Saturday, June 19, 2010

နေမင်းရဲ့ သမီးတော်သို့

နေမင်းရဲ့ သမီးတော်အတွက် ကဗျာဆရာမိုးဃ်းဇော်ရဲ့ ကဗျာတစ်ပုဒ်နဲ့ ဂုဏ်ပြုလိုက်ပါရစေ။


နေကြာပန်းများ

အနီရောင်
ရေသောက်မြစ်တွေဆီက
သူလာခဲ့တယ်။

ပွင့်ပြီးရင် ကြွေရမှာလည်း
သူသိခဲ့ပေရဲ့။
ကြွေပြီးရင် နွမ်းရမှာလည်း
သူ သိခဲ့ပေရဲ့။

မလိုပါဘူး
သင်တို့ဆီက
ဘာအကူအညီမှ မလိုပါဘူး။
နေမင်းကို

အံကြိတ်ရင်း သူကြည့်
သတ္တိရှိတဲ့ မွှေးရနံ့တွေနဲ့။ ။

မိုဃ်းဇော်


တခါတုန်းက ကျွန်တော်ဟာ နေမင်းရဲ့သမီးတော် လို့ ခေါင်းစဉ်တပ်ထားတဲ့ စာစုလေးတစ်ခု ရေးသားခဲ့ဖူးပါတယ်။ နေမင်းက ဘယ်သူ၊ သမီးတော်က ဘယ်သူဆိုတာ ဒီနေ့ဘာနေ့လဲ သိတဲ့သူမှန်သမျှ ရိပ်မိကြမှာပါ။ သူမရဲ့အမည်ကို နေမင်းရဲ့ သမီးတော်လို့ အရမ်းကာရော တပ်တာ မဟုတ်ပါဘူး။ ဒီနေ့ ၁၉ ရက်နေ့ဟာ တားရော့ကဒ်မှာဆိုရင် The Sun ဖြစ်တဲ့အတွက် နေမင်းကတောင် ကောင်းချီးပေးနေတဲ့ ပျော်ရွှင်နေသော မြင်းပေါ်က ကလေးငယ်သင်္ကေတကို သူမအဖြစ် ပုံဖော်ရေးခြစ်လိုက်တာ ဖြစ်ပါတယ်။

သူမရဲ့ အတိတ်သမိုင်းကတော့ စိတ်ဝင်စားသူတိုင်း လေ့လာဖူးသူတိုင်း သိကြပြီး ဖြစ်မှာပါ။ လတ်တလော သူမရဲ့ ဖြတ်သန်းနေထိုင်မှုကိုလည်း ကျန်းမာချမ်းသာပါစေကြောင်း ဆုတောင်းပေးသူတွေ မနည်းပါဘူး။ နောင်လာမယ့် ကာလတွေမှာရော သူမ ဘယ်လိုရှင်သန်သွားမလဲ။ ထောင့်မျိုးစုံက ဝင်လာတဲ့ လောကဓံတရားရဲ့ ဓားချက်တွေအောက်မှာ သူမ ဘာတွေဖြစ်လာဦးမလဲ။ ကျွန်တော်ကိုယ်တိုင် မသိနိုင်၊ မခန့်မှန်းနိုင်ပေမယ့် သိနိုင်၊ခန့်မှန်းနိုင်သူ တစ်ဦးရဲ့ ရေးသားချက်ကို ရှာဖွေတင်ပြလိုက်ပါတယ်။

According to sidereal system the Saturn/ Uranus major storm will occur from September 2009 to October 2011,that would be astrologically unfavorable period for Aung San Suu Kyi and much care is needed in all fronts. Especially highly vulnerable to assassination plot would be occurred or grave danger of health/accident.

ဖော်ပြထားတဲ့အတိုင်းပါပဲ။ ကျွန်တော်တို့ ကံကြမ္မာကိုပဲ ရိုးမယ်ဖွဲ့ရမလား၊ ဘယ်လို အကြောင်းတရား မျိုးတွေက ဘယ်ပုံဘယ်နည်းနဲ့ ပေါ်ပေါက်လာမလဲ။ ကျွန်တော်တို့လည်း မသိနိုင်။ သိခဲ့သည့်တိုင် ကာကွယ်လို့ ရနိုင်ပါရိုးလား။ ကံတရားက လူဆိုးရယ်၊ လူကောင်းရယ် ခွဲနေမယ်မဟုတ်။ သူ့ရဲ့ သန်မာအားကောင်းတဲ့ လက်အစုံနဲ့ ဆွဲမြှောက်နိုင်စွမ်းလည်း ရှိရဲ့။ ရိုက်ချနိုင်စွမ်းလည်း ရှိပါရဲ့။ မည်သို့ဆိုစေပေါ့ ကျွန်တော်တို့ နေမင်းရဲ့ သမီးတော်အတွက် စိတ်ရောကိုယ်ပါ ကျန်းမာချမ်းသာစေကြောင်း ဆုမွန်ကောင်းတွေ တောင်းမယ်။ သူမအတွက် မင်္ဂလာရှိသောနေ့ရက်တွေ ကျရောက် လာပါစေကြောင်း မျှော်လင့်ဆုတောင်းမယ်။ နေမင်းရဲ့ သမီးတော် သက်တော်ရာကျော် ရှည်စေသော်ဝ်...။

3 comments:

ကိုအောင်(ပျူနိုင်ငံ) said...

နေမင်းရဲ့ သမီးတော် သာယာ ပျော်ရွှင်ပါစေ။

Anonymous said...

ဟင်.ဒါဆို သူက သူ့အဖေကမွေးလာတာဟုတ်ဘူးပေါ့

Heartmuseum said...

နေမင်းရဲ့ သမီးပျို
နိုင်ငံအကျိုး ဆထက်ထမ်းပိုး
ထမ်းဆောင်နိုင်ပါစေ။