Friday, November 19, 2010

ဇာတာကိုက်မှ အလုပ်ခန့်သတဲ့

တနေ့က ဂျာနယ်တစ်စောင်မှာ သတင်းတစ်ပုဒ် တွေ့လိုက်တယ်။ အရင်ကလည်း ဒါမျိုး တခါတလေ တွေ့တတ်တယ်။ တခြားတော့ မဟုတ်ဘူး။

ဒီနှစ်ပိုင်းတွေမှာ လုပ်ငန်းရှင်တွေ၊ ကုမ္ပဏီပိုင်ရှင်တွေက အလုပ်ခေါ်တဲ့အခါ၊ အလုပ်ခန့်တဲ့အခါ ကိုယ့်ဇာတာနဲ့ ကိုက်ညီတဲ့၊ သင့်တော်တဲ့၊ ရေရှည်မှာ အကျိုးပြုမယ်လို့ ( ဗေဒင်ဆရာတွေက အကြံပေးလိုက်တဲ့ ) အလုပ်လျှောက်သူတွေကိုသာ ခန့်ထားတယ်ဆိုတဲ့ သတင်း ဖြစ်ပါတယ်။

ဒီသတင်းကြောင့် ကြောင်သူတော် လောဘအိုးကွဲ ဗေဒင်ဆရာတွေအဖို့ လက်ခမောင်းခတ်စရာ ဖြစ်သွား ပေမယ့် သိက္ခာ၊ သမာဓိ ရှိရှိ ရပ်တည်နေတဲ့ ဗေဒင်ပညာရှင်များ အဖို့ကတော့ အကြပ်ရိုက်စရာ ဖြစ်လာမှာပါပဲ။ ဟုတ်တယ်လေ။ ကိုယ်က ဒီဇာတာရှင်ဟာ ခင်ဗျားလုပ်ငန်းအတွက် သင့်တော်တယ်၊ ခင်ဗျား ဇာတာနဲ့ ကိုက်ညီပါတယ် လို့ ဟောလိုက်လို့ အလုပ်ရသွား သူဟာ အရည်အချင်းကလည်း ပြည့်ဝ၊ စိတ်ဓာတ်ကလည်း ကောင်းမွန်ရင် တော်ပါရဲ့၊

မကိုက်လို့ မခန့်နဲ့ အကျိုးမပြုဘူးလို့ ဟောပြောလိုက်တဲ့ လူငယ်လေးတစ်ယောက်ဟာ တော်လည်းတော်၊ စိတ်ထားလည်း မြင့်နေရင် ၊ ( ဇာတ်လမ်းတွေထဲကလို မိသားစုကို တစ်ဦးတည်း ဒိုင်ခံ ရှာဖွေထောက်ပံ့နေရသူ ဖြစ်နေရင်) မရှိရတဲ့အထဲ၊ ငပိကလည်း ပြဲဆိုသလို မြေနိမ့်ရာ လှံစိုက်သလို ဖြစ်သွားမှာပါ။ ဒါက ရန်းဂန်း အတွေးခေါင်တာပါလို့ ဆိုချင်လည်း မတတ်နိုင်ဘူး။ တွေးပေးရမှာပါပဲ။

ပြောင်းပြန်လှန်တွေးလိုက်ရင် စိတ်ဓာတ်ကလည်း အောက်တန်းကျ၊ ကလိန်ကကျစ်မှာလည်း ထိပ်တန်း၊ အရည်အချင်းကလည်း ရှိသယောင် ဟန်ပြထားတဲ့ ငနဲသားတစ်ကောင်ကို ဇာတာတည့်တယ်၊ ကိုက်ညီတယ်ဗျာလို့ ဟောလိုက်ရင် လုပ်ငန်းရှင်ခမျာမှာလည်း မြေပွေးကို ခါးပတ်လုပ်ထားသလို ဖြစ်သွားနိုင်ပါတယ်။

ကဲပါလေ.. ရန်းဂန်းကသာ အလုပ်မရှိ၊ ပုလင်းအမွှေးနူတ်သလို လိုက်တွေးပေးကြည့်နေတာပါ။ ဗေဒင်ဆရာဘက်ကလည်း ငွေဝင်လမ်းပေါက်တစ်ခု တိုး၊ လုပ်ငန်းရှင်ဘက်ကလည်း စိတ်အဆာပြေ ဖြစ်ဖြစ်၊ ယုံကြည်လို့ပဲ ဖြစ်ဖြစ် နှစ်ဖက်စလုံးကတော့ အိုကေနေကြမှာပါပဲ။

ကြားက အလုပ်လျှောက်သူတွေကတော့ ကိုယ့်အရည်အချင်းအပြင်၊ ကံစမ်းမဲ နှိုက်သလို ဗေဒင်ဆရာ နူတ်ဖျားက ပြွတ်ခနဲ ထွက်ကျလာမယ့် ဆုံးဖြတ်ချက်ကို ကြားနာတော်မူရဦးမယ့် ကိန်းပါပဲ။ ဗေဒင်ဆရာနဲ့ အစောတည်းက ပိုင်အောင် ပေါင်းထား နိုင်ခဲ့ရင်တော့ မဆိုးဘူးပေါ့လေ။ ဒီတော့ ကိုယ်လျှောက်မယ့် အလုပ်က ပိုင်ရှင်က ဘယ်ဆရာသမားကို လက်ကိုင်ထားသလဲ ဆိုတာကိုပါ စုံစမ်းထားကြပေတော့။ ပြီးတော့ ကိုယ့်ဖာသာ အလုပ်ရ၊ မရ တွက်ချက်ကြည့်နေ၊ ဗေဒင်သွားမေးနေမယ့်အစား အလုပ်ရှင်က ဘာရာသီဖွားလဲ ဘာနေ့သားလဲ ဘာညာတွေလဲ ဆိုတာကိုသာ လိုက်စုံစမ်းပေတော့ဗျို့။

စိတ်ပျက်စရာ ခေတ်ကြပ်ထဲမှာ ဗေဒင်ဆိုတာ ထွက်ပေါက်တစ်ခုလို ဖြစ်နေခဲ့တာ ကာလအတန် ကြာခဲ့ပါပြီလေ...။

2 comments:

မြစ်ကျိုးအင်း said...

နေရာတိုင်းမှာ အထာဆိုတာ ရှိတယ်လေ
ဒီလိုအထာမျိုး ပိုင်လို့ ယပ်ခတ်ပြီး ထောနေတဲ့ သူတွေ ခုခေတ်မှာ အများကြီးပဲ ကိုယ့်လူရ။

မြစ်ကျိုးအင်း said...

ဒီပို့စ်က ဖတ်ပြီးတာ ကြာပြီ
အဲဒီနေ့က ဝင်မန့်လို့ မရလို့ဗျ