Wednesday, September 29, 2010

နားနားပြီး ဟောပါကွယ်

ဟုတ်တာ မဟုတ်တာ အပထား၊ ပြောဟော သွားလိုက်တာမှ ဘေးက နားထောင်နေသူတောင် ဗေဒင်ဆရာ လေသံအတက်အကျမှာ စီးမျောလောက်စရာပါ။

တခါတုန်းက နယ်မြို့လေးတစ်မြို့မှာ လူတွင်ကျယ် လုပ်နေတဲ့ ဗေဒင်ဆရာတစ်ဦး ရှိတယ်။ သွေးထွက်အောင် မှန်လိုက်တာ ဆိုတဲ့ ဟောကိန်းမျိုး ဒီဆရာဆီက မကြားရပေမယ့် အဟောအပြောက ရွှေမန်းတင်မောင်နဲ့ နင်လားငါလားဟဲ့ ဆိုသလို ဖြစ်နေပြီး ဟိတ်ဟန်ကလည်း မြင်ရုံနဲ့ ထိုင် ရှိခိုးချင်စိတ် ပေါက်အောင် နေတတ်ထိုင်တတ်တော့ ခေတ်စကားနဲ့ ပြောရရင် လူရှိန်တယ်ပေါ့လေ.။

ဒီထက် ဝံ့ကြွားတာကတော့ သူ့ဘုရားခန်း. သူ့အခေါ် ဓာတ်နန်း ပါပဲ။ ( ဓာတ်ခန်း ခေါ်ရင် ဓာတ်တွေ ခမ်းခြောက်သွားမှာ စိုးလို့တဲ့ ) အဲဒီ..ဓာတ်နန်းကြီးထဲမှာ မြင်ရတာက ထိုးထိုးထောင်ထောင်၊ မိုးတိုးမတ်တပ်၊ ပြူးတူးပြဲတဲ၊ ကြောင်စီစီနဲ့ ငုတ်တုတ်ထိုင်၊ မတ်တတ်ထ၊ ဟန်အမျိုးမျိုးနဲ့ ဂိုက်ပေးကြမ်းကြမ်း .. အရုပ်မျိုးစုံပါပဲ။ အဲဒီအရုပ်မျိုးစုံ နောက်မှာမှ ခပ်ကုပ်ကုပ်လေး စံပယ်တော်မူရတာက ဗုဒ္ဓရှင်တော်ဘုရားရယ်ပါ။ ထားပါတော့ ဒီ ဓာတ်နန်းကြီး အကြောင်း။

ဖြစ်ချင်တော့ တနေ့မှာ အသက်ကြီးကြီး မိန်းမကြီးတစ်ယောက်က ဗေဒင်မေးဖို့ ရောက်လာရော။ လူတကာရှိန်တဲ့ စူပါစိန် ဆရာက "ကိုင်း..အစ်မကြီး မွေးသက္ကရာဇ် ပြော။ ကျုပ် တွေ့တာမြင်တာ အကုန်ချဟောမယ်။ ခြောက်မဟောဘူး မြှောက်မဟောဘူး။ ခံနိုင်မှ မေး။ ဟုတ်ပြီလား.." ဆိုပြီး မြေကြီးလက်ခတ်မလွဲ လေသံနဲ့ အရင် စကားဦးသန်းပါတယ်။ မိန်းမကြီးကလည်း ငါတော့ အားကိုးစရာ ဆရာတစ်ဆူနဲ့ ဒဲ့ကို တိုးမိပြီလို့ ဝမ်းမြောက်ရွှင်လန်းသွားတယ်။ ဒါနဲ့ မွေးသက္ကရာဇ်တွေ ပေး၊ တွက်ချက်၊ ဟောပြောပေါ့။ ဗေဒင်ဆရာ့လေသံကလည်း တကယ့်ကို ကွက်စိပ်ဆရာလိုလို၊ ဇာတ်ခေါင်းကွဲလိုလိုနဲ့ တော်တော်ကို နားထောင်ကောင်းပါတယ်။ ဟုတ်တာ မဟုတ်တာ အပထား၊ ပြောဟော သွားလိုက်တာမှ ဘေးက နားထောင်နေသူတောင် ဗေဒင်ဆရာ လေသံအတက်အကျမှာ စီးမျောလောက်စရာပါ။

ဒါပေမယ့် ထူးဆန်းတာက မိန်းမကြီးပါ။ အထင်ကြီးလေးစားလို့ ရောက်လာပါတယ်ဆိုမှ ဗေဒင်ဆရာ အားပါးတရ ဟောနေတဲ့ စကားလုံးတွေထဲမှာ သူသိလိုတဲ့ အကြောင်းအရာကို တစ်စွန်းတစမှ မကြားရ မနာရသေးတဲ့ ပုံစံမျိုးနဲ့ အူလည်လည်ကြီး ဖြစ်နေရှာပါတယ်။

ဒါကို သတိမထားတဲ့ ဗေဒင်ဆရာက ဇာတာခွင်တွေ၊ မဟာဘုတ်ခွင်တွေ မွစာထအောင် ချထားတဲ့ စာရွက်လေး ကြည့်ပြီး အူထဲ အသည်းထဲ ဝမ်းဗိုက်ထဲက ရှိရှိသမျှ လေတွေ အကုန်ပြောင်သလင်းခါ သွားအောင် ဟောပါတယ်။ ဒါ့အပြင် ဘေးနားက ပရလောကသား တစ်ယောက်ယောက်ကပဲ အနားကပ်ပြောလို့ ကြားရသယောင်နဲ့ အင်းအဲ..ဟုတ်ကဲ့ပါ ဆိုပြီး အကြားအမြင်လိုလို ဓာတ်စီး ယောင်ယောင်နဲ့ ဟောပါသေးတယ်။ ဟောသမျှကလည်းအကောင်းတွေချည်း များပါတယ်။ ကောင်းမှာပေါ့။ ဗေဒင်မေးသူ အစ်မကြီးရဲ့ ခန္ဓာကိုယ် အနှံ့အပြားက ဝင်းဝင်းထနေတဲ့ လက်ဝတ်လက်စား တွေက ဒုက္ခဆိုတာ ဂျိုနဲ့လားလို့ မေးချင်စရာ ကောင်းလောက်အောင် ထူထဲ တုတ်ခိုင်လွန်းတာကိုး။ ပညာကြည့် မဟောပဲ။ လူကြည့် ဟောတာပဲကို။

ကွမ်းနှစ်ယာညက်လောက်မှ.. "ကဲ..အစ်မကြီး ကျွန်တော် ဟောသွားတဲ့အထဲမှာ ဘာများ မရှင်းတာ ပါသလဲ ဘာတွေ ထပ်သိချင်တာတွေလဲ ပြောဗျာ" လို့ နောက်ဆက်တွဲ အပိတ်စကားနဲ့ အဆုံးသတ်ပါတယ်။

ဒီတော့မှ.. ဟင်းင်းင်းင်း ဆိုတဲ့ အလိုမကျတဲ့ အသံကြီးနဲ့ "ဆရာရယ်.. ကျွန်မတို့ မိသားစုပိုင် စက်လှေကြီး မနေ့ညကတင် မြုပ်သွားတယ်။ အဲဒီစက်လှေနဲ့ပဲ စီးပွားရေး လုပ်နေရတာပါ။ ကျွန်မ ဇာတာမှာ စီးပွားပျက်ကိန်း၊ သင်္ဘောမြုပ်ကိန်း မတွေ့လို့ မဟောတာလား ဆရာ မမြင်တာလား မတွေ့ဘူးလား။" လို့ မျက်ရည်စက်လက် တုန်ခါပေါက်ကွဲတဲ့ အသံကြီးနဲ့ ပြောချလိုက် ပါတော့တယ်။

----------------------------------------------------------------------------------------

ဗေဒင်ဆရာဟာ အပေါ်ယံအားဖြင့် လူရှိန်စရာကောင်းတဲ့ အဝတ်အစားတွေ၊ အပြောအဆိုတွေ လိုအပ်ပါသလား။ ဒါမှမဟုတ် မြင်တာနဲ့ ဖျားသွားလောက်တဲ့ ဘုရားပွဲ သိကြားပွဲ..ဘာညာပွဲတွေ ပြည့်သိပ်ညပ်ပိတ်နေတဲ့ ဘုရားခန်းလိုလို ဓာတ်ခန်းကြီး လိုလိုတွေ လိုအပ်ပါသလား။ ဒါမှမဟုတ် .. ဖြူစင်တဲ့ စိတ်နှလုံးနဲ့ ပြည့်ဝတဲ့ ပညာရပ်တွေသာ ရှိဖို့ လိုအပ်ပါသလား။ ဖြေစရာ မလိုပေမယ့် ဒီမေးခွန်းကိုပဲ .. အားလုံး လက်ရှောင်ခဲ့ကြပါတယ်။

( တွေ့ဖူး မြင်ဖူး ကြုံဖူးသည့် အူကြောင်ကြား ဗေဒင်ဆရာများအကြောင်းကို တိုက်ရိုက် ရေးသားပြခြင်း ဖြစ်ပါသည် - မကျေနပ်ရင် လဲသေကြပါ )

5 comments:

ကိုအောင်(ပျူနိုင်ငံ) said...

ရေးထားတာ ကောင်းတယ် ညီလေး၊ နေကောင်းလားဟေ့။

chit said...

KO younggun is a third sayar min thein kha.

မြစ်ကျိုးအင်း said...

ကျေနပ်ဘာဒယ် ကျေနပ်ဘာဒယ်
း)

ဖိန့်ဖိန့်တွေ လုပ်ထားတော့ မေးတဲ့သူ ရှိန်တာပေါ့

chit said...

second is sayar zen yaw ni.

အိမ် said...

အင်း ... ဒီလိုပဲ လုပ်စားနေကြတာပဲ ။