Friday, June 4, 2010

ဘောနဲ့ ဗေ၊ ဗေနဲ့ ဘော

သယ်... ဗေဒင်ဆရာက တွက်တိုင်းသာ မှန်လို့ကတော့ ကမ္ဘာ့ဖလားနဲ့တင် သူဌေးဖြစ်ပြီ။ ဗေဒင်တောင် အာအညောင်းခံ ဟောစားမယ် မထင်ဘူး။


ကမ္ဘာ့ဖလား တဲ့။ ကြားရတာနဲ့ ရင်ခုန်စရာ။ လောင်းစားသမားတွေ အတွက်ပေါ့လေ။ ကိုယ်ကတော့ ဘယ်အသင်းတွေ ပါလို့ ဘယ်အသင်းကို အားပေးရမှန်းတောင် မသိဘူး။ အခုလို ဘယ်အသင်း ဗိုလ်စွဲမလဲလို့ ကိုအောင် (ပျူနိုင်ငံ) က တဂ်စာနဲ့ မှန်းခိုင်းတော့ ပိုဆိုးပေါ့။ ကိုယ်က ဗေဒင်လေးဘာလေး ကချောက်ကမြောက်တွက်တော့ တချို့က လေသံပစ်တယ်။ ဘယ်အသင်းတွေ နိုင်မလဲ။ အုပ်စုကနေ စပြီး ဗိုလ်လုပွဲအထိ လောင်းကြဖို့ ဗေဒင်ကို လာအားကိုးတယ်။ သယ်... ဗေဒင်ဆရာက တွက်တိုင်းသာ မှန်လို့ကတော့ ကမ္ဘာ့ဖလားနဲ့တင် သူဌေးဖြစ်ပြီ။ ဗေဒင်တောင် အာအညောင်းခံ ဟောစားမယ် မထင်ဘူး။

မှတ်မိသေးတယ်။ ၂ဝဝ၂ ဖလားတုန်းကပေါ့။ ကိုယ့်ဖာသာ ဝါသနာပါလို့ လမ်းဘေးဆိုင်လေးက ဝယ်လာတဲ့ ဆရာမင်းကျော်ဇော်ရဲ့ ဂဏန်းဗေဒင် စာအုပ်လေးကို ဟိုလှန်ဒီလှန်လုပ်ရင်း ဒီထဲက နည်းစနစ်တစ်ခုနဲ့ ဘောလုံးပွဲကို ဘယ်လို တွက်လို့ရတယ်ဆိုတာ သွားတွေးမိတယ်။ တွေးမိတာနဲ့ ဘောလုံးပွဲတွေ လာနေတာနဲ့ တိုက်ဆိုင်နေလို့ တခါတည်း အနီးပါးက ဘော်ဒါတွေ၊ အဖေ့သူငယ်ချင်းတွေကို လောင်းကြေးတွေ မေးပြီး လောင်းခိုင်းတယ်။

ကံကောင်းခဲ့လို့ ထင်ပါတယ်။ အဲဒီတုန်းက နိုင်ငံအမည်၊ အရောင်တွေနဲ့ ကန်မယ့်နေ့ရက်တွေကိုပဲ ဂဏန်းသင်္ချာနဲ့ စိစစ်ပြီး အားတွေ ချိန်ဆဟောခဲ့တာ တော်တော်လေး ( လောင်းကြေးအရ ) နိုင်ခဲ့ပါတယ်။ နေ့စဉ် ပွဲစဉ် ဆက်တိုက်နီးပါးကို မှန်ကန်ခဲ့ပါတယ်။ ကိုယ်တိုင်ကတော့ တစ်ရာဖိုးတောင် မလောင်းခဲ့ပေမယ့် သောင်းနဲ့သိန်းနဲ့ ချီလောင်းတဲ့သူတွေကတော့ အမြတ်ထွက်ကြပါတယ်။ သူတို့ အကျိုးအမြတ် ရတဲ့ အလျောက် ကိုယ့်ကိုလည်း ဇွန်လရဲ့ မိုးရေစက်တွေထဲမှာ အယူတော်မင်္ဂလာခြံ၊ ပုဏ္ဍားဘကွန်း ဗေဒင်စာသင်ဆောင်၊ အဘရဲ့ မွေးနေ့ပွဲ၊ မနောမယထမင်းတွေနဲ့ ထိတွေ့စေနိုင်ခဲ့ပါတယ်။ ဗေဒင်လေ့လာမှု သက်တမ်းတစ်လျှောက်မှာ ဒီအဖြစ်အပျက်လေးက အမှတ်တရပါပဲ။

၂ဝဝ၆ ကမ္ဘာ့ဖလားမှာတော့ ဒီနည်းနဲ့ စီးပွားဖြစ် တွက်ကြည့်ပါတယ်။ မမှန်ကန်တော့ပါဘူး။ ဆရာတင်ဗိုလ်ဗိုလ် ပြောသလို လောဘဖက်လာလို့ ပညာမှိန်သွားတာ ဖြစ်ပါလိမ့်မယ်။

အခု ကိုအောင် (ပျူနိုင်ငံ) က ဘယ်သူဗိုလ်စွဲမလဲလို့ အုပ်စုတွေကနေ ဗိုလ်လုပွဲအထိ ဖြတ်သန်းမှု အခြေအနေ ခန့်မှန်းချက်ကို လာတဂ်ထားပါတယ်။ ဟုတ်ကဲ့ အစ်ကိုရေ... ကျွန်တော် မခန့်မှန်းတတ်ပါဘူး။ ဘောလုံးအသင်းတွေမှာ ဘယ်နိုင်ငံတွေပါလို့ ဘယ်နာမည်ကျော်ဘောလုံးသမားတွေ ပါဝင်မယ် ဆိုတာ တောင် မသိပါဘူး။

ရှေးမြန်မာ ဗေဒင်နည်းတွေ ဖြစ်တဲ့ မဟာဘုတ်၊ ဆန်းကျမ်းတွေမှာတော့ အရှုံးအနိုင်တွက်တဲ့ စနစ်တွေ တွေ့ဖူးပါတယ်။ အခါတိုင်နဲ့ မေးတဲ့အချိန်နဲ့ တိုက်စစ်ပြီး တခါတည်း အဖြေတန်းထုတ်တာလည်း မြင်ဖူးပါတယ်။ တားရော့ကဒ်တွေနဲ့ ဖတ်တာလည်း တွေ့ဖူးပါတယ်။ ကေပီဇာတာကြီးကို စနစ်တကျ အကွက်ချပြီး ကျကျနန တွက်စစ်တာလည်း လုပ်ဖူးပါတယ်။ ဟိန္ဒူတွေရဲ့ ဟူးရားဗေဒင်နည်းနဲ့လည်း စမ်းဖူးပါတယ်။ မှန်တာလည်းရှိ၊ မှားတာလည်း မနည်း၊ သူလိုကိုယ်လိုပါပဲ။

ဒါပေမယ့် ဘယ်အသင်းနိုင်နိုင်၊ ကိုယ့်မြန်မာအသင်း မပါဘူး ဆိုတဲ့ အသိရယ်၊ ဘောလုံးပွဲ လောင်းမယ့်သူတွေ အနေနဲ့ သူတပါးဆီက ငွေကို ကံချင်းပြိုင်လို့ အရမယူခင် ကိုယ့်အိတ်ထဲက ဘယ်လောက် ပြန်ပေးဆပ်ရမယ်ဆိုတာ မသိနိုင်တဲ့အချက်ရယ်ကို သွားစဉ်းစားမိပါတယ်။ နောက်.. တောင်အာဖရိကလို နိုင်ငံရဲ့ ကမ္ဘာ့ဖလားနောက်မှာ တွင်ကျန်ရစ်ခဲ့မယ့် စီးပွားရေးအခြေအနေနဲ့ အဖြစ်အပျက်တွေကို စိတ်ဝင်စားပါတယ်။ ဒါလောက်ပါပဲ။ ဘောနဲ့ ဗေ .. ဗေနဲ့ ဘော ကတော့ ဘယ်လိုမှ တွဲစပ်လို့ မရနိုင်ဘူးလို့ တစ်သဝေမတိမ်း ယုံကြည်ထားပါတယ်ဗျာ။

5 comments:

ကိုအောင်(ပျူနိုင်ငံ) said...

Tag ဂိမ်းရေးပေးတာကိုပဲ ကျေးဇူးအရမ်းတင်တယ်
ညီလေးရေ၊ တွက်ထားတာရှိရင် အကို့ကို တိုးတိုး
လေး ပြောပြဖို့ မမေ့နဲ့နော် ...း)

Anonymous said...

အမလဲ ဘောလုံးပွဲရာသီမှာရူးခဲ့ဖူးတယ်..ဦးလေးတေါအကိုတွေနဲ့ချတာ မဆိုးဘူးဟ တိုက်ဆိုင်တာလဲဖြစ်မှာပေါ့..
သုံးတန်ပေါနိစ်ရယ်နောက် ကေပီစနစ်လေ..မိုးတားဦးထွန်းရှိန်လားသိဘူး..ခုတောါအားလုံးမေ့ပီ..။


မြတ်နိုး

Heartmuseum said...

ဒီတော့က တွက်တော့တွက် နင်မထိုးနဲ့....
နာတို့ ထိုးမလေ..... ကောင်းတယ်ဟုတ်.. :D :P

Anonymous said...

မိုက်တယ်ဗျ ..ဘော နဲ့ ဗေ ...
ဗေ နဲ့ ဘော ...း)

mie nge

မြစ်ကျိုးအင်း said...

တွက်နည်းတူမတူ မသိပေမယ့် ကျနော်တို့ သူငယ်ချင်းတွေလည်း တွက်ခဲ့ဖူးတာ ရှိတယ်
သေသေချာချာတော့ မမှတ်မိတော့ဘူး။
ကန်မယ့် နှစ်သင်းရဲ့ အစနာမည် နေ့နံရယ် ကန်မယ့် အချိန်ရယ်ကို ကြည့်ပြီး ဇယားလေး တစ်ခုမှာ ဘယ်သူက အပေါ် ဘယ်အသင်းကအောက် ရှိမယ်ဆိုပြီး တွက်ကြတာ၊ အခုတော့ အဲဒီဇယားကို မမှတ်မိတော့ဘူး၊ အဲဒီတုန်းကလည်း အကုန် မှန်တယ်တော့ မဟုတ်ပါဘူး၊ မှန်လိုက် မှားလိုက်နဲ့ပါပဲ