Sunday, August 15, 2010

လက်တွေ့နယ်ပယ်ထဲက ဖုန်းရွှေ

ပျော်စရာလည်းကောင်း၊ စိတ်ဝင်စားစရာလည်း ကောင်းတဲ့ ဖုန်းရွှေပညာရပ်နဲ့ ပက်သက်လို့ ခင်ဗျားတို့ သိထားတာတွေလည်း မျှဝေသွားနိုင်ပါတယ်။

အိမ်ရှေ့ မှန်ကပ်တာ၊ ဆိုင်ကြီးကန္နားကြီးတွေထဲမှာ မှန်ကပ်တာ၊ ဆိုင်ပေါက်ဝ၊ ရုံးခန်းဝမှာ ဆည်းလည်းတွေ၊ အသံလွင် ခေါင်းလောင်းတွေ၊ ခြူတွေ ချိတ်ဆွဲတာ၊ လက်ယပ်ခေါ်နေတဲ့ လာဘ်ခေါ် ကြောင်ရုပ်လေးတွေကို ကောင်တာပေါ် တင်ထားတာတွေက ဖုန်းရွှေပညာရဲ့ လူသိများတဲ့ လက်တွေ့ အသုံးချနည်းတွေ ဖြစ်ပါတယ်။ ဘာတွေထူးလို့ ဒါတွေ ထားသလဲ။ ဘာတွေကောင်းလို့ ဒါတွေကို ဆောင်ကြသလဲ။ မေးခွန်းတွေရဲ့ အဖြေဟာ လက်တွေ့ အသုံးချမှု၊ နည်းစနစ် မှန်ကန်မှုနဲ့ ယုံကြည် လေးနက်မှု အပေါ်မှာ အဓိက ကျနေပါတယ်။

တလောတုန်းက ဒီဘလော့မှာ ဖုန်းရွှေမိတ်ဆက် စာတိုပေစလေးတစ်ခု ရေးသားတင်ဆက်ဖူးပါတယ်။ တကယ့် ဖြစ်ရပ်နဲ့လည်း တိုက်ဆိုင်ပြခဲ့ပါတယ်။ နောက်ထပ် တိုက်ဆိုင်ပြစရာ ဖြစ်ရပ်မှန်တွေလည်း ပြောပြချင်ပါတယ်။ ဒါပေမယ့် အခုလောလောဆယ်မှာတော့ လက်တွေ့အသုံးတည့်နေတဲ့ ဖုန်းရွှေ နည်းစနစ်တွေ အကြောင်း၊ ဖုန်းရွှေအဆောင် အယောင်တွေ အကြောင်းကို ဦးစားပေးတင်ပြချင်ပါတယ်။

ပန်းချီကားတွေဟာ အသက်ဝင်နေပါသလား။ ဂန္ဓာရီပညာရပ် ရှုထောင့်က ပြောရင် အသက်ဝင် နေတယ်လို့ ဆိုပါရစေ။ မြန်မာ့ရိုးရာ ဂန္ဓာရီပညာမှာလည်း ဓာတ်ပန်းချီဆိုတာ ရှိပါတယ်။ကောင်းကြိုးစုံညီ ဓာတ်ပန်းချီတွေကို လက်ဆန်းဗေဒင်က အင်္ဂဝိဇ္ဇာ၊ မဟာဘုတ်နဲ့ ဆန်းကျမ်းနည်းတွေကို အသုံးပြုပြီး အခါကောင်းမှာ ရေးဆွဲရတယ်လို့ မှတ်သားဖူးပါတယ်။ ထားပါတော့ ..။ အမေကျော် ဒွေးတော်မက၊ ဘွားတော်ပါ လွမ်းပြတယ်ပဲ ဆိုဆို၊ အခု ပြောချင်တာက တရုတ်ကြီးတွေရဲ့ ဖုန်းရွှေပညာ အကြောင်းပါ။

တောင်တန်းတစ်ခု ပုံပါတဲ့ ပန်းချီကားကို ကိုယ့်စားပွဲရဲ့ နောက်ဘက်မှာ ချိတ်ဆွဲထားပါ။ ကိုယ့်လုပ်ငန်းကို တည်ငြိမ်မြဲမြံစေပါလိမ့်မယ်တဲ့။ စွန့်စားမှုများတဲ့၊ အတက်အကျ ကြမ်းလွန်းတဲ့၊ ပြိုင်ဖက်များတဲ့ လုပ်ငန်းတွေမှာ သုံးတယ်လို့ သိရပါတယ်။

တချို့အလုပ်တွေက အင်မတန် ရှုပ်ထွေးပါတယ်။ ဥပမာ.. ကျွန်တော့်အနားက ပင့်ကူအိမ်လို မွစိထနေတဲ့ network cables တွေလိုပေါ့။ Hardware သမားတွေရဲ့ အလုပ်ခန်းကလည်း တကယ့်မြွေဝင်ခွေမယ့် အနေအထားပါပဲ။ ဒီလို မလွှဲမရှောင်သာ ရှုပ်ထွေးတဲ့ လုပ်ငန်းတွေမှာ အသံသာ ခေါင်းလောင်းလေးတွေ ချိတ်ဆွဲထားမယ်ဆိုရင် ဒါဟာ လုပ်ငန်းခွင်ဝင်နေသူတွေအဖို့ စိတ်လက်ချမ်းသာစေမှာ ဖြစ်သလို၊ မကောင်းတဲ့ ပါပဓာတ်တွေကိုလည်း ဖယ်ရှားပေးသွားလိမ့်မယ်လို့ ဖုန်းရွှေက ဆိုပါတယ်။

နဂါးစိမ်း၊ ကျားဖြူနဲ့ ဇာမဏီငှက်ရယ်၊ လိပ်မည်းရယ်ကို ဖုန်းရွှေရဲ့ ဂေဟဗေဒမှာ သော့ချက်တွေအဖြစ် သုံးပါတယ်။ ဒီသော့ချက်ကို ဒီခေတ်မှာ ဒီတိုင်း အတင်းထိုးထည့်လို့ မရပါဘူးတဲ့။ ပမာဆိုရရင် ရေတံခွန်ကြီး ကိုယ့်အိမ်ထဲ ထည့်လို့ မရသလိုပါပဲ။ ဒီတော့ ရှော့ပင်းစင်တာကြီးတွေမှာ ရောင်းနေတဲ့ ပုံစံတူ ရေတံခွန်လေးတွေကို အိမ်၊ ဒါမှမဟုတ် ရုံးခန်းရဲ့ မြောက်ဘက်အရပ်မှာ ထားပေးရပါတယ်။ တချို့ ရေတံခွန်လေးတွေများ ကြည့်နေသူကိုတောင် ကြည်နူး လန်းဆန်း သွားစေပါတယ်။ ရေစီးသံလေး ကလည်း မန္တန်တစ်ပုဒ်လို ငြိမ့်ညောင်းလူးလွန့်နေသလားလို့..။

ကဲ.. သိထားသလောက် ဖတ်ဖူးသလောက် စမ်းဖူးသလောက်တွေကို နောက်မှ အခန်းဆက်တာပေါ့။ လောလောဆယ် ဖုန်းရွှေပညာရပ်ထဲက မြန်မာ့ဆန်းကျမ်းပညာနဲ့ ဆင်တူတဲ့ ပညာခန်းတစ်ခုကို နောက်ဆုံးလက်တို့ ပြောပြချင်တယ်။ ဖုန်းရွှေပညာအရ မိတ္တူစက်တွေ၊ ဓာတ်မီးဖိုတွေလို လျှပ်စစ်ပစ္စည်း ကြီးကြီးမားမားတွေကို အဓိက ဝင်ပေါက်ကြီးနားမှာ ကပ်မထားပါနဲ့တဲ့။ မှန်ပါတယ်။ မြန်မာ့ဆန်းကျမ်း အမြင်မှာလည်း အိမ်ရှေ့မှာ မီးဖိုမထားရသလိုမျိုးနဲ့ ဆင်တူပါတယ်။ ထားရော ဘာဖြစ်လဲ။ ဘာဖြစ်လဲ ထားတော့..ဆိုတဲ့ ပုဂ္ဂိုလ်များ လက်တွေ့ ထားကြည့်ကြပါဗျား။

ပျော်စရာလည်းကောင်း၊ စိတ်ဝင်စားစရာလည်း ကောင်းတဲ့ ဖုန်းရွှေပညာရပ်နဲ့ ပက်သက်လို့ ခင်ဗျားတို့ သိထားတာတွေလည်း မျှဝေသွားနိုင်ပါတယ်။ အရေးတစ်ကြီး မှာချင်တာကတော့ အခုလို ဖုန်းရွှေအကြောင်း တိုလီမုတ်စ ရေးနေတဲ့ ကျွန်တော် ရန်းဂန်းကို ဖုန်းရွှေပညာရှင် တစ်ယောက် အဖြစ် လုံးဝ ( လုံးဝ ) မထင်မှတ်လိုက်ပါနဲ့လို့။

2 comments:

poemflower said...

အခန်းထဲမှာ တော့ ကြိုးတွေ ရှုပ်ပွပွေလီနေတာပဲ . . ကိုYoungGun ပြောသလိုလုပ်ကြည့်ဦးမယ်
ကျေးဇူးပါ

Oak Soe MMTL said...

ပို့စ်တင်ပြီး ရေးကတည်းက ပညာရှင်ဖြစ်သွားပါပြီဗျာ... ကောင်းတယ်ဗျ။ ဒီလို စိတ်ဝင်စားစရာလေးတွေ ဆက်ရေးပါဗျာ...။