Thursday, October 21, 2010

I Vote Or NO Vote ?

တနေ့တုန်းက စာဖတ်အားကောင်းပြီး အတွေးအခေါ်လည်း စူးလဲ့ရဲရင့်တယ်လို့ ကျွန်တော် ယူဆထားတဲ့ ဘော်ဒါနှစ်ယောက်ကို မကြာခင် မျက်ဝါးထင်ထင် မြင်ရတော့မယ့် မြန်မာ့ရွေးကောက်ပွဲနဲ့ ပက်သက်ပြီး ဘယ်လို မြင်ပါသလဲလို့ မေးတော့ .. တစ်ယောက်က ဗုတ်မယ်။ တစ်ယောက်က မဗုတ်၊ အဲဒီလို အပြန်အလှန် ဖြေရှင်းပြောကြားချက် တွေကို နားထောင်အပြီးမှာ ဟောဒီ စာကို ဖတ်ရင်း ကျွန်တော် သက်ပြင်းတွေ ချမိတယ်။ ပြုံးမိမလိုနဲ့ နုံးချိသွားရသလို ရယ်ရမလိုလိုနဲ့ မျက်ရည်ဝဲမိပါတယ်။ ဖတ်ရှုဝေဖန် ကြည့်ပါဦးဗျာ။
ပလုံးပထွေး ဗရချာ ကာလ အခြေအနေပြ ဖတ်စာ

ဗရုတ်သုတ်ခဘွဲ့ရ ဗရောက်ဗရက် ဆြာကြီးမောင်ကြပ်ခိုး ဗျစ်ရည်သောက်စဉ်ကာလတွင် ငါးပါးမှောက်သော ဉာဏ်အမြင်ဖြင့် စီရင်အပ်သော ပလုံးပထွေး ဗရချာ ကာလ အခြေ အနေပြ ဖတ်စာတည့်။

ရွေးကောက်ပွဲကာလ နီးကပ်လာပြီ ဖြစ်သဖြင့် မြောက်မြားစွာသော ကြွေးကြော်သံတို့ကို ကြားရလေပြီ။

ဆင်းရဲသားများကို ကယ်တင်အံ့ ဟူသော အသံကြောင့် မောင်ကြပ်ခိုး အတော်ပင် အားတက်မိ၏။ ထို့ကြောင့် မောင်ကြပ်ခိုးသည် ဆင်းရဲသား ဖြစ်ကြောင်း ထောက်ခံချက်အား အဘယ်ဌာနတို့တွင် ရယူရမည်နည်းဟု စုံစမ်းမိသေးသည်။ (ယခုတိုင် စုံစမ်းဆဲဖြစ်သည်။ ရှာဖွေ၍ မတွေ့သေးပါ။ သိရှိပါက လက်ကိုင်စကားပြောခွက်အမှတ် ၀၉-၉၉၉၉၉၉၉၉ မှ တဆင့် မောင်ကြပ်ခိုးအား ဆက်သွယ် အကြံပေးနိုင်ပါသည်။ နေရာကျလျှင် ကျေးဇူး တုံ့ပြန်ပါမည်။)

မည်သည့် အမတ်လောင်းကမျှ သူဌေးကြီးများကို ကူညီစောင့်ရှောက်မည်ဟု မဆို။ ထို့ကြောင့် လူတန်းစား ခွဲခြားသော အမတ်လောင်း၊ အတော်ပင် ဘက်လိုက်သော အမတ်လောင်းပါတကား ဟု မောင်ကြပ်ခိုး တွေးမိသည်။ မဆီမဆိုင် ၀င်ရောက် စွက်ဖက်တတ်သူပီပီ သူဌေးကြီးများအတွက်ပင် ပူပန်မိသေးသည်။

လူမွဲတွေလည်း မနှေးခေတ်မီ သူဌေးဖြစ်တော့မည် ဟူသည့် နဂါးနီသီချင်းကို ငယ်စဉ်ကတည်းက အသည်းစွဲမိသူ မောင်ကြပ်ခိုးအား ရော..ခက်ကပြီ ကြပ်ခိုးရယ် မင်းနှယ်ကွာ ပေါက်ပေါက်ရှာရှာ ဆိုမှ ဆိုတတ်ပလေ ဟု အချို့က ငြူစူကြမည်။ သို့သော် မောင်ကြပ်ခိုးကား တစ်နေ့တွင် နဂါးနီကြီး အိမ်တံစက်မြိတ်အောက်သို့ မုချရောက်ရမည်သာဟု တစ်ထစ်ချ ယုံကြည်၏။ ထို့ကြောင့် နဂါးနီကြီးကို စောင့်မျှော်၍ နေလေတော့၏။

တိုင်းပြည်အတွက် သတင်းရေးသူ၊ တိုင်းပြည်အတွက် သီချင်းဆိုသူ၊ တိုင်းပြည်အတွက် ဘလော့ရေးသူ၊ တိုင်းပြည်အတွက် ဘောလုံးကန်သူ၊ တိုင်းပြည်အတွက် ဆိုက်ကားနင်းသူ၊ တိုင်းပြည်အတွက် ထင်းခွေသူ၊ တိုင်းပြည်အတွက် မုန့်ဟင်းခါး ရောင်းသူ၊ တိုင်းပြည်အတွက် ဘီယာရောင်းသူ စသော တိုင်းပြည်အတွက် အလုပ်လုပ်သူများကို မြင်သော် လွန်စွာ အားတက်မိသည်။ ငါတို့ တိုင်းပြည်ကြီးသည် မကြာမီကာလ၌ ဘိုးဘိုးအောင်နဲ့ ရှင်အဇ္ဇဂေါဏတို့ မတဲ့ ကိန်းဆိုက်ပြီး မုချ ကြီးပွားတော့မည် ဟုလည်း အထင်ရောက် မိသည်။

ထိုမျှသာမကသေး ထိုတိုင်းပြည်အား အလုပ်အကျွေးပြုသူတို့၏ မိသားစုအနာဂတ်အရေးအတွက် ပူပန်မိ သေးသည်။ အကြောင်းတမူကား ထိုပြည်ချစ်ဇာနည်တို့သည် တိုင်းပြည်အတွက် နေ့ရောညပါ အလုပ်လုပ် ပေးနေရသောကြောင့် မိသားစုအရေးကိုသော်မှ ထမ်းပိုးရန် အချိန်ရှိကြပါသေး၏လော၊ မိသားစု ကြီးပွားရေးအတွက် ဆောင်ရွက်ရန် အခွင့်ရှိ ပါသေး၏လောဟု တွေးမိသောကြောင့်ပင်တည်း။ ထို့ပြင် ငါသည်ကား တိုင်းပြည်အတွက် မဆိုထားဘိ ငါ့အတွက်ပင် တွက်ချေကိုက်အောင် မကြံစည်တတ်သူ လူမိုက်ကြီး ဖြစ်ချေတကား ဟုလည်း ၀မ်းနည်းပက်လက်ဖြစ်ကာ ယူကျုံးမရ ဖြစ်မိလေ၏။ မည်သို့ပင် ဆိုစေကာမူ တိုင်းပြည်အား အလုပ်အကျွေးပြုကြသူတို့ လွန်စွာ များပြားသည့် အမိမြန်မာပြည်ကြီးသည် တိုးတက်ကြီးပွားမည့် အောင်အတိတ် အောင်နိမိတ်တို့ကို ဆောင်နေခဲ့သည်မှာ နှစ်ကာလ အတော်ပင် ကာလ ကြာညောင်းခဲ့သော ဟူ၏။

တိုင်းရေးပြည်ရွာ အကြောင်းကို သိလိုသဖြင့် ပိုက်ဆံအကုန်ခံ၍ သတင်းစာ၊ ဂျာနယ် ၀ယ်ဖတ်သော် ဤသို့ တွေ့ရ၏။

မြန်မာပြည်သူပြည်သားတို့၏ ရင်တွင်း၌ နိုင်ငံရေးအသိအမြင်များ၊ နိုင်ငံရေးနိုးကြားမှုများ တဖန် ပြန်လည် ပေါ်ပေါက် လာချေပြီတကားဟု အချို့သော နိုင်ငံရေးသုခမိန်များက ဆိုကြကုန်၏။ သက်တော်ရှည် စာနယ်ဇင်း ဘိုးအေကြီးတို့ကလည်း ထောက်ခံ၏။ ပညာရှင်များကလည်း သဘောတူ၏။ နိုင်ငံတော်၏ အရေးသည် သင့်အရေးပင် ဖြစ်၏။ နိုင်ငံသားတို့၏ မူလအခွင့်အရေး ဖြစ်သည့် မဲပေးခြင်းကို လက်မလွတ်ကြနှင့်၊ သင်ကြိုက်ရာကို ရဲရဲကြီး ရွေးချယ်ကာ မဲပေးကြလော့ ဟု တိုက်တွန်းကြသည်။

မဲမထည့်ဝင်ခြင်းသည် နိုင်ငံသားတို့၏ တာဝန်ဝတ္တရားတို့ကို သွေဖီရန် အားထုတ်ခြင်းပင် ဖြစ်သည် ဟုလည်း ဆိုကြပြန်သည်။ ထိုသူတို့က ထိုသို့ဆိုသော် မောင်ကြပ်ခိုးသည် နိုင်ငံသားတို့၏ တာဝန်ဝတ္တရား တို့နှင့် အညီ မည်ကဲ့သို့သော အကျင့်သီလ၊ ညဏ်ပညာဖြင့် ပြည့်စုံသသူကို ပေးရအံ့နည်း။ မည်သူ့ကို ပေးရအံ့နည်း တည်းဟူသော မေးလိုစိတ်ကို အုပ်ထားရန် အားထုတ်ရ၏။

မြန်မာ့အရေး ကမ္ဘာ့အတွေး အမြင်ကို သိလို၍ အချိန်ကုန်၊ ငွေကုန်ခံပြီး အင်တာနက်ဆိုင်ဝင်ကာ ပင့်ကူသိုက်၊ ဗောလောတို့ကို ရှုစားသော် ဤသို့မြင်ရ၏။ (Website ကို ပင့်ကူသိုက်ဟု မြန်မာမှုပြု၍ သော်လည်းကောင်း၊ Blog ကို ဗောလော ဟု အသံဖလှယ်၍သော်လည်းကောင်း သုံးနှုံးထားပါသည်။)

အချို့ မြန်မာ့အရေးကျွမ်းကျင်သူတို့မူကား မဲမပေးကြလင့် ဟု တခဲနက် ဆိုကြပြန်သည်။ မဲထည့်ခြင်းသည် တိုင်းပြည်နှင့် လူမျိုးကို သစ္စာဖောက်ခြင်း မည်ပါပေ၏တကား ဟုလည်း မိန့်ကြားကြလေ၏။ ထိုသူတို့က ထိုသို့ဆိုသော် မောင်ကြပ်ခိုးသည် ဤသို့ ဆိုဝံ့သသူ အသင်တို့သည် အဘယ်မည်သောအရပ်တို့၌ နေထိုင်သသူ ဖြစ်သနည်း ဟု မေးလိုစိတ်ကို အရှိန် အုပ်ထားရန် အားထုတ်ရပြန်လေ၏။

မောင်ကြပ်ခိုးကား သာမညောင်ည ပြည်သူပြည်သားတစ်ဦးသာလျှင် ဖြစ်ခြင်းကြောင့် ယင်းသုခမိန်တို့၏ စကားတို့ကို အပြန်အလှန် သုံးသပ်ပြီးနောက်တွင် ခေါင်းကုတ်၍သာ နေရတော့သည်။ စင်စစ် မောင်ကြပ်ခိုးသည် တိုင်းပြည်ကို သစ္စာဖောက်ဝံ့သူလည်း မဟုတ်၊ နိုင်ငံတော်အား စော်ကားရန် မဆိုထားဘိ မျက်စောင်းဖြင့်ပင် ထိုးဝံ့သူ မဟုတ်ချေ။ ယင်း မဲပေးလော့နှင့် မဲမပေးကြကုန်လင့်တည်း ဟူသော အဆိုနှစ်ရပ်သည် မောင်ကြပ်ခိုး၏ ဟဒယနှလုံးအိမ်တွင်းသို့ အဖန်ဖန် အပြန်အလှန် ၀င်ရောက် နှိပ်နယ်ပြီးလျှင် ပြင်းစွာ နှိပ်စက်၏။ ထိုတွေဝေခြင်း မောဟမီးကြောင့် မောင်ကြပ်ခိုး၏ အတ္တဘောကြီးသည် နေထိကြာကဲ့သို့ ညှိုးနွမ်းလေတော့သတည်း။

ထို့ကြောင့်ပင် မောင်ကြပ်ခိုးသည် စိတ်ပြေလက်ပျောက် ညနေခင်း လေညင်းခံရန် အလို့ငှာ ကန်တော်ကြီး စောင်းသို့ ချဉ်းခဲ့လေ၏။

တိုက်တာအိုးအိမ်များဖြင့် ပြည့်ကျပ်နေသည့် မဟာဒဂုံမြို့တော် ကန်တော်ကြီး မင်္ဂလာဥယျာဉ်တော် အတွင်း၌ ပိန်းပိတ် ညို့မှိုင်းနေသည့် စေးပျစ်ခြုံနွယ်တို့ကို တွေ့မြင်ရခြင်းကြောင့် မောင်ကြပ်ခိုး၏ စိတ်သည် လန်းဆန်းသွားလေ၏။ ဇာတိမြေ တောအရပ်သို့ ပြန်ရောက်သွားသလိုလို ဘာလိုလိုပင် ဖြစ်ရ၏။

သြော် .. ဥယျာဉ်မှူးတို့၏ ကျေးဇူးကြီးမားပေစွ တကား။

ကန်တော်ကြီးရေပြင်ကား ရေညှိရေမှော်များဖြင့် အတော်ပင် သာယာတင့်ထူးပေ၏။ အထူုးထူးသော ရေညှိရေမှော် ဒိုက်သရိုက်တို့ ကြီးပွားရာ အရပ်ပင်တည်း။ စိမ်းပုပ်ပုပ်အဆင်းဖြင့် အသရေတင့်နေကြသော ရေညှိ ရေမှော်တို့ ကန်တော်ကြီး ရေပြင်ကို မင်းမူနေသည်ကို ညနေစောင်း နေရောင်အောက်တွင် တွေ့ရသည်မှာ ကျက်သရေ မင်္ဂလာ အဖြာဖြာနှင့် ပြည့်စုံ လှပါပေ၏။ တချိန်တွင် ကမ္ဘာ့ရေညှိရေမှော် ဒိုက်သရိုက် ရုက္ခဥယျာဉ်ကြီး ဖြစ်လာဖွယ်ရာ ရှိသည်။ အီတာလျံပြည်၊ အမေရိကံပြည်၊ ဂျာပန်ပြည်၊ ဘိလပ် အစရှိသော လောကဓာတ်ပညာထွန်းကားသည့် တိုင်းပြည်တို့မှ ပညာရှင်တို့ပင် ထိုကမ္ဘာ့ ရေညှိရေမှော် ဒိုက်သရိုက် ရုက္ခဥယျာဉ်ကြီးသို့ လာရောက် လေ့လာရမည်မှာ မချွတ်ဧကံတည်း။

သာယာတင့်ထူးသည့် ရေကန်၏ အေးမြမှုကြောင့် မောင်ကြပ်ခိုးသည် အတော်ပင် စိတ်ကြည်နူးမိသည်။ ဤရေးဟန်ကား ပုဂံခေတ်လက်ရာတည်း။ ဤရေးဟန်ကား ပုဂံခေတ်ရေးဟန်မဟုတ် ဇလုံခေတ် လက်ရာ သာတည်း ဟူ၍ မြန်မာစာပညာရှိတို့ မကြာခဏ ငြင်းခုံကြသည့် မြကန်သာ တောင်ကျချောင်းတေး အစချီ ရှေးဟောင်းကဗျာကို ဘုံဝတိံသာ နန္ဒာပေလော တူစွ ဟုတ္တာ ဟူသည့် အချပိုဒ်တိုင်အောင် ရွတ်ဆိုမိ သေးသည်။

ကန်ပတ်လမ်းတလျှောက် ဆက်လျှောက်မိသော် လွတ်လပ်ရေးအရသာကို ခံစားနေသော စုံတွဲတို့ကို ဒွိယံ ဒွိယံ မြင်ရ၏။ အတော်ပင် ကြည်နူးဖွယ်ရာကောင်းသော မြင်ကွင်း ဖြစ်ချေ၏။ အချို့သော မျက်မှန်အနက် တပ်ဆင်ထားသည့် ရှေးရိုးစွဲဝါဒီတို့က ဤသို့ ပြုမူနေထိုင်ခြင်းသည် လူ့ယဉ်ကျေးမှုနှင့် မလျော်ညီ ၊ ရှေးအစဉ်အလာနှင့်လည်း ကွဲလွဲပေစွတကား ဟု ဆိုကြပေလိမ့်မည်။ ထိုသို့ဆိုလျှင် ထိုချစ်တင်းနှောသူတို့ ပသို့ နေရအံ့နည်း ဟု ပြန်လှန်မေးဖွယ်ရာရှိ၏။ ပြောင်းလဲလာသည့် ခေတ်ရေစီးကို လက်မခံလိုလျှင် အဘယ်ကို လက်ခံရအံ့နည်း။ လူဦးရေ သိပ်သည်းများပြားလာသည့် နေရာဒေသတို့တွင် ရေခပ် ဆင်းချိန်တွင် ချိန်းတွေ့ရန်သော်လည်းကောင်း၊ ဟင်းရွက်ခူးရင်း ထင်းခွေရင်း ချိန်းဆိုရန် သော် လည်းကောင်း ထိုသို့သော အကြောင်းချင်းရာတို့မှာ မဖြစ်နိုင်တော့ပြီ။ ခရစ်ယာန် ဘာသာဝင်တို့၏ အယူအတိုင်း တွေးကြည့်လျှင် ထိုချစ်သူမောင်နှံတို့သည် အာဒမ်နှင့် ဧ၀တို့ ဧဒင်ဥယျာဉ်အတွင်း၌ ပျော်မြူး ကြသည့် ထုံးကို နှလုံးမူ၍ ပြုမူနေထိုင်ကြခြင်းသာဖြစ်သည်ဟု ရှေးရိုးဝါဒီတို့အား ချေပလျှောက်လဲရသော် သင့်မြတ်မည် ဖြစ်၏။

အချို့သော လိပ်ပြာကလေးများ ကန်တော်ကြီးဥယျာဉ်အတွင်း မြူးထူးပျော်ရွှင်နေကြသည်ကိုလည်း နှစ်လိုဖွယ်ရာ တွေ့ရသေး၏။ ထိုလိပ်ပြာကလေးများကို ရှေးရိုးဝါဒီတို့မြင်သော် ယဉ်ကျေးမှုနှင့် မလျော်ညီသင့် အ၀တ်အစားတို့ကို ၀တ်ဆင်ကြသည်ဟု ကဲ့ရဲ့မည်ကို အကျွန်ုပ် တွေးမိသည်။ စင်စစ်မူကား ထိုခေတ်ကာလ သားသမီး လုလင်ပျို၊ လုံမလေးတို့ ၀တ်စားဆင်ယင်ကြသည်ကို အပြစ်ဖွဲ့ရန် မသင့်ချေ။ ကြာချည်၊ စူရတီ တို့ ခေတ်ကောင်းခဲ့ဖူးသည်ကိုလည်း ဆင်ခြင်ရာ၏။ အင်္ကျီပါး သူငယ်မတို့အား ဝေဖန်သမှုပြုကာချိတ်ဖြင့် လိုက်လံထိုးချိတ်ပြီး ပညာပေးခဲ့ဖူးသော ရဟန်းပျိုများပင် ရှိခဲ့ဖူးသေးသည် မဟုတ်လော။ ထိုခေတ်ဟောင်းကို မောင်ကြပ်ခိုး မဆိုထားဘိ ဘိုးဘိုးရှေးရိုး၊ ဘဘရှေးရိုး၊ ဦးဦးရှေးရိုးတို့ပင် မမီလိုက်တော့ချေ။ ရှေးခေတ်ယဉ်ကျေးမှု၊ ၀တ်စားဆင်ယင်မှုတို့သည်သာ ကောင်းသည်ဟု ဆိုချေသော် ပျူခေတ်သည် အတော်ပင် နေချင်စရာကောင်းသော ခေတ်ကာလ ဖြစ်ချိမ့်မည်။ အကြောင်းမူကား မောင်ကြပ်ခိုးသည် ပျူခေတ်မိန်းမပျိုတို့၏ ၀တ်စားဆင်ယင်မှု ဓလေ့ဖြစ်သော ရင်လွှမ်းပုတီးသွယ်ဖက်ရှင်ဒီဇိုင်း အကြောင်းကို အရိပ်အမြွက် လေ့လာဖူး သောကြောင့် ပင်တည်း။

အိမ်သာနက် (Internet ကို အိမ်သာနက်ဟု အသံဖလှယ်၍ မြန်မာမှုပြုထားပါသည်။) ပေါ်စကာလတွင် ရှေးရိုးဝါဒီတို့သည် အိမ်သာနက်ကြောင့် ကမ္ဘာကြီး ပျက်ရတော့မည်ဟု ပြောခဲ့ဖူးသည်။ ထိုသူတို့ ခန္ဓာပျက်စီးပြီးသော်လည်း ကမ္ဘာကြီးကား မပျက်စီးသေး။ အိမ်သာနက်ကြောင့် ဆိုးကျိုးဖြစ်ရသည်မှာ မှန်၏။ သို့သော်လည်း ကောင်းကျိုးနှင့် ဆိုးပြစ်ကို နှိုင်းယှဉ်လျှင် လူသားတို့အား အိမ်သာနက် ကျေးဇူးပြု ခဲ့သည်က ပို၍ များသည်ကို ငြင်းရန် အကြောင်း ရှိချိမ့်မည် မဟုတ်။

ခေတ်တိုင်း စနစ်တိုင်းတွင် အပြစ်ဆိုစရာများ ရှိနေကြသည်ကို အထူး ဇာချဲ့ရန်မလို၊ အပြစ် မဆိုသာ။ (စကားချပ်။ အပြစ်မဆို အပျိုမစစ်ဟု ရွှေညဏ်တော်စူးရောက်ပြီး စကားလိမ်ပြုကာ အနက် မယူကြကုန်လင့်။ အတိမ်သာ ယူကြပါကုန်။) အပြစ်ကိုချည်း နှိပ်နယ်ကာ ကဲ့ရဲ့ပြောဆိုရန်လည်း မသင့်မြတ်ချေ။ ခေတ်ရေစီးကို တားဆီးရန်မှာ မဖြစ်နိုင်ချေ။ ရေစီးတလျောက် လိုရာခရီးရောက်အောင် လျှောက်လှမ်းစီးမျောရင်း ဆင်းရဲဒုက္ခ သုခချမ်းသာ အရောရော အထွေးထွေး ရှိသော လက်ရှိဘ၀ကို ရင်ဆိုင်ရန်သာ အရေးကြီး၏။ ထို့ထက် သံသရာ ၀ဲသြဃတလျောက် ဤသို့နှင်နှင် ဆုံရကြုံရသည် ကို လည်း ဆင်ခြင်ရာ၏။

သံသရာတွင် ကျင်လည်မျောကြစဉ် အခိုက်အတန့်အတွင်း၌ ရှေးဝါဒီကြီးတို့က ကာလသား ကာလသမီး တို့အား ယင်းတို့ ကြုံဆုံရင်းနှီးခဲ့ရသည့် ဘ၀အတွေ့အကြုံတို့ကို ဆန္ဒစွဲ ကင်းရှင်းစွာဖြင့် မေတ္တာရှေ့ထားပြီး ချိုမြိန်သာယာစွာ ဆုံးမလျှင် လူငယ်တို့သည် နှစ်လိုစွာ နာခံကြမည်သာ ဖြစ်၏။ မောင်ကြပ်ခိုး လူငယ်များဘက်မှ ရှေ့နေလိုက်ခြင်း မဟုတ်ပါ။

ထိုသို့ ထင်ရာမြင်ရာ တွေးတောရင်းနှင့် ဗိုလ်ချုပ်ကြေးရုပ်အနီးသို့ ရောက်ခဲ့လေ၏။ တစ်ဦးတစ်ယောက်က မောင်ကြပ်ခိုးအား လက်လှမ်းပြလိုက်သလို မြင်လိုက်ရ၏။ အလို အညှိတက်နေသည့် ဗိုလ်ချုပ်ကြေးရုပ် အသက်ဝင်လာပြီး မောင်ကြပ်ခိုးအား လက်လှမ်းပြလိုက်ခြင်း ဖြစ်လေရော့သလား။ မောင်ကြပ်ခိုး၏ ဗရမ်းဗတာ အတွေးတို့ကို ဗိုလ်ချုပ်ကြေးရုပ် သိမြင်ပြီး ဆုံးမလမ်းညွှန် စကား မြွက်ကြားရန် နိမိတ်ပြခြင်း ပင်လော။

ထို့သို့ မဟုတ်ပါ။ လုံမငယ်တစ်ဦးက ဦးကြပ်ခိုးအား ညာလက်ကိုဆန့်တန်းပြီး လက်လှမ်းပြလိုက်ခြင်းသာ ဖြစ်သည်။

အစ်ကိုကြီးဟု အခေါ်ခံလိုက်ရခြင်းကြောင့် မောင်ကြပ်ခိုး အတော်ပင် နှစ်ထောင်းအားရ ဖြစ်မိသည်။ ကိုယ့်ကိုယ်ကိုယ်လည်း အတော်ပင် နုပျိုသွားသည်ဟု အထင်ရောက်မိသည်။ သို့သော် နားသယ်စမှ ဆံစတို့ ဖြူလျော်စပြုပြီကို သတိရမိသော် မောင်ကြပ်ခိုး၏ ပီတိသည် ပီတိမုန့်ကြွပ်လောက်မျှပင် ကြာကြာ အထားမခံတော့ချေ။ ထို့နောက် အဘယ်အကြောင်းကြောင့် အကြင်လုံမသည် ငါ့အား လက်ပြ နှုတ်ဆက်ရသနည်းဟု စောကြောမိ၏။ ဆင်ခြင်သော်လည်း အကြောင်း တစ်စက်မျှ မထင်ချေ။ ထို့ကြောင့် ဟဲ့ ငါ့တူမကြီး ဘာကိစ္စ ရှိလို့တုန်း ကွဲ့ ဟု စူးစမ်းရ၏။

ထိုသို့ မောင်ကြပ်ခိုးဆိုသော် ထိုလုံမပျိုက ဟင်း ဟင်း ဦးကလည်း ဟု ညှင်းညှင်းသာသာ ရယ်လေ၏။ တဒင်္ဂအတွင်းမှာပင် မောင်ကြပ်ခိုးသည် အစ်ကိုကြီးအဖြစ်မှ ဦးအဖြစ်သို့ ပြောင်းလဲသွားရရှာလေသတည်း။ ထိုသူငယ်မကလေး၏ ရယ်သံ လွင်လွင်သည် ဆည်းလည်းခတ်သံနှင့် တူ၏။ တောင်ကျစမ်းရေ စီးဆင်းသံ နှင့်လည်း တူ၏။ ညောင်ဗုဒ္ဓေရွက်အိုတို့ကို လေပြင်း တိုးခတ်သံနှင့်လည်း တူ၏။ အတော် ထူးသော ရယ်သံ ဖြစ်၏။ သို့သော် အကြင်သူငယ်မ၏ ရယ်သံသည် မောင်ကြပ်ခိုးကို ချောက်ချားလိုက်လေ သတည်း။

မောင်ကြပ်ခိုး မခေပါ။ အရိပ်ပြလျှင် အကောင်မြင်ပါသည်။ စပ်စုလိုသောစိတ်ကြောင့် ဘယ်လိုမျိုး ဖြစ်ရတာလဲ ငါ့တူမကြီးရဲ့ ဟု မြန်မာဘာသာဖြင့် ဆိုလျှင် ထိုသူငယ်မကလေးကလည်း မောင်ကြပ်ခိုး ဘာကို ဆိုလိုသည်ကို အတပ်သိပါသည်။ အဆင်မှ မပြေတာကို ဟုသာ တုံ့ပြန်၏။ ထိုသူငယ်မကလေး၏ စကားသံသည် မှိုင်းညို့အုံ့ဆိုင်းနေလေ၏။ မိုးတွင်းကာလ တိမ်မည်းညို့တို့ အုံ့ဆိုင်း နေသောကြောင့်လည်း ဖြစ်တန်ရာ၏။

အကြောင်းကိုသိလတ်ပြီးသော် အို ဂေါ့ဒအရှင် ဟု မယောင်စဖူး ယောင်ယမ်းမိ၏။ သို့သော် လောကနီတိကို လေ့လာဖူးသူ ဗရမ်းဗတာဆြာကြီးပီပီ အို မိုးနတ်သား ကုန်းကြည်းအရပ်တို့၌ ရွာလေကုန်၊ ပင်လယ်သည်ကား ရေဖြင့် ပြည့်၏ ဟု ကယောင်ချောက်ချား ဆိုမိသည်။ အကြင် သဘောတို့သည် လောကတွင် မရှိကုန် ဟူသည့် အဆုံးသတ် နီတိစကားကိုလည်း ဆင်ခြင်မိသည်။ သို့ပါသော်လည်း အထူးထူးသော လူမှုအဖွဲ့အစည်းများ၊ အမျိုးသမီးစောင့်ရှောက်ရေး အသင်းအပင်းများ၊ အမျိုးသမီး အခွင့်အရေး ရရှိရေး ဆောင်ရွက်သူ ဂျန်ဒါကိုကိုကြီး ဂျန်ဒါမမကြီးတို့ (ဂျမဒါကိုကိုကြီးနှင့် မမှားစေလို) ခြေချင်းလိမ်နေသည့် နေရာမျိုး၌ပင်လျှင် ကမ္ဘာကြီးကို ပုခက်လွှဲခွင့်မရသော လုံမတို့ မည်မျှ ရှိအံ့နည်းဟု တွေးမိသည်။

ကဗျာဆရာမိုးဃ်ဇော်၏ မိုးတိတ်တေးကဗျာမှ ……


ကမ္ဘာကြီးဟာ
အနိဌာရုံချည်းပဲ မဟုတ်ဘူး
လတ်ဆတ်တဲ့ သစ်သီးဝလံတွေနဲ့
ပျော်စရာသီချင်းတွေလည်း ရှိတယ်ကွယ်
အဲဒီအခါကျ
မင်းဟာ သားကောင်းမိခင်လည်း ဖြစ်ခွင့်ရှိ
အိပ်မက်ကို ပုခက်လွှဲရင်း
လောကကို နို့ချိုတိုက်ကျွေးခွင့်လည်းရှိ
အစစ်အမှန် သာယာ ပျော်ရွှင်ချမ်းမြေ့ခွင့်လည်းရှိ
အခွင့်အရေးမှန်သမျှ အကုန်ရှိပေရဲ့။


ဟူသော ကဗျာစာသားအချို့ကိုလည်း ရေရွတ်မိပြန်သည်။

ထို့နောက် မောင်ကြပ်ခိုးသည် ဗိုလ်ချုပ်ကြေးရုပ်အား ယောင်ရမ်းပြီး မော့ကြည့်မိသည်။ ဗိုလ်ချုပ်၏ ပြုံးမယောင်နှုတ်ခမ်းသည် မဲ့၍လာသည်ဟု မောင်ကြပ်ခိုး ထင်သည်။ မောင်ကြပ်ခိုးနှင့် သူငယ်မ ကလေးတို့ အင်တာဗျူးလုပ်သံကို ဗိုလ်ချုပ်ကြားပြီး ကြေးရုပ်တု နှလုံးသားပင်လျှင် ကွဲအက်သွားဟန် တူသည်။ ဗိုလ်ချုပ် စိတ်မချမ်းမမြေ့ ဖြစ်ရသည်ကို မောင်ကြပ်ခိုး မမြင်လိုပါ။ ထို့ကြောင့် ဗိုလ်ချုပ် ကြေးရုပ် အနီးမှ ၀ရုန်းသုန်းကားထပြီးလျှင် အိမ်သို့ သုတ်ခြေတင်ရလေသတည်း။

ဗိုလ်ချုပ်၏ နှုတ်ခမ်း မမဲ့စေ ခလို။ သူငယ်မကလေး၏ လက်အစုံတို့ ကမ္ဘာကြီးအား ပုခက်လွှဲခွင့်လည်း ရပါစေသောဝ်။


မောင်ကြပ်ခိုး

ကောင်းကင် နိုင်ငံပြုအနုပညာမဂ္ဂဇင်းမှာ တင်ပြီးသား ဖြစ်ပြီး စာရေးသူမောင်ကြပ်ခိုးထံမှ သဘောတူညီချက် ရယူ ထားသည်။

4 comments:

Ko Paw said...

အရေးအသားရော... အတွေးအခေါ်ရော....အကြောင်းအရာကိုပါ နှစ်သက်ပါကြောင်း။

မြစ်ကျိုးအင်း said...

ဗိုလ်ချုပ်ကြေးရုပ်ထု နှလုံးသား ကွဲအက်သွားဟန် တူတယ်တဲ့လား..။ တကယ်ကို ဖြစ်နိင်ပါတယ်ဗျာ။

မြတ်နိုး said...

ကောင်းလိုက်တာ ဆြာရမ်းရေ...

ဟိန်းတင့်ဇော် said...

ကျွန်တော်လဲ ကြိုက်သွားပါ၏ ကိုရမ်းရေ...........