Saturday, May 29, 2010

သုံးတန်ပေါ်၊ လေးတန်နိစ်

ခင်ဗျား လာဘ်တိတ်နေတာလဲ မပြောနဲ့လေ။ ခင်ဗျား မိန်းမက ထမင်းစားပြီးရင် ဘုရားစင်ပေါ်က အမွှေးတိုင်တုတ်ကို ယူပြီး သွားကြားထိုးနေတာကိုးဗျ။


တစ်ယောက်နဲ့ တစ်ယောက် အားမနာတမ်း ပြောရမယ်ဆိုရင် ခင်ဗျားရဲ့ သားအငယ်ဆုံးလေးက ခင်ဗျားတို့ နေတဲ့ အိမ်ရဲ့ မျက်စောင်းထိုး အိမ်က မုဆိုးမလေးကို တစ်ဖက်သတ်ကြိုက်နေတဲ့အတွက် ခင်ဗျားသိပ်ချစ်တဲ့ သားလေးအတွက် စိတ်ညစ်နေတယ်။ နောက်ပြီး ခင်ဗျားဇနီးမှာ ခရုသင်းရောဂါ စွဲနေတယ်။ အဲဒါကလည်း တစ်ကိုယ်လုံး ဘယ်မှာမှ မဟုတ်ဘူး။ ရင်ညွှန့်က နို့သီးဖျားလေးမှာပဲ ကွက်ကွက်ကလေး ပေါ်နေတာ ဖြစ်တယ်။ ခင်ဗျား ဒီအရွယ်အထိ အကြိမ်ကြိမ် အဆိပ်သင့်လိမ့်မယ်။ ဆေးမှားတာ၊ အစာမှားတာမျိုး ဖြစ်ပြီး နောက်ဆုံး ခါးမှာ ဖုလုံးလေးတစ်လုံး ဖြစ်နေလိမ့်မယ်။

ဒီလို ကြောက်ခမန်းလိလိ မှန်တဲ့ဟောကွက်မျိုးကို ဘယ်သူ ဟောတာလဲ ဆိုတော့ အခုလက်ရှိကာလမှာ မြန်မာပြည်ရဲ့ ပုဏ္ဍားနက္ခတ်ဗေဒင် မျိုးရိုးက ဆင်းသက်လာတဲ့ ဆရာဒဂုန်ရဲ့ အဖေ ဗေဒင်ပညာရှိ ဦးရာမ ဖြစ်ပြီး အဟောခံရတဲ့သူ၊ မှန်လွန်းလို့ ဗြုန်းခနဲ ထထိုင်ခဲ့ရတဲ့ သူကတော့ အိန္ဒိယနိုင်ငံ ယူပီနယ်၊ မထူရာမြို့က (ဂျိုတစ်ခ်ျဂျပန်တက္ကသိုလ်) က ကျောင်းအုပ်ဆရာကြီး မစ္စတာ ဓရာနာန္ဒဗာရမားပဲ ဖြစ်ပါတယ်။ ဒီဟောကွက်နဲ့တင် ဆရာကြီးဦးရာမဟာ ဇောတိသတက္ကသိုလ်က ချီးမြှင့်တဲ့ ဂုဏ်ထူးဆောင်ဘွဲ့ကို ရရှိခဲ့ပါတယ်။

ဟုတ်ကဲ့... ပုဏ္ဍားတော်ပညာရှိ ဆရာကြီးဦးရာမဟောသွားတဲ့ ဗေဒင်နည်းစနစ်ဟာ နက္ခတ်ဗေဒင်ပညာ မဟုတ်ပါဘူး။ ဒီပညာရပ်ဟာ မြန်မာ့မူ၊ မြန်မာ့နည်း၊ မြန်မာပိုင် ဗေဒင်ပညာရပ်တွေထဲက တစ်ခု အပါအဝင် ဖြစ်တဲ့ သုံးတန်ပေါ်နိစ် ဗေဒင် ဖြစ်ပါတယ်။ ဒီနည်းနဲ့ပဲ ဆရာကြီးဦးရာမဟာ အိန္ဒိယနိုင်ငံ နက္ခတ်ဗေဒင်ဆရာကြီးတွေအကြားမှာ လူတွင်ကျယ်ပြပြီး ပုဂ္ဂိုလ်ရေးရာ လျှို့ဝှက်ချက်တွေပါ ပေါ်အောင် ဟောပြောပြခဲ့တာ ဖြစ်ပါတယ်။ မှတ်ထားပါ ... မြန်မာ့ရိုးရာ သုံးတန်ပေါ်နိစ် ဗေဒင်ပညာ ဖြစ်ပါတယ်။

တခါကလည်း ဆရာကြီးမင်းသိင်္ခဟာ ဒီပညာနဲ့ ဒီလို ဟောခဲ့ဖူးပါတယ်တဲ့။ 

ခင်ဗျားနေတဲ့ အိမ်ကနေ လှမ်းကြည့်လိုက်ရင် တောင်ကုန်းတစ်ကုန်း တွေ့မယ်။ အဲဒီတောင်ကုန်းပေါ်မှာ ထန်းပင်နှစ်ပင် ရှိရမယ်။ ခင်ဗျားအိမ်က ရေတံလျှောက်ဟာ တစ်ဝက်ကျိုးနေလို့ တုတ်နဲ့ ထောက်ထားရတယ်။ ပြီးတော့ ခင်ဗျားအမွေရဲတဲ့ ပစ္စည်းတွေထဲမှာ ဗီရိုတစ်လုံး ပါမယ်။ ဒီဗီရိုရဲ့ လက်ကိုင်သီးကို ဖန်သီးနဲ့ လုပ်ထားလိမ့်မယ်။ အဲဒီဖန်သီးကလည်း ပဲ့နေလိမ့်မယ်။ ခင်ဗျား ကုလားထိုင် လက်တန်းပေါ် တက်ပြီး ဗိုလ်ချုပ်အောင်ဆန်း ဓာတ်ပုံကို နံရံမှာ ချိတ်တာ ချော်ကျလို့ ဆောင့်မိပြီး ကြမ်းပေါ်မှာ ဖင်ချ မထိုင်နိုင်ဘူး ဖြစ်နေတယ်မှလား။ ခင်ဗျား လာဘ်တိတ်နေတာလဲ မပြောနဲ့လေ။ ခင်ဗျား မိန်းမက ထမင်းစားပြီးရင် ဘုရားစင်ပေါ်က အမွှေးတိုင်တုတ်ကို ယူပြီး သွားကြားထိုးနေတာကိုးဗျ။

ဟုတ်ကဲ့ မှတ်ထားပါဦး...။ ဒီပညာကို မြန်မာ့ရိုးရာ သုံးတန်ပေါ်နိစ် ဗေဒင်ပညာလို့ ခေါ်ပါတယ်။

အသိထဲက ခိုးရာလိုက်ပြေးတဲ့သတင်းများ ကြားမိလို့ကတော့ သိပ်မကြာခင်မှာပဲ မင်းဆီကို ငွေတွေ အစုလိုက်အပုံလိုက် ဝင်လာလိမ့်မယ်။ အိမ်မှာ မှန်ကွဲတာ၊ ပန်းကန်ပဲ့တာတွေ ဖြစ်အပြီး ချေးထားငွေတွေ ပလုံသွားလိမ့်မယ်။ အော်.. တရုတ်ဖုန်းရွှေမှာ သုံးတဲ့ ရွှေရွက်လှေလား.. ။ ဟင့်အင်း မဆောင်ပါနဲ့ဦး။ ဘာ ..အိမ်ရှေ့မှာတောင် ချိတ်ထားလိုက်ပြီ ဟုတ်လား။ အေး ..သေပြီသာ မှတ်ပေတော့။ အဲဒီရွှေရွက်လှေ ဝင်ပြီး ၄ လအတွင်း လူထွက်လိမ့်မယ်။

ဟုတ်ကဲ့.. ဖော်ပြပါ ဟောကွက်လေးတွေကတော့ သုံးတန်ပေါ်နိစ်ကို ရှေးဆရာတွေရဲ့ ခြေဖဝါးက မြူမှုန်လောက်သာ သိသယောင် ရှိသေးတဲ့ ရန်းဂန်းရဲ့ မှန်ကန်ဖူးသော ဟောကွက်များပဲ ဖြစ်ပါတယ်။ ဒါသည်လည်း မြန်မာ့ရိုးရာ သုံးတန်ပေါ်နိစ် ဗေဒင်ပညာ ဖြစ်ပါတယ်။

(ဆရာဒဂုန်ရဲ့ မြန်မာ့ရိုးရာ သုံးတန်ပေါ်နိစ် ဗေဒင်ပညာစာအုပ်နဲ့ ဆရာဇင်ယော်နီရဲ့ ဒေါက်တာဒဂုန်နဲ့ ဆရာမင်းသိင်္ခ စာအုပ်တွေဆီက ကိုးကားပါတယ်။)

4 comments:

Heartmuseum said...

မန္တလေးက ဆရာ ကိုမင်းသိမ်းလဲ စိတ်မထင်ရင် ကောက်ခါငင်ကာ ပြောတာ ကြားဖူးမြင်ဖူးတယ်။
ဆရာ မြလင်းကော ပေါ့လေ....

luminnkhaung said...

ကျနော်တို့ လက်ထက်ကျမှ ကျနော်တို့ ညံ့လို့ ကျနော်တို့ပညာတွေသေးသိမ်နေရတယိဗျာ။

ဥပသကာ

K said...

အလကားလျှာအရိုးမရှိတိုင်းပြောနေတာ။အခုဘယ်သုဟောနိင်လို့လဲ။

Anonymous said...

မှတ်သားစရာပါပဲဗျာ အဲလိုဒက်ထိမှန်အောင် ဟောနိုင်တာ မကြုံဘူးသေးဘူးဗျ