Tuesday, May 11, 2010

တစ်လုံးသိ၊ နှစ်လုံးသိနဲ့ ဒုံးဖိဟောသူများ (၂)

" ဒီနာမည်က အင်္ဂဝိဇ္ဇာတိုင်က အထက်ဂြိုဟ်သုံးလုံးကို ပတ်မှည့်ပေးထားတဲ့ နာမည်လေ။ ဗေဒင်စာအုပ်တစ်အုပ်ထဲမှာ ငါလေ့လာဖူးတယ်။ ဒီနည်းနဲ့ပဲ ဒီကလေးကို မှည့်ပေးထားတာပေါ့။"

ဘေးအိမ်က ဗေဒင်ဝါသနာရှင် အန်တီကြီးတစ်ယောက် စကားကြောင့် အူကြောင်ကြောင် ဖြစ်သွားတဲ့ သူငယ်ချင်းကို စပ်ဖြဲဖြဲလေး ပြုံးပြလိုက်ပါတယ်။ အိမ်ခေါ်နာမည်သာ ရှိသေးတဲ့ သူ့ရဲ့ အငယ်ဆုံးညီမလေးကို ကျောင်းထားတော့မှာမို့ ဗေဒင်နည်းတွေနဲ့ စနစ်တကျ နာမည်မှည့်ပေးဖို့ ဗေဒင်ဆရာဆီ သွားရမှာ ခက်ခဲနေတဲ့ သူငယ်ချင်းက နီးစပ်ရာ ဗေဒင်တတ်တယ်လို့ အသံထွက်နေသူတွေကို ဘယ်နာမည်လေး ကောင်းမလဲလို့ နာမည်ရှာပုံတော်ဖွင့်နေချိန်... လွန်ခဲ့တဲ့ ခြောက်နှစ်ကျော်ကျော် လောက်ကပါ။

အန်တီကြီးကတော့ သူသိထားတဲ့အတိုင်း မူလအင်္ဂဝိဇ္ဇာတိုင်ကို စာရွက်လွတ်တစ်ရွက်ပေါ် တောင်ခြစ်၊ မြောက်ခြစ်ရင်း " ကဲ..ငါ့တူရေ.. အန်တီပေးတဲ့ ဒီနာမည်သာ ပေးလိုက်ပေတော့။ ဒါက အကောင်းဆုံး နာမည်ပဲကွယ့်..။ " ...။ လို့ အားပါးတရ ပြောပါတယ်။ ပြီးတော့ စပ်ဖြဲဖြဲ လုပ်နေတဲ့ ကျွန်တော့်ဘက်လှည့်ပြီး "မင်းက ဘယ်နည်းနဲ့ တွက်တာလဲ။ ဒီနည်းကို မသုံးဘူးလား" လို့ မျက်စောင်း တဝင့်ဝင့်နဲ့ မေးလာပါတယ်။

" အန်တီ... နာမက္မရဆန်းပညာကို လေ့လာဖူးမယ်ဆိုရင် နာမက္ခရတိုင်ကို နားလည်မယ်ဆိုရင် ဒီလို တိုင်ပြန်ဇောက်ထိုး ဖြစ်နေတဲ့ နာမည်မျိုး ပေးမယ်လို့ ကျွန်တော် မထင်ပါဘူး။ " ကျွန်တော့် ပြန်ဖြေသံ အဆုံးမှာ အန်တီကြီး မျက်မှောင်ကျုံ့သွားတယ်။ ပြီးတော့ သူတွက်ထားတဲ့ စာရွက်ကို အသာလေး ခေါက်ချိုးရင်း " ဒို့က ဒါလောက်တော့ မလိုက်စားထားဘူးကွယ့်။ အေးလေ.. ကိုယ်ကြိုက်တာ ကိုယ်သုံးပေါ့။ ဟင်းဟင်း..." ဆိုပြီး လစ်သွားလေရဲ့။

"တားရော့ကားချပ်က တစ်ချပ်ဆွဲ တစ်ခွန်းဟော မဟုတ်ဘူးလား၊ မင်းမို့လို့ အဆန်းထွင်တယ်။ ငါတို့များဆို တစ်ယောက်လာ တစ်ခွန်းမေး၊ တစ်ချပ်တည်းနဲ့ ဆွဲဟောလိုက်တာပဲ။ ငါဖတ်ထားတဲ့ စာအုပ်မှာ မင်းလုပ်သလို ကားချပ်တွေ ဖြန့်တာ မမြင်ဖူးပါဘူး။ ရှုပ်လိုက်တာ။ " ဗေဒင်ဝါသနာတူ သူငယ်ချင်းက ကျွန်တော် မြင်းခွာပုံ ဖြန့်ကျက်ထားတဲ့ တားရော့ကားချပ်တွေကို ကြည့်ရင်း ခေါင်းကုတ်ဖင်ကုတ်နဲ့ ဝေဖန် လေကန်ပါတယ်။

" ဒီမှာကွ.. ကြည့်စမ်း၊ မြင်းခွာပုံကို ဟောသလို ကဒ်သုံးချပ်တည်း ပြန်ဖြန့်မယ်ဆိုရင် အတိတ်၊ ပစ္စုပန်၊ အနာဂတ်ဆိုတဲ့ ဟောကိန်းထွက်လာမယ်။ ဟောသလို ကဒ် ၁၂ ခု ဖြန့်လိုက်ရင် ဇာတာပုံအတိုင်း ဘာဝအလိုက်ကို ဟောနိုင်တယ်။ ဟောချက်တွေ ပြည့်စုံတိကျတာပေါ့။ " ကျွန်တော် အဲသလို ပြောမထွက်ခဲ့ပါဘူး။

ဗေဒင်မေးသူ ဆွဲတဲ့ကဒ်က The Death ဆိုတဲ့ သေမင်းကဒ်များ ကျလာလို့ကတော့ ကျန်းမာရေးချူချာမယ်၊ သေလောက်အောင် ညံ့တယ်လို့ ပုံသေဟောတတ်တဲ့၊ The Hanged Man တွဲလောင်းချကဒ် ကျတာနဲ့ ကျဉ်းထဲကျပ်ထဲ ရောက်မယ်လို့ မှတ်စုထဲကအတိုင်း အလွတ်ကျက်ထားတဲ့၊ The Tower ကဒ်များ ဆွဲမိတာနဲ့ ကုန်ပြီလို့ အောင့်မေ့ပေတော့လို့ လွှတ်ဟောတတ်တဲ့ သူငယ်ချင်းကို ဘာမှ ပြောမထွက်တော့ပါဘူး။ ကိုယ်လည်း တစ်လုံးသိ၊ နှစ်လုံးသိမို့ ဘိန်းစားချင်းတစ်လုံး ပိုမရှုချင်၊ ပိုရှုမိတာလေးကလည်း အဖိုးတန်အမျိုး မှန်တာကြောင့် ဘယ်သူမှ ပြောမထွက်တော့..။ The Hermit ကဒ်ကိုပဲ ကသိုဏ်းရှုသလို စူးစိုက်ငေးမော နေမိတော့တယ်။

2 comments:

Anonymous said...

တနေကုန် အလုပ်လုပ်၊ ညကျတော့ သင်တန်းတက်၊ လူလည်း ဖက်ဖက်မော၊ စိတ်လည်း ပက်လက်မျော၊ တောပြန်ပြီး ဗေဒင်ပဲ ဟောစားတော့မယ်။

har har....:))

မြစ်ကျိုးအင်း said...

မတတ်တတတ်ချင်းပေမယ့် ကိုယ့်စရိုက်နဲ့ ကိုယ်ပေါ့လေ။ နဲနဲသိပြီး များများပြောတာတော့ အမြင်ကပ်ပါ့ဗျာ။