Friday, October 29, 2010

ငယ်က ကျွမ်းတဲ့ ဂဏန်းသင်္ချာ

တကယ်တော့ Numerology ဆိုတဲ့ ဂဏန်းသင်္ချာဗေဒင်ပညာဟာ ကျွန်တော့် အသည်းကျော် မဟုတ်ပါဘူး။ ဒါပေမယ့် ငယ်ချစ်ဦးလို့ ခေါ်နိုင်ပါတယ်။

ငါ့ကို တခြားဗေဒင်ဆရာတွေ တော်တော်များများက ဒီနှစ် ကံကောင်းမယ်၊ လုပ်သမျှ အောင်မြင်မယ်လို့ ဟောထားတယ်ကွ။ မင်းကျမှ ဘယ့်နှယ် .. ဒီဂဏန်းလေး နှစ်လုံး မတည့်ရတာနဲ့ ငါ့ကို ကံမကောင်း နိုင်ဘူး ပြောရတာလဲ..။

စောင့်ကြည့်လိုက်ပါဦး အစ်ကိုရယ်. ကျွန်တော်ကလည်း ဒီပညာကို ယုံကြည်လို့ ပြောတာပါ အတွေ့အကြုံ မကြွယ်ဝ သေးပေမယ့် ပညာကိုတော့ မမှားဘူးလို့ ယုံကြည်တယ်ဗျာ။ ...

သိပ်မကြာပါဘူး ..၉ ဂဏန်းသမား အစ်ကိုကြီးတစ်ယောက် ရှစ်ဂဏန်း ကျတဲ့နှစ်မှာ .. ပင်လယ်ကနေ ရှာဖွေရလာတဲ့ ငွေတွေက ပင်လယ်ထဲမှာပဲ ပျက်စီးသွားတာ တွေ့ရတော့ .. ဒီဂဏန်းလေးတွေကို မယုံလို့ မရတော့ဘူး။

၎ နဲ့ ၈ ဂဏန်းတွေ ဆုံမိရင် ဘာတွေ ဖြစ်မယ် အတိအကျတော့ ငါမပြောတတ်ဘူး။ ဒါပေမယ့် မထင်မှတ်တဲ့ ပြဿနာတစ်ခုက ငါတို့နဲ့ ပက်သက်လာမယ်လို့ ထင်တယ်။ သူငယ်ချင်းက တွေးတွေး ဆဆနဲ့ ဘော့ပင်လေး နားထင်ကို ထောက်ရင်း ပြောတယ်။ ကျွန်တော်ကတော့ ခပ်ပြုံးပြုံးပါပဲ။ သူက ၄၊ ကျွန်တော်က ၈ ကိုး..။

ဗေဒင်ဝါသနာတူ သူငယ်ချင်းနှစ်ယောက် မုန့်စားကျောင်း ဆင်းချိန်မှာ ကြီးကြီးကျယ်ကျယ်တွေ လျှောက်ပြောနေကြတာပါ။ သိပ်မကြာပါဘူး။ ၉ ဂဏန်းကျတဲ့ ကာလတစ်ခုမှာ ခပ်မိုက်မိုက် ကျောင်းသား တစ်စုနဲ့ ထိပ်တိုက် ရင်ဆိုင်မိရာက နှစ်ယောက်စလုံးရဲ့ မိဘတွေက ကျွန်တော်တို့ နှစ်ယောက်ကို ခပ်ခွာခွာ နေကြဖို့ အမိန့်ထုတ်လိုက်ကြပါလေရော..။

နင်က ၆ ဆိုတော့ ခုလို ၂၄ ဂဏန်းကျတဲ့ ကာလမျိုးမှာ အစွံထုတ်မယ့် သဘောရှိတယ်လို့ ပြောလိုက်တော့ သွားတက်လေးတွေ ပေါ်အောင် ပြုံးရင်း ကျွန်တော့် သူငယ်ချင်းမလေးက ညည်းပါတယ်။ တော်ပါပြီဟယ်.. ဒါတွေ စိတ်ကုန်ပါပြီလို့ သူ ပြောမဆုံးခင် လပိုင်းအတွင်းမှာ ဖူးစာရှင် ပေါ်လာလို့ ခုထိ လက်တွဲ မဖြုတ်စတမ်း တွဲနေကြလေရဲ့။

ငါကွာ.. ဟိုဟာလည်း လုပ်ချင်။ ဒီဟာလည်း တတ်ချင်။ အစီအစဉ်တွေ ချလိုက်တာလည်း ငါ့အပြင် မရှိဘူး။ တစ်ခုမှ ရည်မှန်းသလို ပြီးမြောက် အောင်မြင်သွားတာ မရှိသလောက်ပဲ။ အဲဒါ ၂ ဂဏန်း စရိုက် ဆိုရင် ငါက တစ်သက်လုံး ဒီလိုပဲ စိတ်ပျော့နေတော့မှာလားကွာ..တဲ့။ သူငယ်ချင်းတွေအပေါ် အလွန်တရာ စေတနာ ကောင်းလှတဲ့ သူ့ကို ကျွန်တော် အားပေး လိုက်ပါတယ်။ မင်းက ခုလို ပင်လယ်ပျော်ကြီးဘဝနဲ့ အောင်မြင်မှာပါကွာ..လို့။

ခုထိ အပျိုကြီး ဖြစ်နေတဲ့ သူငယ်ချင်းမလေးကို မြင်ရင် သူ့သင်္ချာဗေဒ ဇာတာကို သွားသတိရ မိတတ်ပါတယ်။ ကုံရာသီဖွား၊ ၉ ဂဏန်းသမား သူမအနေနဲ့ တော်ရုံ အိမ်ထောင်ပြုမယ် မထင်ဘူးလို့ ငယ်ငယ်က ဟောဖြစ်ခဲ့တယ်။ သူများတွေလို ဘယ်တော့ လက်ထပ်ကြမယ်ဆိုတဲ့ ဘာအချိန်ဇယားမှ မရှိဘဲ အခုထိ တစ်ကိုယ်တည်း ဖြတ်သန်းနေတဲ့ သူမဟာ ထက်ရှသလောက် လှပတဲ့ ကနုတ်တွေနဲ့ ခြယ်မှုန်းထားတဲ့ ဓားတစ်လက်လို အခုထိ လှပရဲရင့်နေတုန်းပါပဲ။

တကယ်တော့ Numerology ဆိုတဲ့ ဂဏန်းသင်္ချာဗေဒင်ပညာဟာ ကျွန်တော့် အသည်းကျော် မဟုတ်ပါဘူး။ ဒါပေမယ့် ငယ်ချစ်ဦးလို့ ခေါ်နိုင်ပါတယ်။ ကျောင်းသားဘဝမှာ အလွယ်ကူဆုံး လေ့လာနိုင်တဲ့ လက်တွေ့သုတေသနတွေ အများကြီး လုပ်နိုင်တဲ့ ပညာမို့လို့ပါပဲ။ ဥပမာ.. သူငယ်ချင်းတွေရဲ့ မွေးခုနှစ်ရက်တွေ သိချင်ရင် Register Book ကို အသာလေး သွားလှန်၊ နောက်.. ဟုတ်မဟုတ် သူငယ်ချင်း သွားမေး၊ ဟုတ်ပြီ ဆိုတာနဲ့ တွက်စစ် လေ့လာတော့တာပါပဲ။ ပျော်စရာ လည်းကောင်း၊ စိတ်ညစ်စရာလည်း ကောင်းနဲ့ ကျောင်းတော်တစ်ဝိုက်မှာ ဂဏန်းဗေဒင်ပညာဟာ တခမ်းတနား ဖြစ်ခဲ့ဖူးတယ်။

ခုတော့လည်း ဒီသင်္ချာဗေဒဟာ တော်ရုံနဲ့ ပြန်မလှန်ဖြစ်တော့တဲ့ စာမျက်နှာ ၁၅ လိုပဲ..တခါတလေ .. လွမ်းလို့ရတဲ့ အခါတွေ မှာသာ သူ့အဓိပ္ပာယ် သူ့နက်ရှိုင်းမှုတွေကို ငေးမောကျွမ်းဝင်မိပါတယ်။ ငယ်က ချစ် အနှစ်တစ်ရာ မမေ့သာသလို၊.. ငယ်ချစ်ဦးကို ပြန်လွမ်းသလိုမျိုး  ဂဏန်းဗေဒင်ပညာကို ရိုကျိုး လေးမြတ်စွာနဲ့ သတိရလိုက်ပါတယ်။

2 comments:

ကိုအောင်(ပျူနိုင်ငံ) said...

ဂဏန်းသင်္ချာဟာ တိကျမှုကို ပေးနိုင်ပါတယ်
ညီလေးရေ။

မြစ်ကျိုးအင်း said...

ဒီတခါ လိုင်းပေါ်မှာတွေ့ရင်တော့ ဘာမှပြောမနေတော့ဘူး
မွေးသက္ကရာဇ်ကိုသာ တန်းပေးလိုက်မယ်။ တွက်ပေးပေတော့ပဲ။