Thursday, September 2, 2010

ခိုလှုံရာ မင်္ဂလာတစ်ပါး

ဘာ့ကြောင့်လည်း ဆိုတော့ ဒီအပိုဒ်မှာ ပွားများတတ်ရင် ဥာဏ်ပညာ အလင်းရောင်ကို ထိစမ်းသိရှိသွားစေနိုင်တဲ့အထိ အစွမ်းသတ္တိတွေ ကိန်းအောင်းနေလို့ပါပဲ။

ဗေဒင်ဆရာတွေဆီ ရောက်တယ်။ ကိုယ်တိုင်လည်း အားရင်အားသလို (စိတ်ပါရင် ပါသလို) ဟောတယ်။ အဲဒီမှာ သတိထားမိတာလေးတွေ ရှိတယ်။ တခြားတော့ မဟုတ်ပါဘူး။ ဗေဒင်လာမေးသူတွေရဲ့ ၉ဝ ရာခိုင်နှုန်း လောက်ဟာ ပူပင်သောက တစ်ခုခုနဲ့ ကြုံလာရလို့ သက်သာလို သက်သာငြား ဗေဒင်ပညာနဲ့ ဗေဒင်ဆရာအပေါ် ယုံကြည်ကိုးစားစွာနဲ့ လာမေးကြတယ် ဆိုတာပါပဲ။ ကျန် ၁ဝ ရာခိုင်နှုန်းကတော့ ပုံမှန်ကံဇာတာ စစ်ဆေးနေကျတွေ၊ အပျင်းပြေ ပါးစပ်ကမြင်းကြောထ မေးတာတွေ၊ ပညာစမ်းသလို ပညာရမ်းသလိုနဲ့ လာကလိကြသူတွေပဲ ဖြစ်ပါတယ်။

ဗေဒင်မေးသူတွေဆီက အကြားရဆုံး စကားတွေကို ပြန်ဖောက်သည်ချရရင် "မွေးလကျော်ရင် ကောင်းပြီလား၊ ဘယ်တော့ အညံ့တွေက လွတ်မှာလဲ၊ အညံ့အခိုက်တွေ သက်သာအောင် ဘယ်လိုယတြာတွေ ချေရမလဲ၊ ဒီထက်ရော ဆိုးဦးမှာလား။" ဆိုတဲ့ စကားလုံးတွေပဲ ဖြစ်နေပါတယ်။ ဒီထဲမှာ ရှားရှားပါးပါး ရှိသေးတယ်။ ဆရာကတော့ ကိုယ်တိုင်မှမခံစားရတာ ဘယ်ကိုယ်ချင်းစာပါ့မလဲတို့၊ ကံဆိုးမသွားရာ မိုးလိုက်ရွာနေလို့ ဘယ်လိုဝဋ်ကြွေးမျိုးလဲ မစဉ်းစားတတ်အောင်ပါပဲတို့.. အဲဒါတွေ ကလည်း ရှိသေး။

အဲဒီတော့ ဗေဒင်ဆရာတွေ ဘာလုပ်လဲ။ ယတြာပေးမယ်။ အစီအရင်ပေးမယ်။ ဂါထာပေးမယ်။ ရွတ်ဖတ်ကြ၊ လှူဒါန်းကြ၊ စီရင်ကြပေါ့လေ..။ ကိုယ်လည်း ထိုနည်းလည်းကောင်းပဲ တတ်သမျှ သိသမျှနဲ့ တတ်သလောက် မှတ်သလောက် ကူညီပေး လိုက်တာပါပဲ။ ဆိုးလိုက်တဲ့ ကံကနေ ကောင်းလိုက်တဲ့ ကံ  ဖြစ်ပါစေတော့ရယ်လို့။

ဒီနေရာမှာ ကျွန်တော် မှတ်သားဖူးတဲ့ ကံပြင်နည်းကို တစ်ဆင့် ပြန်ပြောပြချင်ပါတယ်။ လူ့ဘဝဟာ ဒေါက်တိုင်ကြီး ၃ ခုနဲ့ တည်ဆောက်ထားပါတယ်။ အရေးအကြီးဆုံး ဖြစ်တဲ့ ကျန်းမာရေး၊ နောက် စီးပွားရေးနဲ့ လူမှုရေး (အိမ်ထောင်ရေး) တွေပါ။ ဒီဒေါက်တိုင်ကြီး ၃ ခုမှာ အဖက်ဖက်က ပြည့်စုံသာယာနေပါတယ် ဆိုသူတွေဟာ ( ကျွန်တော်မြင်ဖူးသမျှ ) မရှိသလောက်ကို အတော့်ကို ရှားပါးလွန်းပါတယ်။ တစ်ဖက်ဖက်မှာတော့ ချွတ်ယွင်းဖောက်ပြန်နေကြတာပါပဲ။ တကယ်လို့များ ဒီဒေါက်တိုင် ၃ ခုစလုံး ပြည့်စုံနေပါတယ်၊ လုံးဝ သာယာချမ်းမြေ့နေပါပြီ ဆိုရင်တော့ သတိသာ ထားပေရော့လို့ ဆိုပါရစေ။ ဘာ့ကြောင့်လဲ ဆိုတော့ Nobody Perfect ဆိုတဲ့အတိုင်း မပြည့်စုံဘူးဆိုတဲ့ လောကကြီးမှာ ပြည့်စုံတာတွေချည်း ဖြစ်လာရင် ကိုယ့်ဘက်က တစ်စုံတရာ ပေးဆပ်ရတော့မယ်ဆိုတဲ့ နိယာမတစ်ခု ရှိနေလို့ပါပဲ။

ဒီတော့ စီးပွားက တက်၊ အိမ်ထောက်ဖက်ကလည်း ကြင်နာ၊ ကျန်းမာရေးကလည်း ဒေါင်ဒေါင်မက၊ ဒင်ဒင်ပါ မြည်နေ.. အဲလို ဘက်သုံးခုစလုံး ပြည့်စုံနေပြီဆိုရင် တြိဂံအနား သုံးခု ပိတ်မိသွားပြီလို့ အဲဒီနိယာမအရ သိထားရပါမယ်။ ပိတ်မိသွားတဲ့ တြိဂံက ကောင်းတဲ့ အလားအလာတော့ မဟုတ်ပါဘူး။ ကိုယ့်ဘက်က ပေးဆပ်ရတော့မယ့် အချိန်ပါပဲ။

တြိဂံသုံးဘက်ကို ဘယ်လိုအနားညီပြီး ဘယ်လို ပေးဆပ်ရမယ်ဆိုတာ နောက်ဆောင်းပါးတွေကျရင် ဖြည့်စွက် သွားပါမယ်။ အခုပြောချင်တာက မပြည့်စုံဘူး၊ ခက်ခဲ ကျပ်တည်းနေပါတယ်၊ ဒုက္ခလှိုင်းလုံး တွေထဲမှာ မြုပ်ချည်တစ်ခါ ပေါ်ချည်တစ်လှည့် ဖြစ်နေရလို့ မွန်းကျပ်လှပါပြီ ဆိုသူတွေ အတွက် စိတ်သက်သာရာ ရစေမယ့် စာစုလေးတစ်ခုကို အစပြန်ဖော်ပေးချင်လို့ပါ။

ဒါက အထူးအဆန်း မဟုတ်လို့ သတိမမူဘဲ မေ့လျော့နေကြတဲ့ ဗုဒ္ဓရှင်တော်ဘုရားရဲ့ ၃၈ ဖြာ မင်္ဂလာတရားတော် တစ်ပိုဒ်ပါပဲ။

ဖုဋ္ဌဿ လောကဓမ္မေဟိ
စိတ္တံ ယဿ နကမ္ပတိ
အသောကံ၊ ဝိရဇံ ခေမံ ...


(က) ဖုဋ္ဌဿ လောကဓမ္မေဟိ စိတ္တံ ယဿ နကမ္ပတိ - လောကဓံ ရှစ်ပါး တွေ့ကြုံသော်လည်း ဘုရားရဟန္တာ သူတော်ကောင်းတို့ စိတ်မှာ တုန်လှုပ်မှု တစိ မရှိ။

(ခ) အသောကံ - စိုးရိမ်ပူဆွေး ကင်းစင်ဝေး၍ ငြိမ်းအေးလှပါပေ၏။

(ဂ) ဝိရဇံ - ကိလေမြူမြှေး ကင်းစင်ဝေး၍ ငြိမ်းအေးလှပါပေ၏။

(ဃ) ခေမံ - ကိလေရန်ဘေး ကင်းစင်ဝေး၍ ငြိမ်းအေးလှပါပေ၏။

၃၈ ဖြာ မင်္ဂလာတရားတော်ထဲက နံပါတ်စဉ် ၃၅ ဖြစ်တဲ့ ဒီတရားတော်ဟာ ဗေဒင်ဆရာတွေ ရေလဲသုံးတဲ့ လက်စွဲ ဂါထာတစ်ပုဒ် ဖြစ်သလို အကျပ်အတည်း ကြုံနေသူ၊ ထွက်ပေါက်ပိတ် မတတ် ကံဇာတာနိမ့်ပါးနေသူတွေအဖို့ နူတ်တက်ရွရွ ရွတ်ဖတ်ပူဇော်သင့်တဲ့ ဂါထာ တစ်ပုဒ်လည်း ဖြစ်ပါတယ်။ ကျွန်တော်ကိုယ်တိုင်ကလည်း ၃၈ ဖြာ မင်္ဂလာတရားတော်တွေ ထဲမှာ ဒီအပိုဒ်ကိုမှ သည်းခြေကြိုက်ကို ဖြစ်ရပါတယ်။ ဘာ့ကြောင့်လည်း ဆိုတော့ ဒီအပိုဒ်မှာ ပွားများတတ်ရင် ဥာဏ်ပညာ အလင်းရောင်ကို ထိစမ်းသိရှိ သွားစေနိုင်တဲ့အထိ အစွမ်းသတ္တိတွေ ကိန်းအောင်းနေလို့ပါပဲ။ လောကီဘက်က ကြည့်ရင်လည်း အရိယာသူတော်စင်တွေရဲ့ လောကဓံကို ကြံ့ကြံ့ခိုင်နိုင်စွမ်း ရှိခြင်းဆိုတဲ့ ဟိတ်ဓာတ်ကို ယူထားတဲ့အတွက် လောကဓံ အပုတ်အခတ်ကို နည်းနည်းမှ မခံနိုင်တဲ့ သာမန်လူသားတွေအဖို့ အားကိုးရာ၊ ခိုလှုံရာတစ်ခု ဖြစ်နေပါတယ်။

ဒီဂါထာကို သက်စေ့ ပဲဖြစ်ဖြစ်၊ ပုတီးပတ်ရေ စိတ်ပါသလောက် ဖြစ်ဖြစ် ရွတ်ဖတ်ပူဇော် ပွားများရင်း လောကဓံ အနိမ့်အမြင့်မှာ လိုက်ပါလေ့ မရှိတဲ့ သူတော်ကောင်း သူမြတ်လောင်းတွေရဲ့ ဂုဏ်ကို ကြည်ညိုပွားများ ကုသိုလ်ယူနိုင်ကြပါစေလို့ တိုက်တွန်းလိုက်ချင်ပါတယ်။

4 comments:

မြတ်နိုး said...

အမကလေ..ဗေဒင်ဆရာတွေဆီက ယတြာကို ဘုရားစာလေးတွေရွတ်ပီး ယတြာလုပ်ရတာပိုကောင်းတယ်လို့အစထဲကထင်တယ်။
ဘုရားမှာရေသပါယ်တို့ ရွှေချတို့ သစ်သီးလှူတို့ ပုတီးစိတ်လို့ ပန်းကပ်တို့..ဘုရားမှာတံမြက်လှည်းတို့...အဲဒါမျိုးလေးတွေလုပ်ရတာ မျိုးဆို ပျော်ရွှင်စွာလုပ်လေ့ရှိတယ်။

ရွှန်းမီ said...

မူကြိုအရွယ်လောက်မှာ လူကြီးတွေချပေးလို့ နှုတ်တိုက်ကျက်ဖူးတဲ့ ဂါထာလေးပဲ..။
မူရင်း၊ အနက်၊ ရည်ရွယ်ချက်ကို ခုမှသေချာနားလည်မိတယ်။
ရေးတေးတေးမှုန်ဝါးဝါးလေးတွေ ပြန်ဆက်စပ်မိတယ်.. ကျေးဇူးပါ။

မြစ်ကျိုးအင်း said...

တြိဂံ ပိတ်တဲ့ အထိကို မကြုံဖူးသေးဘူးဗျာ။
တခါတလေးများ ဒေါက် ၃ ချောင်းလုံး ခနော်ခနဲ့ ဖြစ်နေတတ်တယ်။

poemflower said...

ဟုတ်တယ်နော် အဲဒီသုံးခုလုံး ကောင်းနေရင် ကုသိုလ်ကောင်းမှုများ၂ လုပ်ပေးရမယ်တဲ့ တစ်ခုမဟုတ် တစ်ခု ချို့ယွင်းတတ်တယ်လို့ အသိတစ်ယောက်က ပြောဘူးပါတယ်
ကျေးဇူးပဲ ကိုYoungGun ဂါထာလေးကို မှတ်ထားပါ့မယ်