် မြို့ပေါ်နေ အသိုင်းအဝိုင်း၊ ပညာတတ်များမှာ မုန်တိုင်းဆိုသည်ကို မေ့ပျောက်လုနီးပါးပင်..။ သို့သော် အခြားတစ်ဖက်တွင်မူ ...

" ဒီနှစ်လည်း လယ်က အခြေအနေကောင်းဘူး။ ကြွက်တွေ သောင်းကျန်းတာရော၊ မြေဆီခန်းနေတာရောနဲ့ ဘယ်မှာ ကျန်မလဲ ကိုယ့်ဝမ်းစာစပါးလေးတောင် အနိုင်နိုင်။.." ဟု ဆိုလာသူက မြို့လေးတစ်ဖက်ကမ်းရှိ ကျွန်းမြေပေါ်တွင် လယ်ယာလုပ်ငန်းခွင် ဝင်နေသူ ကိုအောင်သူလွင်က ပြောသည်။ လယ်ကွင်းထဲ စပါးနှံများ ဝင်စားသော ကြွက်များ အရွယ်အစားမှာ ကြောင်ပေါက်တစ်ကောင်ထက်ပင် ကြီးမားသည်ဟုလည်း သူက ပြောပြသည်။

အယ်လ်နီညိုကြောင့် ခါတိုင်းနှစ်များထက် ပိုမို ပူပြင်းနေသော ရာသီဥတုကလည်း လယ်ယာ စိုက်ပျိုးရေးအတွက် ရတက်မအေးစရာ၊ ပင်လယ်ပိုင်း ရေငန်ဒေသများရှိ သောက်ရေသုံးရေအတွက် နွေကာလမှာ ပူပင်သောကရောက်စရာ ဖြစ်လာသည်။ မြို့ပေါ်ရှိ သင်္ကြန်ရက်များတွင် အလျှံပယ် သုံးဖြုန်းနေကြသော မြို့ပေါ်ကန်များရှိ ရေချိုများမှာ အဆိုပါ ရေငန်ဒေသများ ဆီသို့သာ ရောက်ရှိနိုင်ပါမူ အဘယ်မျှ အသုံးတည့်လိမ့်မည်နည်းဟု ..။

" ပင်လယ်ပိုင်းက ရွာတွေမှာ သောက်ရေကန်တွေက အခုထိ သုံးလို့ မကောင်းသေးလို့ နွေရောက်လာရင် သောက်ရေအတွက် အတော်လေး ခက်ခဲကြတယ်။ သောက်ရေတစ်ပုံးစာအတွက် အဝေးကြီးကနေ နေပူကျဲတဲမှာ လှေနဲ့လှော်လာပြီး ရေချိုရှိတဲ့ရွာကနေ လာခပ်ကြရတယ်။ " ဟု ပင်လယ်ပိုင်းရွာများဆီသို့ နှစ်ရက်တစ်ကြိမ် ပြေးဆွဲနေကျ မော်တော်လိုင်းမှ ပိုင်ရှင်ဖြစ်သူက ပြောသည်။

NGO များ၏ အကူအညီများနှင့် ပက်သက်၍ ကြားသိရသမျှတွင် " မနှစ်ကလို မဟုတ်တော့ဘူးဗျ။ အခုက Project တွေ နည်းသွားတဲ့အပြင် ကျွန်တော်တို့ လစာအစွန်းထွက်တွေပါ လျှော့ချပစ်လိုက်ပြီ။ ဥပမာ တစ်လ FEC 320 ရတယ်ဆိုရင် အခု ၃ဝဝ ပဲ ရတော့မယ်။" ဟု မာစီကော့ခ်မှ ဝန်ထမ်းတစ်ဦးက ရှင်းပြသည်။

အခြား NGO အဖွဲ့အစည်းတစ်ခုမှ လက်သမားခေါင်းဆောင်ဖြစ်သူက " အထက်က ရွာတွေဆီကို သစ်တစ်မျိုး ချပေးလိုက်ဖို့ မှာလိုက်ရင် ဒီက တစ်ချို့ အကျင့်ပျက်ဝန်ထမ်းတွေက တခြားသစ်အညံ့စားတွေနဲ့ လဲပြီး ငွေတွေကို ကြားဖြတ်ခုတ်ကြတယ်။ အဲလို အဖြစ်အပျက်တွေကို မကြာခဏ တွေ့ခဲ့ရပါတယ်။ " ဟု NGO များထံမှ အသံကျယ်လောင်နေသည့် ခြစားမှုများအကြောင်း ပြောပြသည်။

အချို့သော NGO များမှာ အလှူရှင်များဘက်မှ ရပ်ဆိုင်းလိုက်ခြင်းကြောင့် စီမံကိန်းများ ရပ်နားလိုက်ရပြီး အချို့မှာ လုပ်ငန်းများ အပြီးတိုင် ရုပ်သိမ်းလိုက်ရကြောင်း NGO အသိုင်းအဝိုင်းက ဆိုသည်။

မုန်တိုင်းအလွန်ကာလများက အင်တိုက်အားတိုက် ဝင်ရောက်လာသော NGO များနှင့်အတူ ပါလာသည့် ငွေကြေးအင်အား၊ လူအင်အားများကြောင့် မြို့ပေါ်တွင် စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များ ခါတော်မီ အပြိုင်အဆိုင် ပေါ်ပေါက် ခဲ့ကြသော်လည်း ဆုတ်ခွာသွားသည့် NGO အချို့နှင့် ရပ်နားထားဆဲ စီမံကိန်းများကြောင့် အရင်က စည်ကားခဲ့သလောက် ယခုအခါ ခြောက်သွေ့နေလျက်ရှိသည်။

၂ဝဝ၉ နှစ်ကုန်အထိ NGO တစ်ခုတွင် အောက်ခြေဝန်ထမ်း ဝင်လုပ်ခဲ့သော လူငယ်လေးတစ်ဦးက အထက်လူကြီးများ၏ အကျင့်ပျက်မှုများအကြောင်း စိတ်ပျက်လက်ပျက်ဖြင့် ပြောပြသည်။ " စီမံကိန်းတွေ အကုန်ပြီးသွားတော့ ရန်ကုန်ရုံးချုပ်က ဒီက ဝန်ထမ်းတွေအားလုံးအတွက် စက်ဘီးတစ်စီးနဲ့ ငွေငါးသောင်းစီ လက်ဆောင်အပိုဆု ချပေးတယ်။ အဲဒါကို ဒီက မြို့နယ်တာဝန်ခံက တစ်ယောက်တည်း မောင်ပိုင်စီးထားပြီး သူနဲ့ ပက်သက်ရာ ပက်သက်ကြောင်း ဝန်ထမ်းသုံးယောက် လောက်ကိုပဲ ပေးတယ်။" ဟု ယခုအခါတွင် ပရိဘောဂလုပ်ငန်းတစ်ခု၌ အလုပ်သင်အဖြစ် လုပ်ကိုင်နေသူ ၎င်းက ပြောပြသည်။

သင်္ကြန်ရက်များ ရောက်လာသည့်တိုင် သင်္ကြန်လက်ဆေးမိုး ရွာသွန်းမှု မရှိခဲ့သည့်အပေါ် မြို့ခံများအနေဖြင့် တအံ့တသြ ဖြစ်ခဲ့ရသည်။ ခါတိုင်းထက် ပိုမို ပူပြင်းသည့်နွေရာသီ ဖြစ်သည်ကို သတိထားမိကြသော်လည်း သင်္ကြန်လက်ဆေးမိုးပင် မရွာသွန်းခဲ့သဖြင့် နာဂစ်ကြောင့် အရိပ်ရသစ်ပင်ကြီးများ ပြိုလဲခဲ့ရသည့် မြို့ကလေးအပေါ် ထိုးကျနေသည့် နေရောင်ခြည်မှာ ပူလင်းပြင်းထန်သည်ဟု ဆိုနိုင်သည်။

" အရင်နှစ်တွေက သင်္ကြန်မကျခင် လက်ဆေးမိုးဆိုတာ အရင်ရွာလေ့ရှိတယ်လေ။ ဒီနှစ်မှာတော့ သင်္ကြန်ရက်သာ ရောက်လာတယ်။ မိုးအရိပ်အယောင် မတွေ့တဲ့အပြင် နေကလည်း အရမ်းကို ပူနေတယ်။ နေ့လည်ဘက်တွေဆို တရေးတမောတောင် အိပ်လို့မရဘူး။ တချို့ကတော့ အဝတ်တွေ ရေစွတ်ပြီး လေဝင်ပေါက်မှာ လှမ်းထားတယ်။ ဝင်တဲ့လေက အေးအောင်ပေါ့။ အပူတော်တော်ပြင်းပါတယ်။ " ဟု
မြို့ခံတစ်ဦးက ပြောပြသည်။

မည်သို့ပင် ဆိုစေကာမူ ... နာဂစ်မုန်တိုင်းဒဏ်မှ ရုန်းကန်ကုန်းထလာပြီ ဖြစ်သော မြို့ကလေးမှာ ယခုနှစ် အတာသင်္ကြန်တွင် ခါတိုင်းနှစ်များလိုပင် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့သည်။ ယမန်နှစ်ကဲ့သို့ပင် အဆိုတော်သားစိုး၏ ကိုကြီးကျော်ကို DJ ဖြင့် ရောသမ၍ လည်းကောင်း၊ စိုင်းစိုင်း၏ အိုးလေးကို လှုပ်ခိုင်း၍လည်းကောင်း ဧရာဝတီသားတို့၏ နာကျင်ဖွယ် စိတ်ဒဏ်ရာကို ကျောခိုင်း ထားနိုင်ခဲ့ကြသည်။

မနက်ခင်း နေရောင်အောက်တွင်၊ ညနေခင်း ကျနေဆင်းချိန်တွင် အုန်းလက်များဖြင့် တန်ဆာဆင်ထားသော မဏ္ဍပ်များ၊ ရေပက်ခံထွက်သည့် ထော်လာဂျီများ၊ ဂျစ်ကားများ၊ ဆိုင်ကယ်၊ စက်ဘီးများဖြင့် သင်္ကြန်လေးရက်တာကို ရေငန်ဆားပွင့်နေသည့် မြို့ကလေးက ယခင်အတိုင်းပင် ဆူညံပျော်ရွှင်စွာ ဖြတ်သန်းခဲ့သည်။

ဧရာဝတီမှ သန္ဓေတည်လာသော မြစ်လက်တက်တစ်ခုအပေါ် ပခုံးမှေးတင်ထားသော ထိုမြို့ကလေးတွင် အပုပ်နံ့လှိုင်နေသည့် NGO ပုံပြင်များ၊ အကောင်းစားအရက်များဖြင့် တန်ဆာဆင်ထားသည့် ဆိုင်ကနားကြီးများ၊ တဝီဝီ မောင်းနှင်နေသော ဆိုင်ကယ်များဇိမ်ခံကားကြီးများ ရှိနေသလို၊ ရွှေကို မလို ရေချိုသာလိုနေသည့် ရွာလေးများ၊ မိုးရိပ်လေရိပ် မြင်တိုင်း အရင်ကလို ဇီဝိန်ချွေမည့် မုန်တိုင်းလေလား ထင်မှတ်မှား နေသေးသည့် ကြောက်စိတ်မပြယ်သေးသော ပင်လယ်နားနီး ရွာငယ်လေးများ၊ မိုးတွေလေတွေနှင့်အတူ ကွယ်ပျောက်သွားသော အမေ၊ အဖေ၊ သားသမီးများ ပြန်ရောက် လာလေမလားဟု မျှော်လင့်နေဆဲ မျက်ဝန်းများလည်း တည်ရှိနေဆဲ ဖြစ်ပါကြောင်း မြစ်ဝကျွန်းပေါ်သား တစ်ယောက်၏ အကြား၊ အမြင်၊ အတွေ့များကို နာဂစ် ၂ နှစ်ပြည့် အမှတ်တရအဖြစ် ကူးစက်ပျံ့ပွား လိုက်ပါသည်။

ပြီးခဲ့တဲ့ ၂ဝဝ၈၊ ဇန်နဝါရီ၊ ၄ ရက်နေ့ ( မြန်မာ့လွတ်လပ်ရေးနေ့ )မှာပဲ နေမျက်နှာပြင်ပေါ်မှာ ဧရာမ Sunspot ဆိုတဲ့ အကွက်ကြီးတစ်ကွက် ဖြစ်ပေါ်ခဲ့ပါတယ်။ နောက်မကြာမီ မတ်လ ၇ ရက်နေ့မှာ မြန်မာပြည်စံတော်ချိန် မနက် ၅ နာရီဝန်းကျင်မှာ မြင်ရတဲ့ လကြတ်မှု ဖြစ်ပွားခဲ့ပါတယ်။ အိန္ဒိယမှာ လွန်ခဲ့တဲ့နှစ်ပေါင်း သုံးထောင်ကျော်တည်းက နာမည်ကျော်ခဲ့တဲ့ နက္ခတ်ပညာရှင်ဝရဟမိဟိရရဲ့ အဆိုအရ ဒီလို Sunspot အကွက်တွေ ဖြစ်ပေါ်တိုင်း ကမ္ဘာပေါ်မှာ အင်အားပြင်းတဲ့ ငလျင်တွေ၊ မုန်တိုင်းတွေ၊ မီးတောင်ပေါက်ကွဲမှုတွေ စတဲ့ သဘာဝဘေးတွေ ဖြစ်ပေါ်လေ့ရှိတယ်လို့ လေ့လာမှတ်သားဖူးပါတယ်။ ဒီအကြောင်းကိုလည်း အရင်ပို့စ်အဟောင်းတွေမှာ ရေးသားခဲ့ဖူးပါတယ်။ ဘာပဲဖြစ်ဖြစ် ... သိပ္ပံနည်းကျပါတယ် ဆိုတဲ့ မိုးလေဝသဌာနရဲ့ ထုတ်ပြန်ချက်တွေလိုပဲ နှစ်ပေါင်းထောင်ချီ တည်တံ့နေဆဲ နက္ခတ်ပညာ ဆိုစကားတွေကိုလည်း နည်းနည်းလောက် လေ့လာနားထောင်ပေးမယ်ဆိုရင် အကျိုးရှိမယ် ထင်ပါတယ်။ နာဂစ် ၁ နှစ် ပြည့်မှာတုန်းကတော့ ရိုက်ချင်းပြင်းတဲ့ ပို့စ်တစ်ခု ရေးဖြစ်ခဲ့ပါတယ်။ အခုတော့ စိတ်မပါတော့ပါဘူး။ မယောင်ရာကို ဆီလူးနေတဲ့ကောင်တွေ အကြောင်း အဖတ်မလုပ်ချင်တော့လို့ပါ။

3 comments:

ကိုအောင်(ပျူနိုင်ငံ) said...

သိပ်ဟုတ်တာပေါ့ ညီလေးရေ၊ ဖြတ်စား လာဘ်စားတွေ
အဆင့်ဆင့်ကို ဖြတ်ပြီး နောက်ဆုံးလည်းရောက်ရော
ဆန်အိတ်ဟာ ဆန်ကွဲအိတ်ဖြစ်သွားတယ်။

Anonymous said...

အင်း..နာဂစ်တောင်၂နှစ်ပြည့်ပီ...
သနားပါတယ်။ကိုယ်လဲထိထိရောက်ရောက်မလုပ်ပေးနိုင်..
ယန်းဂန်းထောက်ပြမှပဲ ပြန်အမှတ်ရမိတယ်။ကိုယ့်ကိုယ်ကိုတောင် ရှက်မိသလိုပဲ။
တကဲ့ငရဲခန်းကနေ အခုချိန်ထိ မလွတ်သေးဘူးနော်။
အင်း NGOတွေကလည်း ရက်စက်လိုက်တာ။ ကိုယ်ချင်းမစာပဲ စားနိုင်ရက်တာတော့လွန်ပါတယ်။

ဆရာသမားရယ် မယောင်ရာဆီလူးတဲ့တခြားလူတွေကြောင့်တော့ အမတို့လိုသိချင်နေသူတွေမဖတ်ရအောင်မလုပ်ပါနဲ့ဟာ

phoe said...

မယောင်ရာကို ဆီလူးနေတဲ့ကောင်တွေ အကြောင်း အဖတ်မလုပ်ချင်တော့လို့ပါ။ တဲ့  ကောင်း လိုက် တဲ့  စကား ပဲ........ မှတ်သား သွား ပါတယ် ဗြိစ္ဆာ ကြီး ရေ.....