Friday, August 6, 2010

ဗေဒင်ဆရာ တစ်ဖြစ်လဲ ဆရာဇဝန

ဆရာဇဝနရဲ့ ဗေဒင်ပညာ အစွမ်းကို ယုံကြည်သူတွေထဲမှာ ဂျာနယ်ကျော် ဦးချစ်မောင်လည်း အပါအဝင် ဖြစ်ခဲ့ပါတယ်။


တစ်ခေတ်တခါက နာမည်ကျော် စာရေးဆရာဇဝနနဲ့ ပက်သက်ပြီး ဖတ်နေကျ ဂမ္ဘီရမဂ္ဂဇင်း (စက်တင်ဘာလ၊ ၂ဝ၁ဝ) မှာ ကိုမောင်သန်းဝင်း ဆိုသူက မှတ်မှတ်ရရ ရေးသားထားတဲ့ ဆောင်းပါး တစ်ပုဒ်ကို တွေ့ရပါတယ်။ ဆရာဇဝနကို စာရေးဆရာ(အထူးသဖြင့် ဟာသစာရေးဆရာ) အဖြစ် လူသိများ ထင်ရှားခဲ့ပေမယ့် သူနဲ့ နီးစပ်ရာ ပတ်ဝန်းကျင်မှာတော့ ဘာသာရေး လိုက်စားသူ၊ ဗေဒင်နက္ခတ်နဲ့ ဂမ္ဘီရပညာတွေမှာ အလွန်ဝါသနာထုံသူအဖြစ်လည်း ကျော်ကြားခဲ့တယ်ဆိုတာကို ဒီဆောင်းပါးမှာ ဖော်ပြထားပါတယ်။ အရင်တုန်းကလည်း ကျွန်တော် မမှတ်မိတော့တဲ့ ဆောင်းပါးတစ်ပုဒ်မှာ ဗေဒင် ကျွမ်းကျင်လှတဲ့ ဆရာဇဝနအကြောင်းကို တစ်စွန်းတစ ဖတ်ဖူးခဲ့ပါတယ်။ အခုတစ်ကြိမ်မှာတော့ ဆရာဇဝနရဲ့ လူသိမများတဲ့ အရည်အချင်းတစ်ခုကို ကိုမောင်သန်းဝင်းရဲ့ ဒီဆောင်းပါးမှာ အသေချာ လေ့လာ ဖတ်ရှု ခွင့်ရလိုက်ပါတယ်။

တခါက လူတစ်ယောက်ဟာ ဆရာဇဝနကို ဒုတိယကမ္ဘာစစ်ကြီး ဘယ်တော့ပြီးမလဲလို့ မေးပါတယ်။ ဟာသ စာရေးဆရာ ဖြစ်တဲ့ ဆရာဇဝနက စစ်မတိုက်တော့ရင် ပြီးမှာပေါ့လို့ ခပ်နောက်နောက် ပြန်ဖြေပါတယ်။ ဒါပေမယ့် အဲဒီလူက နက္ခတ်တာရာ ဂြိုဟ်အသွားအလာနဲ့ ဟောပေးပါလို့ တောင်းဆို လာတာကြောင့် ၄၅ ရက်အတွင်းမှာ တိုကျိုမြို့တော်ကြီး ကျမယ်။ နောက် ၂ လလောက်ဆို စစ်ကြီး ပြီးမယ်လို့ ဟောလိုက်ပါတယ်။ ဆရာဇဝနက သူ့ရဲ့ ဟောပြောချက်ကို ရယ်စရာတစ်ခုလို ဟောလိုက် ပေမယ့် ဆရာ့ပညာရပ်ကို အထင်ကြီးလေးစားသူတွေက ရယ်စရာလို သဘော မထားခဲ့ကြပါဘူး။ ဘာလို့လဲ ဆိုတော့ ၃ ပတ်လောက် အကြာမှာ အနုမြူဗုံးဒဏ်ကြောင့် ဂျပန်လက်နက်ချလိုက်ရပြီး နောက် ၂ လမှာ စစ်ကြီးပြီးမယ်ဆိုတဲ့ ဆရာ့ဟောပြောချက်က အံ့သြဖွယ် မှန်ကန်ခဲ့လို့ပါပဲ။

ဒီလို အံ့မခန်း ဟောချက်တွေကြောင့် နီးစပ်ရာပတ်ဝန်းကျင်က မိတ်ဆွေတွေက ဆရာဇဝနကို ပုရောဟိတ် တစ်ဆူသဖွယ် လေးစားအားကိုးခဲ့ကြပါတယ်။ ဒီထဲမှာ ဆရာသက်လုံ (ဆရာကြပ်ကလေး) လည်း အပါအဝင် ဖြစ်ပါတယ်။ တခါတုန်းက ဆရာသက်လုံက သူအိမ်ထောင်ပြုတော့မယ်လို့ ဆရာဇဝနကို ပြောပြ ပါတယ်။ ဒီတော့ ဆရာဇဝနက ဆရာသက်လုံရဲ့ ဇနီးလောင်း ဇာတာကို ကြည့်ပြီး "ကိုရင့် ဇနီးလောင်းက မျက်မှန် တပ်ရသူ၊ ဒါမှမဟုတ် မျက်စိ မလှသူ ဖြစ်မယ်" လို့ ဟောလိုက်ပါတယ်။ ဆရာဇဝနရဲ့ ဒီဟောကိန်းဟာ တကယ်လည်း ဒက်ထိမှန်ပါတယ်လို့ ဆရာသက်လုံက ဝန်ခံခဲ့ရပါတယ်။

တခါကလည်း ဗမာ့ခေတ်သတင်းစာကို မြန်မာပြည်မှာ ပထမဆုံး ရိုထရီပတ်လည်စက်ကြီးနဲ့ စတင် ပုံနှိပ် တော့မယ်လို့ ကြေငြာတဲ့အခါမှာ ဆရာဇဝနက ဒီစက်ကြီးနဲ့ ရိုက်တဲ့ ဒီသတင်းစာဟာ တစ်ရက် နှစ်ရက်နဲ့ ပိတ်ရမယ်လို့ ရုတ်တရက် ဟောကိန်းထုတ်လိုက်ပါတယ်။ တကယ်တမ်းမှာလည်း ဗမာ့ခေတ် သတင်းစာဟာ ပတ်လည်စက်နဲ့ စရိုက်တဲ့နေ့မှာပဲ ရပ်ဆိုင်းခဲ့ရပါတယ်။

ဆရာဇဝနရဲ့ ဗေဒင်ပညာ အစွမ်းကို ယုံကြည်သူတွေထဲမှာ ဂျာနယ်ကျော်ဦးချစ်မောင်လည်း အပါအဝင် ဖြစ်ခဲ့ပါတယ်။ တခါက မြန်မာ့အလင်း သတင်းစာတိုက် လက်ဖက်ရည်ဆိုင်မှာ ဥိးချစ်မောင်နဲ့ ဇဝနတို့ ဆုံတော့ ဦးချစ်မောင်က ဝတ္ထုတစ်ပုဒ်ကို မနေ့ညက ရေးသားတာ တော်တော်ပြီးသွားပြီလို့ ပြောတယ်။ ဒီမှာတင် ဆရာဇဝနက ဦးချစ်မောင်အနေနဲ့ ဒီဝတ္ထုဇာတ်လမ်းကို ဘယ်လိုဖွဲ့စည်းထားတယ်။ ဇာတ်လမ်းပါ အကြောင်းအရာတွေက ဘာဆိုတာ သိတယ်လို့ နောက်ပြောင် လိုက်ပါတယ်။ ဦးချစ်မောင်ကလည်း သိရင် ပြောစမ်းလို့ မေးပါတယ်။

ဒီတော့ ဆရာဇဝနက သံဒိဋ္ဌဂြိုဟ်သွားပြက္ခဒိန်ကို ထုတ်ပြီး ကောဇာဂြိုဟ်နေကို တွက်ပါတယ်။ ဇာတာကို ကြည့်ပြီး ဆရာဦးချစ်မောင် ရေးထားတဲ့ ဇာတ်လမ်းဟာ တောရွာကို အခြေခံထားကြောင်း၊ ဇာတ်လိုက်က တောသား၊ ခေတ်ပညာတတ် ကျောင်းဆရာ၊ သူ့ချစ်သူ မိန်းခလေးက ရွာကွမ်းတောင်ကိုင် အချောအလှ၊ အနုပညာ မြတ်နိုးသူတွေ ဖြစ်ကြောင်း၊ သူကြီးက အနိုင်ကျင့်တတ်သူ၊ ဒုက္ခပေးတတ်သူ၊ ဇာတ်လိုက်က သူကြီးရဲ့ အနှိပ်စက်ခံရကြောင်း ဇာတ်လမ်း ကျောရိုးကို ဇာတာကြည့်ပြီး ဟောပြလိုက်ပါတယ်။ အဲဒီမှာတင် ဂျာနယ်ကျော် ဦးချစ်မောင်လည်း မျက်လုံးပြူးလို့ တအံ့တသြ ဖြစ်ခဲ့ပြီး ဆရာဇဝနပညာကို ချီးမွမ်းခဲ့ရပါတယ်။

ဆရာဇဝနဟာ ဗေဒင်ပညာကို ဝါသနာ လေ့လာလိုက်စားပြီး တတ်သိနားလည်သူများဆီမှာလည်း မေးမြန်း သင်ယူခဲ့ပါတယ်။ တတ်ထားတဲ့ ပညာနဲ့ မိတ်ဆွေတွေကိုလည်း ကူညီတွက်ချက် ဟောပြော ပေးခဲ့ပါတယ်။ ဆရာဇဝနဆီမှာ မြင်ရတဲ့ အတုယူစရာ ကောင်းတဲ့ အကျင့်ကတော့ တတ်တဲ့ ပညာအပေါ် ဂုဏ်ယူ မောက်ကြွားတာ မရှိ၊ ဟောသမျှ ဟောချက်တွေ ကိုလည်း ဟာသနှော၊ ရယ်စရာလို ပြောရင်း ဟောသွား တတ်ပြီး ကိုယ့်ဂုဏ် ကိုယ်ဖော် မသူတော်လို လူစားမျိုး မဖြစ်မခံ ခဲ့တာပါပဲ။ ဆရာဇဝန အကြောင်းကို ဒီနေရာမှာ လေ့လာဖတ်ရှုနိုင်ပါတယ်။

5 comments:

ဇေယျာမောင် said...

စာရေးဆရာကြီးတွေထဲမှာ ဒီးဒုတ်ဦးဘချိုကဗိုလ်ချုပ်အောင်ဆန်း မကျဆုံးခင်မှာ သတိပေးတဲ့အနေနဲ့  သတင်းစာမှာ နက္ခတ်ဗေဒင်ပညာနဲ့ ရေးခဲ့တယ်လို့ သိရပါတယ်။
ဂျာနယ်ကျော်မမလေးကတော့ အမည်နာမကိုကြည့်ပြီး ဆေးကုသတဲ့ ပုဂ္ဂလပညတ်နေလ၀ိဇ္ဇာဆေးပညာကို ကျွမ်းကျင်ကြောင်းသိရပါတယ်။ ဗေဒင်ဆိုင်ရာ သုတလေးတွေအတွက် ကျေးဇူးပါ ဆရာရမ်းရေ . . .

utinbobo said...

ညီရေ
ဆရာဇ၀န ဗေဒင်တတ်တာ ကြားဖူးပေမယ့် ဒီလောက် အသေးစိတ်ကြီး မသိခဲ့ဘူး။ အခုလို သိမှတ်ခွင့်ရလို့ ကျေးဇူးတင်ပါတယ်။ ဒီလိုဘဲ လူမသိ သူမသိ “ရွက်ပုန်းသီး” ပညာရှင်တွေ အကြောင်း စုဆောင်းရေးသားပေးပါဦး။

နွေဆူးလင်္ကာ said...

ဟုတ်ပနော် ... စစ်မတိုက်တော့ရင် စစ်ကြီးပြီးသွားလိမ့်မယ်တဲ့ မှန်သား ...

Hay Man said...

ဆရာဇ၀န ကိုယ်တိုင်ရေးတဲ့ အထ္ထုပ္ပတ္တိမှာ အဲအကြောင်းကို ဖတ်ရဖူးပါတယ် စာအုပ်နာမည်က ဇ၀န ရဲ့ ဇ၀နပါ ဆရာက သူမြင်းပွဲလောင်းရင်း မြင်းဗေဒင်ကိုလေ့လာရာက ဗေဒင်ကျွမ်းကျင်လာကြောင်း အဲစာအုပ်မှာ ရေးဖူးပါတယ်

ဂုလု said...

ဒီပို့စ်ကိုဖတ်ပြီးတော့ ဗေဒင်ပညာရပ်ကို ဇောင်းပေး ရေးထားတယ်လို့ ခံစားရပါတယ်။ ဆရာဇ၀န ရဲ့ ဗေဒင်ပညာကို ဘယ်လို သဘောထားတယ်ဆိုတာကို ဇ၀န ၏ ဇ၀န စာအုပ်ဖတ်ပြီးမှ သုံးသပ်ပြစေချင်ပါတယ်။