Tuesday, September 21, 2010

ချဉ်းကပ်လာတဲ့ ဂုရုကြီး

ဘာပဲဖြစ်ဖြစ် ဒီညမှာ မြင်ရခဲတဲ့ အာကာသရှုခင်းတစ်ကွက်ကို စိတ်လက်ချမ်းသာစွာနဲ့ ငေးမောကြည့်ရှုနိုင်ကြပါစေလို့ ..။

ဟိန္ဒူနက္ခတ်ဗေဒင်ကျမ်းတွေမှာ အပြစ်တစ်သန်းကြေပျက်စေတယ်လို့ ချီးမွှမ်းခန်း ဖွင့်လေ့ရှိတဲ့ ဂျူပီတာခေါ် ကြာသပတေးဂြိုဟ်ကြီးဟာ စက်တင်ဘာ ၂ဝ-၂၁ ရက် နေ့တွေမှာ ကျွန်တော်တို့ နေထိုင်ရာ ကမ္ဘာနဲ့ အနီးဆုံးကို ချဉ်းကပ်ရောက်ရှိ လာတယ်လို့ နာဆာက ထုတ်ပြန်ထားပါတယ်။ ကြာသပတေးဂြိုဟ် ကမ္ဘာနဲ့ နီးလာတဲ့အတွက် ကောင်းကင်တစ်ခွင်က ကြယ်စုတွေထဲမှာ လပြီးရင် အတောက်ပဆုံး ကြယ်တစ်စင်း သဖွယ် မြင်တွေ့ရမှာပါ။

ကမ္ဘာနဲ့ နေအကြားမှာ ရောက်ရှိနေမယ့် ကြာသပတေးကို နေဝင်စအချိန် အရှေ့တောင်ဘက် ကောင်းကင်မှာ စတင် တွေ့မြင်နိုင်ပြီး သန်းခေါင်ယံအချိန်မှာတော့ ဦးခေါင်းပေါ် တည့်တည့် မော့ကြည့်ရင် မြင်နိုင်မှာ ဖြစ်ပါတယ်။ ဒီလို အနီးကပ်ဆုံး ရောက်ရှိလာတဲ့ ဖြစ်စဉ်မျိုးကို ၁၉၆၃ ခုနှစ်မှာ တွေ့မြင်ခဲ့ရပြီး နောက်တစ်ကြိမ် ပြန်မြင်ရဖို့ကိုတော့ ၂ဝ၂၂ ခုနှစ်အထိ စောင့်ရမှာ ဖြစ်ပါတယ်။

မိန်ရာသီမှာ ရောက်ရှိနေတဲ့ (ဝကြနောက်ပြန်သွားနေဆဲ) ကြာသပတေးနဲ့အတူ ယူရေးနပ်စ်ဂြိုဟ်ကလည်း ပူးယှဉ်နေမှာပါ။ ယူရေးနပ်စ်ကတော့ အရမ်းဝေးကွာတဲ့ အတွက် တော်ရုံနဲ့ မြင်ရမှာ မဟုတ်ပါဘူး။ Astronomy ပညာရှင်တွေကတော့ ကျွန်တော့်ထက် ပိုပြီး အတိအကျ အကွာအဝေး ဘာညာ ပိုပြောနိုင်မှာပါ။ သိသူတတ်သူများ လူအများ ဗဟုသုတရဖို့ရာ မှတ်ချက်မှာ ရေးပေးသွားကြပါလို့လည်း မေတ္တာရပ်ခံပါရစေ။

အခုလို ဂုရုဆိုတဲ့ ကြာသပတေးဂြိုဟ်ကြီး ချဉ်းကပ်လာလို့ ဘာတွေ ဖြစ်မလဲ.. ဘာတွေ ထူးခြားလာမလဲ၊ ဘာတွေ လုပ်သင့်သလဲ မေးခွန်းတွေ ထုတ်ချင်ကြမှာပါ။ ပြောပါမယ်။ ဘာမှ မဖြစ်ပါဘူး။ ဘာမှ မထူးပါဘူး။ အရမ်းလှပတဲ့ ကြုံရခဲတဲ့ သဘာဝထဲက မြင်ကွင်းဆန်းတစ်ခုကို အမှတ်တရအဖြစ် ငေးမော ကြည့်လိုက်ပါလို့ပဲ အကြံပေးချင်ပါတယ်။

တစ်ခုတော့ ရှိပါတယ်။ နေအဖွဲ့အစည်းမှာ အကြီးမားဆုံး ဖြစ်တဲ့ ဂြိုဟ်နဲ့ နေအဖွဲ့အစည်းရဲ့ အရှင်သခင် ဖြစ်တဲ့ နေကြားကို ကမ္ဘာရောက်လာတဲ့အတွက် စိတ်ဝင်စားသူတွေကတော့ တွက်ချက်ဟောကိန်း ထုတ်ကြမှာပါ။ ကျွန်တော်တော့ မတွက်တတ်ပါ။ သိလည်း မသိပါ။

တချို့သော အနောက်တိုင်း နက္ခတ်ဗေဒင်ဆိုဒ်တွေမှာ မိန်ရာသီက ကြာသပတေးနဲ့ ယူရေးနပ်စ် အကြောင်းကို The Greatest Event of 2010 အဖြစ် မှတ်တမ်းတင် ရေးသားကြပါတယ်။ မိန်ရာသီက ဒီဂြိုဟ်နှစ်လုံးရဲ့ ဆန့်ကျင်ဘက်အရပ် ကန်ရာသီမှာ စနေဂြိုဟ်နဲ့ တနင်္ဂနွေဂြိုဟ် (နေမင်း) တို့က ရပ်တည်လို့ နေပါတယ်။ ကြာသပတေးဂြိုဟ်ကလည်း အခုလို နီးကပ်လာပါတယ်။

ဘာပဲဖြစ်ဖြစ် ဒီညမှာ မြင်ရခဲတဲ့ အာကာသရှုခင်းတစ်ကွက်ကို စိတ်လက်ချမ်းသာစွာနဲ့ ငေးမောကြည့်ရှု နိုင်ကြပါစေလို့ ..။

No comments: