Saturday, July 17, 2010

၁၇ မှ ၂၇ သို့

၁၇ ကနေ ၂၇ ဆီ ရောက်ရှိလာချိန်မှာ နေနဲ့လလို မိဘနှစ်ပါးကို သတိမရဘဲ၊ သူတို့ကို သွားသတိရမိတယ်။ သူတို့ဆိုတာ တချိန်တခါတုန်းက ပုခုံးပေါ် နွေးနွေးထွေးထွေး ရောက်ရှိလာတတ်တဲ့ လက်တွေပါပဲ။


အသက်က တစ်နှစ်ထက် တစ်နှစ်...။ ရှေ့ကို မရွေ့ချင်ဘဲ သွားနေတာလား၊ နောက်ကို မျက်စိမှိတ် ဆုတ်နေတာလား။ အပေါ်ကို ချွေးထွက်သံယို တက်နေတာလား။ အောက်ကို မောကြီးပန်းကြီးနဲ့ ခုန်ဆင်းနေ တာလား။ ဘေးတိုက် ကန့်လန့် ကြက်ခြေခတ် လုပ်နေတာလား။ သူလိုငါလို ခေါင်းငုံ့ ငိုက်စိုက် သွားနေ မိသလား။ ဘာပဲဖြစ်ဖြစ် ၂၇ ကို ရောက်ရှိခဲ့ပြီ။

၁၇ ကနေ ၂၇ ဆီ ရောက်ရှိလာချိန်မှာ နေနဲ့လလို မိဘနှစ်ပါးကို သတိမရဘဲ၊ သူတို့ကို သွားသတိရမိတယ်။ သူတို့ဆိုတာ တချိန်တခါတုန်းက ပုခုံးပေါ် နွေးနွေးထွေးထွေး ရောက်ရှိလာတတ်တဲ့ လက်တွေပါပဲ။

ကိုယ့်ပခုံးပေါ်က ပျောက်ဆုံးသွားတဲ့ လက်များ

အခုတလော သူငယ်ချင်းတစ်ယောက်ကို တော်တော်လေး သတိရမိတယ်။ သူတင် မဟုတ်ဘူး..။ အဖြူအစိမ်း ကျောင်းတော်သားဘဝက ခင်မင်ခဲ့သမျှ အခုထိ မှတ်ဥာဏ်တွေထဲမှာ စွဲထင်နေတဲ့ သူငယ်ချင်းတွေကို စူးစူးနစ်နစ်ကို သတိရနေမိတယ်။ မြစ်ဝကျွန်းပေါ်မြို့လေးမှာ တချိန်က စက်ဘီးတွေ၊ အခုတော့ ဆိုင်ကယ်တွေ ကိုယ်စီနဲ့ ကိုယ်သန်ရာ ဘဝလက်ရေးကို ပီပြင်အောင် ရေးသားနေတဲ့ ငယ်ပေါင်းတွေ။ ရန်ကုန်မြို့ကြီးထဲမှာ မွန်းမွန်းကြပ်ကြပ်၊ တွန်းတွန်းတိုက်တိုက် ရှင်သန်စီးမျောနေတဲ့ သူငယ်ချင်းတွေ၊ နိုင်ငံရပ်ခြားမှာ ကိုယ့်နှလုံးသားကို ပြန်မငုံ့ကြည့်ဖြစ်နိုင်လောက်အောင် စက်ရုပ်ဆန် နေရတဲ့ သူငယ်ချင်းတွေ အားလုံး အောင်မြင်ပါစေကြောင်း အမှောင်ထောင့်ချိုးက မွေးနေ့တစ်ခုမှာ ငါဆုတောင်း လိုက်ပါတယ်။

ကောင်းကြီးရေ . . .
မင်းသွေးထဲ အေးခဲနေတဲ့ ရော့(ခ်)သီချင်းတစ်ပုဒ်လို
ငါတို့ကို သတိရပါ
မင်းပြောခဲ့သလိုပေါ့
တကယ့် အဖြစ်အပျက်ထက်
တကယ် ဖြစ်ပျက်ခဲ့တဲ့ အရာတွေကို စားမြုံ့ပြန်ရတာ
ပိုအရသာ ရှိပါတယ်။

နေကောင်းလား ကောင်းကြီး
စက်ရုံထဲ ရောက်တဲ့သူဟာ စက်ရုပ်ပေါ့
စာသင်ခန်းထဲ ရောက်နေတဲ့ မင်းကရော
ဘာအရုပ်လဲ ငါသိချင်လိုက်တာ
ကျောင်းသားဘ၀ ဓာတ်ပုံထဲမှာ
ငါတို့အားလုံး ပြုံးနေတာ သံသယ ၀င်စရာပဲ။

ငါ့စိတ်ကို လောင်နေတဲ့ နေရောင်
ငါတို့ မီးလိုလည်း တောက်လောင်ခဲ့ကြဖူး
ငါတို့ ရေလိုလည်း အေးမြခဲ့ကြဖူးတယ်
ငါတို့ မိုက်မဲတာ အဓိပ္ပါယ်ရှိတယ်
ငါတို့ လိမ္မာတာ အဓိပ္ပါယ်ရှိတယ်
ငါတို့ အရက်သောက်တာက အစ အဓိပ္ပါယ် ရှိခဲ့ကြတယ်။

တချိန်က
နေ မဟုတ်ပေမယ့် လင်းခဲ့ကြတဲ့ နေ့တွေ
ရွှေ မဟုတ်ပေမယ့် ၀င်းခဲ့ကြတဲ့ ညတွေ
မင်း နင်းထားတဲ့ မြေကြီးဟာ
ငါတို့ ကိုယ်ပိုင်မြေကြီး
ငါတို့အတွက်နဲ့ ကမ္ဘာကြီး မလေးလံစေခဲ့ဘူး။

ငါဟာ အုံ့သာအုံ့ပြီး မရွာရဲတဲ့ စိတ်ပျော့ညံ့သူ မိုးတိမ်
ဒဏ်ရာကို ဇိမ်ခံပစ္စည်း တစ်ခုလို အမြဲတမ်း ချော့မြှူပွတ်သပ်လို့
အရာရာတိုင်းရဲ့ အဓိပ္ပါယ် တစ်ခုချင်းဆီမှာ
အဓိပ္ပါယ် မရှိတော့တဲ့ အကြောင်း ယုံကြည်ပြီးတဲ့နောက်
ငါဟာ ဆင်သေကို ဖုံးထားတဲ့ ဆိတ်ရေလေးလည်း ဖြစ်ခဲ့တယ်
ကိုယ်အသက် ကိုယ်ပြန်ထုပ်ထားရတဲ့
ဖက်ရွက်လေးလည်း ဖြစ်ခဲ့တယ်။

ကောင်းကြီးရေ . . .
ငါတို့ ကျောင်းတော်သားဘ၀ တအုံ့နွေးနွေး လမ်းလေးကို
မင်းလည်း တွေးပြီးသတိရနေမှာပေါ့
အရာရာ မှားပိုင်ခွင့်လည်းရှိ
အရာရာ မှန်ပိုင်ခွင့်လည်းရှိတဲ့ ငါတို့ရဲ့ လူငယ်ဘ၀ဟာ
ဘယ်အရာကိုမှလည်း မမှားခဲ့ရ
ဘယ်အရာကိုမှလည်း မမှန်ခဲ့ရဘူး သူငယ်ချင်း။

နေကောင်းလား ကောင်းကြီး
မင်းကျောင်းတက်နေရပြီဆို
ငါတို့ကတော့
ဘဂ္ဂဒက်မှာ မထူးဆန်းတော့တဲ့ လမ်းဘေးဗုံးတွေပဲ
ကွဲချင်လည်း ကွဲပေါ့။

အခြေအနေ ရှိမယ်ဆိုရင်တော့
မင်းနဲ့ငါ အတူတူ
‘အမှိုက်မပစ်ရ’ ဆိုင်းဘုတ်လေးပဲဖြစ်ဖြစ်
စိုက်ထူချင်သေးတယ်
ငါတို့ မျှော်လင့်ချက်ဟာ
ဒီလောက်တော့ သိမ်ငယ်ခွင့် ရှိတယ်မဟုတ်လား
မင်းနေကောင်းရဲ့လား ကောင်းကြီး

ငါကြိုက်လှပါတယ် ဆိုတဲ့ ကဗျာဆရာမင်းစိုးရာရဲ့ ကောင်းကြီး ဆိုတဲ့ ကဗျာတစ်ပုဒ် အပိုင်းအစတွေနဲ့ မင်းတို့ကို လွမ်းလိုက်ပါတယ်ကွာ... ကဗျာဆရာ ရည်ညွှန်းတဲ့ ကောင်းကြီးဆိုတာ ငါ့အတွက်တော့ မင်းတို့အားလုံးကို ကိုယ်စားပြုတဲ့ သင်္ကေတပါပဲ။  ရောက်ရာအရပ်က ရင်ခုန်သံတွေ နွေးထွေးလှိုက်လှဲ နိုင်ပါစေ။

ဟိုးလွန်ခဲ့တဲ့ ၁၇ နှစ်သားတုန်းကလို သူငယ်ချင်းတွေ စုဖွဲ့၊ ညနေစောင်းဆို မြို့ထဲမှာ စက်ဘီးတွေ ပတ်စီး၊ ညဦးကျ လက်ဖက်ရည်ဆိုင် ထိုင်၊ ညနက်လာရင် ဂစ်တာလေးတွေ ဆွဲ၊ ကိုယ်မြတ်နိုးသူ့ အိမ်ရှေ့မှာ သီချင်းလေးတွေ ဆိုချင်သေးတယ်။ အခု ၂၇ နှစ်မှာ မနက်လင်းတာနဲ့ ကွန်ပြူတာ တဂျောက်ဂျောက် အဝေးရောက် သူငယ်ချင်းတွေဆီ "Hi, Hello, Hey" နဲ့ နူတ်ဆက်၊ ဘယ်တော့မှ ပြန်မရတော့မယ့် ဆယ်ကျော်သက် နှစ်ကာလကို ငွေကြေး၊ ပညာ၊ အောင်မြင်မှုတွေနဲ့ လဲလှယ်လိုက်ရပြီ။

တချိန်က ပြတ်မှာစိုးလို့ ခပ်လျော့လျော့လေး ထားခဲ့တဲ့ ဂစ်တာ တစ်ကြိုးလေးတစ်ချောင်းလို ငါတို့ ခင်မင်မှုတွေကို ခပ်ယဲ့ယဲ့ ဖြစ်မသွားစေချင်ဘူး။ လက်ဖက်ရည်ဆိုင် ခုံပုလေးမှာ မင်းနဲ့အတူ စီးကရက်တစ်လိပ်ကို တစ်ယောက်တစ်ဝက် သောက်ရင်း ပြန်ထိုင်ခွင့် ရချင်တယ်။ မိုးထဲရေထဲမှာ ထီးမပါ၊ ခြေဗလာနဲ့ မထီမဲ့မြင် လျှောက်ချင်သေးတယ်။ စက်လှေကို ယိမ်းခါအောင် မောင်းရင်း မြစ်ကမ်းကနေ ဒိုင်ဗင်တွေ ခြေစုံပစ် ထိုးလိုက်ချင်သေးတယ်။ အားလုံး ပြီးဆုံးသွားပါပြီလို့ အသိဥာဏ်က ပြဋ္ဌာန်းနေပေမယ့် ဖြစ်နိုင်ရင် တစ်ကနေ ပြန်စချင်သေးတယ်။ သူငယ်ချင်းဆိုတာ အကြိမ်ကြိမ် ဖွင့်လို့ရတဲ့ လက်ဆောင်တဲ့။ မင်းတို့ဆီက သတိရကြောင်း စကားတစ်ခွန်းကို ဟောဒီ မွေးနေ့လက်ဆောင်အဖြစ် ငါလိုချင်ပါရဲ့ကွာ။

( ဆီစွတ်၊ တာတူး၊ အရှည်ကြီး၊ သိန်းဇော်၊ လကိုနိုင်၊ ခွေးကြီး၊ ဂျင်ဘို၊ ဝက်နိုင်ဖြိုး၊ ၊ တော်ကီ၊ ဖြူစင်၊ ဇောင်ထက်အော်၊ ဝမ်းထု၊ ဇေကြီး၊ ခေါလေး၊ ကျိုင်းတုံဝက်.....အားလုံးကို အမှတ်တရပါ။  )

10 comments:

ကိုအောင်(ပျူနိုင်ငံ) said...

Happy Birthday ပါ ညီလေးရေ၊ အသက် ၂၇ မှ
သည် အသက်ရာကျော်အထိ ပျော်ရွှင်စရာတွေနဲ့ ပြီးပြည်စုံပါစေ။

poemflower said...

Happy Birthday ပါ ကိုYoungGun သက်ရာကျော်ရှည်ပါစေရှင်...လိုရာဆန္ဓတွေအားလုံးပြည့်ပါစေ....

ညခင်းနှင့်လမင်း said...

ပျော်ရွှင်စရာ မွေးနေ့ပေါင်းများစွာကို ပိုင်ဆိုင်ပါစေ
ကို YoungGun

MieMie said...

၁၇ .. ၂၇ .. ၃၇ .. ၄၇ .. ၅၇ .. ၆၇ .. ၇၇ .. ၈၇ .. ၉၇ .. ၁၀၇ .. ၁၁၇ .. .. .. ထိ ကျန်းမာ ပျော်ရွှင် နိုင်ပါစေ ....

mie nge

http://khinsandarwaine.blogspot.com/ said...

မွေးနေ့မင်္ဂလာပါ ...
ဆန္ဒနဲ့ဘ၀ ထပ်တူပိုင်ဆိုင်နိုင်ပါစေ ...

Oak Soe MMTL said...

၂ + ၇ = ၉ နဝင်းခံလို့ ကံကိုမြင့်နိုင်ပါစေဗျာ။ ဆက်လက်လို့ နှစ်ဆယ့်ခွန်ရက်လွန်သမျှ နောက်ပိုင်း အပြတ်စွန် ရက်မွန်အလှတွေနဲ့ ဆုံဆည်း ရှေ့ဆက်နိုင်ပါစေဗျာ...။

စိုးမင်းဦး said...

27 နှစ်မြောက် မွေးနေ့ မှ သည် 127 မွေးနေ့ တိုင် ပျော်ရွှင်ချမ်းမြေ့ သော ဘဝ ကို တည်ဆောက် ပိုင် ဆိုင် နိုင်ပါစေ ကိုရန်ဂန်း ရေ.....။

အိမ် said...

အခု၂၇ ဆိုတော့ အင်း ... ဒါဟာ အတွေ့အကြုံတွေ အတော်ရနေပြီ ဆိုတဲ့ အရွယ်ပေါ့ ဆက်လက်ပြီး သင်ယူစရာတွေလဲ ရှိသေးသဗျ အားတင်းထား၊ အားမွေးထား၊ မိန်းမယူဖို့လဲ လုပ်တော့ တော်ကြာ ကျနော့်လို အပြောခံနေရဦးမယ်။ မွေးနေ့မှာ ချစ်သူနဲ့ ပျော်ရွှင်ပါစေဗျာ၊

မြတ်နိုး said...

၂၇ မှသည်..နောင်နှစ်ပေါင်းများစွာ.....ထိ..
လိုချင်ဖြစ်ချင်သောဘ၀ခီးကိုလျှောက်လှမ်းရပါစေလို့..

thwin said...

Happy Birthday. Nin ka myat nhar lite tal.... main ka lay twae kya tot ma par buu......