Monday, July 26, 2010

တပည့်ခိုင်မာ၊ ဆရာလာ

ဒီပုံပြင်လေးကို ဆရာကြီးမင်းသိင်္ခရဲ့ စနေမောင်မောင်အကြောင်း ဝတ္ထုတစ်ပုဒ်မှာ ဖတ်ဖူးခဲ့ပါတယ်။ အခု မှတ်မိသလောက် ပြန်ရေးပြတာပါ။

တခါတုန်းက သူဌေးသားညီအစ်ကို ၃ ဦးဟာ လေးအတတ်ပညာကို တတ်ချင်လွန်းလို့ အဲဒီခေတ်အခါက နာမည်အကျော်ဆုံး လေးအတတ်ပညာရှင် ဆရာကြီးတစ်ယောက်ကို ထိုက်သင့်တဲ့ အခကြေးငွေ ဥာဏ်ပူဇော်ခတွေ ပေး၊ သူတို့ပိုင်ဆိုင်တဲ့ ခြံကြီးဆီ ပင့်ဖိတ်ပြီး သင်ယူကြသတဲ့။ ဆရာကြီးကလည်း သူဌေးသား သုံးယောက်ကို သူတတ်သမျှ ပညာတွေ အိတ်သွန်ဖာမှောက် သင်ကြားပေးလေရဲ့။

ဒီအချိန်မှာပဲ သူဆင်းရဲလေးတစ်ယောက်ကလည်း လေးအတတ်ပညာကို သင်ချင်လွန်းလို့ ဆရာကြီးဆီ ချဉ်းကပ်ပြီး သူ့ကိုလည်း သင်ပေးပါလို့ တောင်းဆိုရှာတယ်။ ဆရာကြီးက ဒီပညာမျိုးဟာ မင်းမျိုးမင်းနွယ်၊ သူဌေးသူကြွယ်တွေသာ တတ်အပ်တဲ့ ပညာ၊ ဥာဏ်ပူဇော်ခ မပေးဘဲ လုံးဝ သင်မပေးနိုင်ဘူးလို့ ပြန်ငြင်းလိုက်သတဲ့။ သူဆင်းရဲသကောင့်သားလည်း ဆရာကြီးကို ပူဇော်စရာ ခြူးတစ်ပြားတောင် မချမ်းသာလို့ စိတ်ပျက်လက်ပျက်နဲ့ ခေါင်းငိုက်စိုက်ချပြီး နောက်ဆုတ် သွားရှာတယ်။

ဒါပေမယ့် သူဆင်းရဲကလေးဟာ ငွေမပေးနိုင်လို့ သင်မပေးလိုက်တဲ့ ဆရာကြီးအပေါ် စိတ်မကွက်ဘဲ ဆရာကြီးရဲ့ ပညာကို လေးမြတ်ပူဇော်တဲ့အနေနဲ့ ဆရာကြီးပုံတူ ရွှံ့ရုပ်တု တစ်ခုလုပ်ပြီး နေ့တိုင်းကန်တော့၊ ပူဇော်သတဲ့။ သူ့ကို သင်ပေးပါလို့လည်း အဲဒီရုပ်တုကြီးဆီမှာ တစာစာ တောင်းဆိုသတဲ့။

ဒီလိုနဲ့ တစ်နှစ်လောက်ကြာတဲ့အခါမှာ သူဌေးသား ၃ ယောက်လည်း လေးတွေ မြားတွေ ဝင့်ဝင့်နဲ့ အတတ်ပညာတွေစုံလို့ ဆရာကြီးနဲ့အတူ တောထဲ ဝင်ပြီး အမဲလိုက်ကြသတဲ့။ တောထဲရောက်တော့ သမင်တစ်ကောင်ကို တွေ့ရော။ တွေ့တာနဲ့ တတ်သည့်ပညာ မနေသာဆိုတဲ့အတိုင်း သူဌေးသား ၃ ယောက်က ဆရာကြီး သင်ပေးထားတဲ့ လေးအတတ်နဲ့ သမင်ကို ဝိုင်းလိုက်ကြ ပစ်ကြခတ်ကြပေါ့လေ။ သူဌေးသားတွေရဲ့ မြားတံတွေက အဝှီဝှီနဲ့ သမင်ဆီ ပြေးဝင်သွားပေမယ့် အခုန်အပျံ ကောင်းတဲ့ သမင်ကြောင့် အရာမရောက်ဘဲ ဖြစ်နေပါတယ်။ ဒီအချိန်မှာပဲ သူဌေးသားတွေရဲ့ အကောင်းစား မြားတံ မဟုတ်တဲ့ ပြင်ပက မြားတစ်စင်းက ပြေးလွှားခုန်ပျံနေတဲ့ သမင်ကို ချက်ကောင်းထိမှန်သွားစေခဲ့ပါတယ်။

ဒီမြားကို ပစ်လိုက်သူကတော့ လေးအတတ်ကို ငွေပေး မသင်နိုင်လို့ နောက်ပြန်ဆုတ်သွားခဲ့ရတဲ့ သူဆင်းရဲလေးပဲ ဖြစ်ပါတယ်။ သူ့ရဲ့ လေးအတတ်ပညာကလည်း သူတို့အားလုံးထက် ကျော်လွန်နေတဲ့အပြင် တစ်ဖက်ကမ်းခတ်အောင်ကိုပဲ ထက်မြက် ထူးချွန်နေလေရဲ့။ အဲဒီအခါမှာတော့ သူဌေးသား ၃ ယောက်နဲ့အတူ ဆရာကြီးကိုယ်တိုင်ကလည်း တအံ့တသြနဲ့ ဒီပညာကို ဘယ်ကနေများ သင်ယူလာသလဲလို့ ဝိုင်းမေးကြပါလေရော။

သူဆင်းရဲလေးက ဘယ်လို ပြန်ဖြေသလဲ ဆိုတော့။ သူဟာ ဆရာကြီးပုံတူရုပ်တုကို နေ့တိုင်း မပျက်မကွက် ပူဇော်ပြီး ပညာသင်ပေးဖို့ ပညာတတ်မြောက်ဖို့ကို နိစ္စဓူဝ ဆုတောင်းခဲ့ပါတယ်တဲ့။ တနေ့မှာတော့ ဆရာကြီးကိုယ်တိုင် သူ့ဆီ ရောက်လာပြီး လေးကို ဘယ်လိုတင်၊ ဘယ်လိုချိန်၊ ဘယ်လိုပစ်၊ ဘယ်လိုအာရုံစိုက်ရတယ်ဆိုတာ နေ့တိုင်းနေ့တိုင်း အသေးစိတ် လာသင်ပေးပါသတဲ့။ ဒါ့ကြောင့် သူလည်း အားရဝမ်းသာနဲ့ ပညာသင်ခဲ့ပြီး အခုလို ကျွမ်းကျင်တတ်မြောက် ခဲ့ရတာပါတဲ့။( တကယ်တော့ ဆရာကြီးဟာ သူဆင်းရဲလေးကို ဘယ်တုန်းကမှ ပညာမသင်ပေးခဲ့ပါဘူး။)

သူဆင်းရဲလေးရဲ့ စကားကို ကြားရတော့ ဆရာကြီးဟာ တစ်စုံတရာကို လေးလေးနက်နက် တွေးတောမိပါသတဲ့။ ပြီးတော့ သူ့တပည့် သူဌေးသား ၃ ဦးကို ပြန်ရှင်းပြလိုက်တယ်။ ပညာကို နေ့စဉ် ဆရာနဲ့အတူ လက်ပူးလက်ကြပ် သင်ခွင့် ရနေပေမယ့် ပညာနဲ့ တစ်သားတည်း ကျမလာရင် ပညာကို ငတ်မွတ် တောင့်တမှု မရှိရင် အကုန်အစင် တတ်မြောက်မှာ မဟုတ်ဘူး။ သူဆင်းရဲလေးဟာ ဆရာနဲ့ သင်ယူခွင့် မရပေမယ့် ဆရာနဲ့ပညာအပေါ် လေးစားမှု အပြည့်ထားပြီး အသွေးထဲ အသားထဲကကို တောင့်တတဲ့အတွက် ပညာကို အလိုအလျောက်ပေါက်မြောက် သိမြင်သွားတယ်လို့ ဆရာကြီးက ပြောပြလိုက်ပါတော့တယ်။

ဒီပုံပြင်လေးကို ဆရာကြီးမင်းသိင်္ခရဲ့ စနေမောင်မောင်အကြောင်း ဝတ္ထုတစ်ပုဒ်မှာ ဖတ်ဖူးခဲ့ပါတယ်။ အခု မှတ်မိသလောက် ပြန်ရေးပြတာပါ။ ဒီပုံပြင်က ပေးတဲ့ Message က တိဗက်စကားပုံတစ်ခုကို ဖော်ဆောင်ထားတာ ဖြစ်ပါတယ်။ တပည့်ခိုင်မာ ဆရာလာ၏။ ဆိုတဲ့ စကားပုံလေး ဖြစ်ပါတယ်။ သင်ယူမယ့် တပည့်က အသင့်အနေအထားနဲ့ ပညာကို စောင့်မျှော်နေရင် ၊ ပညာအပေါ် ယုံကြည်ခိုင်မာမှု ရှိရင် သင်ပေးမယ့် ဆရာက အလိုအလျောက်ကို ကြွရောက်လာပြီး သင်ပေးပါလိမ့်မယ်လို့ ဆိုပါတယ်။

တောက်တယ်ကျင်း ( တာအိုအတွေးအခေါ် ) မှာတော့ ဒီသဘောကို ဟောသလို ဖွင့်ဆိုထားပါတယ်။

“Knowing others is intelligence;

knowing yourself is true wisdom. 
Mastering others is strength; 
mastering yourself is true power. 
If you realize that you have enough, 
you are truly rich.”

3 comments:

utinbobo said...

မှန်တယ် ငါ့ညီ
ဗုဒ္ဓဘုရား ပွင့်စဉ်တုန်းက ဘုရားနဲ့ နဖူးတွေ့ဒူးတွေ့ တွေ့ခဲ့ပါလျှက် ကျွတ်တမ်းမ၀င် သူတွေ ဒု နဲ့ ဒေး ရှိသလို၊ ဘုရား ပရိနိဗ္ဗာန် ပြုပြီး နှစ်ပေါင်း (၂၅၀၀)အတွင်းမှာ ဘုရားတရားတော်တွေနဲ့ တွေပြီး ကျွတ်တမ်းဝင် သွားတဲ့ သူတွေလည်း ဒု နဲ့ ဒေး ရှိခဲ့ပါတယ်။ ဘုရားနဲ့တွေ့ခြင်း မတွေ့ခြင်းက အဓိက မကျပါ။

အိမ် said...

ပညာရှာပမာ သူဖုန်းစားတဲ့ ... ပညာရှာရင် သူဖုန်းထားလဲ လှန်ားးလို့ ပြောတာမဟုတ်ဘူးနော် ကြားဖူးတဲ့ စကားပုံကိုပြောတာပါ။ ကျနော်ဆိုလဲ ကွန်ပျူတာ အကြောင်း သိချင်၊ တတ်ချင်လွန်းလို့ ကွန်ပျူတာကိုနေ့တိုင်း ထိုင်မရှိခိုးပေမဲ့ ကလိခဲ့လို့ ဘာပဲပြောပြော သူများထက်စာရင် သိပြီ၊ တတ်ပြီလို့ ပြောရမှာပဲ။ သဘောကတော့ဗျာ ကျောင်းဆရာတွေ ပြောခဲ့သလိုပေါ့ မိုးဘယ်လောက် ရွာရွာ ခံတဲ့ခွက်ပေါ်မှာ မူတည်သတဲ့ ...။

မြစ်ကျိုးအင်း said...

ဒီပုံပြင် ဖတ်ဖူးတယ်ဗျ။ ကျနော်က ဆရာကြီး မင်းသိင်္ခ စာအုပ်တွေကို အထပ်ထပ် ဖတ်ဖြစ်တယ်။ အနှစ်သက်ဆုံး စာရေးဆရာပါ။ ရေးဟန်ကိုက ထူးခြားလွန်းတယ်။ သတိရသလောက် ချီးမွန်းရရင်တောင် စာတော်တော်ရှည်သွားနိင်တယ်။