Wednesday, November 3, 2010

ခင်ဗျားရော ဘယ်လိုလဲ ???

အဲဒီနေ့ကျရင် အင်္ဂါဂြိုဟ်နဲ့ စနေဂြိုဟ်တွေက အသွားနှုန်းတွေ မြန်နေမယ်။ ကြာသပတေးနဲ့ သောကြာဂြိုဟ်တွေက နောက်ပြန် သွားနေမယ်။

တန်ဆောင်မုန်းလဆိုတာ ... စာပေကျမ်းဂန်တွေအရ ပြောကြမယ်ဆိုရင် ဗိဿနိုးနတ်မင်းကြီး အိပ်ရာက နိုးလာတဲ့ လ၊ နက္ခတ်တာရာတွေ စုံညီတဲ့လ၊ မီးနက္ခတ်ကို ပူဇော်တဲ့လ၊ ဆေးပေါင်းခတဲ့လ ..လို့ အမှတ် သညာ ထားခဲ့ကြတယ်။ အခုတော့ တန်ဆောင်မုန်းလဟာ စိန်ခေါ်သံတွေ၊ လက်ခမောင်း ခတ်သံတွေ ပြည့်လျှံနေမယ့်လ၊ ကိုယ့်ကံကြမ္မာကို ကိုယ်တိုင် ကြွေအန်ပစ်ရမယ့်လ ဖြစ်တယ်။ ဘာပဲဖြစ်ဖြစ် အဲဒီနေ့ကျရင်...

အဲဒီနေ့မှာ ကျွန်တော် ကဗျာတစ်ပုဒ်ကို ရွတ်ဆိုမိလိမ့်မယ်။ သားတွေအတွက် အမေ ပြန်ဆို ရေးသားခဲ့တဲ့ ကဗျာပေါ့။ အဲဒီကဗျာမှာ ကျောက်စာတိုင်တွေကို မြင်ရတယ်။ ကျောက်ထွင်းအက္ခရာတွေကို မြင်ရတယ်။ ကျောက်ဆောင် ကျောက်သား တွေကို မြင်ရတယ်။ ကျွန်တော်တို့ကို အမေ့ကဗျာက အဲဒီလို ကြံ့ကြံ့ခိုင်မာစေခဲ့ပါတယ်။

အပြောင်းအလဲတိုင်းကို ကြိုဆိုမလား၊ အဖြစ်အပျက်တိုင်းကို လက်ခံမလား။ ဟင့်အင်း ..လို့ ကျွန်တော် ပြန်ငြင်းတဲ့အခါ ဦးနှောက်သမား သူငယ်ချင်းက ခေါင်းတခါခါ လည်တခါခါနဲ့ နောက်ပြန်လှည့်သွားတယ်။ ကျွန်တော်ကလည်း အေးတိအေးစက်ပါပဲ။ ခံစားချက်နဲ့ ဦးနှောက်.. ဘယ်သူ့ကို ဒူးထောက်ရမလဲ မေးလာရင် ပြောလိုက်ချင်ပါတယ်။

ဒဏ်ရာဆိုတာ သွေးတိတ်ရုံနဲ့ ပျောက်သွားတာ မဟုတ်ဘူးလို့..။

အကယ်၍
မင်းရဲ့ အမှန်စကားတွေကို
လူလိမ် လူညစ်တွေက
လှည့်စား ပြောင်းလဲပြီး
မုသားအဖြစ် ထောင်ချောက်ဆင် ညစ်တဲ့အခါ
မင်းဟာ
တည်ငြိမ်စွာနဲ..နာကြားနိုင်မယ်ဆိုရင်....

ဒါမှမဟုတ်
မင်းဘ၀ တခုလုံးပေးပြီး
အရိပ်တကြည့်ကြည့် ဖြည့်ဆည်းခဲ့ရတဲ့
အရာရာကို
ဖျက်ဆီးခံလိုက်ရပြီးတဲ့ နောက်မှာ
အင်မတန်မှ သေးငယ်တဲ့ တန်ဆာပလာ
အရာရာနဲ့
ပြန်လည် တည်ဆောက်နိုင်မယ်ဆိုရင်....

အဲဒီလိုပဲ
မင်းမှာ စိတ်အင်အားက လွဲလို့
ဘာဆိုဘာမှ မရှိတော့တဲ့အခါ
အဲဒီ စိတ်ဓာတ်အင်အားကို
ခိုင်မာစွာနဲ့ပဲ ဆက်လက်
ဆုပ်ကိုင်ထားနိုင်မယ်ဆိုရင်...

ဆိုရင်..ဆိုရင်.. ဆိုရင်...

အဲဒီနေ့ကျရင် အင်္ဂါဂြိုဟ်နဲ့ စနေဂြိုဟ်တွေက အသွားနှုန်းတွေ မြန်နေမယ်။ ကြာသပတေးနဲ့ သောကြာဂြိုဟ်တွေက နောက်ပြန် သွားနေမယ်။ ဘယ်ဂြိုဟ်တွေ ဘယ်လို စီးနင်းလို့ ဘယ်နက္ခတ်တွေ ဘယ်အရပ်မှာ ထွန်းပနေမလဲ။ ကျွန်တော်တို့ အနာဂတ်ကရော ဘယ်လိုဘယ်ပုံတွေ ဖြစ်လာမလဲ။ သေချာတာက အဲဒီနေ့မှာ လောကပါလတရားဟာ သစ္စာရှိရှိ မျက်နှာလွှဲ ထားပါလိမ့်မယ်...။ အမြဲတမ်း အောက်ငုံ့ နေရတဲ့ မျက်နှာတွေက မြေကြီးနဲ့ ထိမတတ် ဖြစ်သွားပါလိမ့်မယ်။ ခေါင်းမော့ ရင်ကော့ထား သူတွေအဖို့ အချိုပေါ် သကာလောင်းပါလိမ့်မယ်။ ... သေချာပါတယ်။ ကျွန်တော်တို့ကလည်း အမေ့သားတွေ ပီသစွာနဲ့ အမှားကို အမှားပါလို့ ကြက်ခြေခတ်ရပါလိမ့်မယ်။

3 comments:

ဟိန်းတင့်ဇော် said...

ကောင်းလိုက်တဲ့ပို့လေးပါ။ ကိုရမ်းဂန်းရေး ကြိုက်တယ်ဗျာ။ ခံစားချက်နဲ့ တစ်ထပ်တဲပဲ။

မြစ်ကျိုးအင်း said...

တစ်သဘောထဲပါပဲဗျာ...။
ညီတူနေတဲ့ စိတ်တွေကို အတင်းခေါင်းငုံ့ခိုင်းလို့ မရနိင်ပါဘူး။

eveningstar said...

ဆ၇ာ၇မ်းပြောတာကို လက်ခံပါတယ်ဗျာ။ ဒီေ၇ွးကောက်ပွဲဟာ သတင်းသမားနဲ့ နိုင်ငံေ၇းသမားတွေ၇ဲ့ ပြိုင်ပွဲလည်း ဖြစ်ခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ အထင်က၇ နိုင်ငံေ၇းသမားအများစုက ကန့်ကွက်ခဲ့ပြီး သတင်းသမား အများစု ဆ၇ာမောင်စူးစမ်း နဲ့ ကျော်ဝင်း အပါအဝင် eleven, the voice snapshot တို့က ထောက်ခံခဲ့ပါတယ်။ ဒီနေ၇ာမှာ ကျွန်တော့်အမြင်အ၇ သတင်းသမားတွေဟာ သူတို့၇ဲအကောင်းမြင်ဝါဒနဲ့ အချက်အလက် အိုင်ကျူပေါ်မှာ အခြေခံခဲ့ပြီး နိုင်ငံေ၇းသမားတွေကတော့ အတွေ့အကြုံပေါ်နဲ့ အီးကျူမှာ အခြေခံခဲ့ပါတယ်။ သတင်းသမားတွေက သူတို့ဖတ်၇ှူ့ထားခဲ့တဲ့ နိုင်ငံတကာစာအုပ်တွေနဲ့ အချက်အလက်တွေကို မြန်မာ့အခြေအနေနဲ့ ပေါင်းစပ်ဖို့ ကြိုးစားခဲ့ကြတာဖြစ်လို့ အစိုး၇၇ဲ့ ထောင်အသီးသီးမှာ အခြေအနေအမျိုးမျိုးနဲ့ နေထိုင်ခဲ့၇တဲ့ နိုင်ငံေ၇းသမားတွေကတော့ သူတို့၇ဲ့အတွေ့အကြုံပေါ်မှာပဲ အခြေခံခဲ့ကြတယ်လို့ ထင်ပါတယ်။ တကယ်တော့ အချက်အလက် မပြည့်စုံတဲ့အခါ ခံစားချက်ကို အဓိက ထားသင့်တယ် ထင်တာပဲဗျာ။