Monday, November 29, 2010

သူတို့ပြောတဲ့ လုံးကြီးတင်များအကြောင်း

သူက ပထမဆုံး လုံးကြီးတင်ပေါ့။ သူ့နာမည်မှာ လုံးကြီးတင်နှစ်ခု ဆင့်နေသလို၊ အမည် တည်ဆောက်ပုံမှာလည်း မှားယွင်းတဲ့ အတွဲအစပ်တွေကို မြင်တွေ့ခဲ့ရပါတယ်။

အဆံမခတ်တဲ့ လုံးကြီးတင်သက်သက်ကို သယ်ပိုးထားသူ လူသုံးယောက်အကြောင်း


သူ့ရဲ့ အလယ်တန်းနဲ့ အထက်တန်းကျောင်းသူ ဘဝတစ်လျှောက်ဟာ မိခင်ဖြစ်သူရဲ့ ဈေးဆိုင်အလုပ်နဲ့ ဖခင်ဖြစ်သူရဲ့ ခိုင်းစေမှုအောက်မှာ ပြားပြားမှောက် ရှင်သန်ကြီးပြင်းခဲ့ရပါတယ်။ အရက်သမား ဖခင်ကြီး ဆုံးပါးသွားတော့လည်း ဝန်ပေါ့ မသွားဘဲ လူမမယ် အရွယ် မောင်လေးနှမလေးတွေကို ဈေးသည် အမေကြီးနဲ့အတူ စောင့်ရှောက်ရပြန်ပါတယ်။ ကျောင်းတက်ချိန် မီအောင် ဖုတ်ဖက်ခါ ပြေးလွှားလာရတဲ့ သူ့မျက်နှာမှာ ချွေးစလေးတွေ သီးနေပါတယ်။ ကြုံရာဟင်းကို ထမင်းဘူးထဲ ပစ်ထည့်လာရတဲ့ သူ့ခေါင်းပေါ်မှာ ဆံပင်တွေက မသေမသပ်နဲ့။

ဒီလိုနဲ့ ကျောင်းသူဘဝ ကုန်ဆုံးအပြီးမှာ ကံအကြောင်းသင့်တာနဲ့ ရန်ကုန်မြို့ကြီးဆီ သူ ခြေချမိတယ်။ အားကိုးမရှိတဲ့ သူ့ဘဝမှာ ကိုယ့်ခြေထောက်ပေါ် မားမားရပ်နိုင်ဖို့ ယောင်္ကျားတစ်ယောက်ထက် မကတဲ့ ရုန်းကန်ကြိုးပမ်းမှုတွေကို ရင်နဲ့ဆီးခံ ရင်ဆိုင်ခဲ့ရပါတယ်။ ကြိုးစားမှုနဲ့အတူ အသီးအပွင့်တွေ ဝေဆာလာတော့ တစ်ယောက်တည်း မစားသုံးနိုင်ဘဲ သူ့အောက်က မောင်နှမတွေအားလုံးကို ရင်အုပ်မကွာ ခေါ်ယူစောင့်ရှောက်ပြန်ပါတယ်။ အစ်မကြီးတော့ အမိအရာ.. ။ မိခင်က သက်ရှိထင်ရှား လုပ်နိုင်သမျှ အိမ်ဆိုင်ကလေးနဲ့ ရပ်တည်ကျားကန်ပေးနေပေမယ့် ခပ်ဆိုးဆိုး မောင်လေးတွေ၊ ခပ်ကဲကဲ ညီမလေးတွေအတွက် သူ့အလုပ်တွေကို ဆထက်ထမ်းပိုး ကြိုးစားနေရတုန်းပါပဲ။ သူက ပထမဆုံး လုံးကြီးတင်ပေါ့။ သူ့နာမည်မှာ လုံးကြီးတင်နှစ်ခု ဆင့်နေသလို၊ အမည် တည်ဆောက်ပုံမှာလည်း မှားယွင်းတဲ့ အတွဲအစပ်တွေကို မြင်တွေ့ခဲ့ရပါတယ်။

ဒုတိယ လုံးကြီးတင်ကတော့ အချစ်ဆုံးသူငယ်ချင်းတွေထဲက အခင်မင်ရဆုံးတစ်ယောက်ပါပဲ။ လူမှန်း သိတတ်စ အရွယ်မှာ ကျိုးပျက်သွားတဲ့ အိမ်ထောင်တစ်ခုကနေ သူ့ကို မွေးဖွားခဲ့တယ်လို့ အဘွား ဖြစ်သူက ပြောပါတယ်။ အဘိုးနဲ့အဘွား လက်ပေါ်မှာပဲ သူ့ငယ်ဘဝကို ဖြတ်သန်းကြီးပြင်း စေခဲ့ပါတယ်။ ဒီလိုနဲ့ လူပျိုပေါက် အထက်တန်းကျောင်းသား အရွယ်ကျမှ တခါက သူ့ကို စွန့်ခွာခဲ့တဲ့ အမေကို ပြန်တွေ့ရတယ်။ တက္ကသိုလ်ကျောင်းတက်တော့မှ  သူ့အဖေဆိုသူကို ပြန်မြင်ရတယ်။

မိဘနှစ်ပါး ပြန်ပေါင်းထုပ်ချိန်မှာ သူက အိမ်စီးပွားကို အဓိက တာဝန်ယူရသူ ဖြစ်လာတယ်။ သူ့ကြိုးစားမှု၊ သူ့ရိုးသားမှုက မိသားတစ်စုလုံးဘဝကို မြှင့်တင်ပေးနိုင်ခဲ့တယ်။ ဒါပေမဲ့ အောင်မြင်မှုတွေ လက်ဝယ် ပိုက်မိချိန်ကျမှ သူမျှော်လင့်ခဲ့တဲ့ မိစုံဖစုံ မိသားစုဘဝက အက်ကြောင်းတွေ ပြန်ထင်လာတယ်။ သူ့မှာ ညီမလေးရှိတယ်။ သူ့ကို မှီနေရတဲ့ အမေရှိတယ်။ သူ့အဖေ ကတော့ ပျော်ရာအရပ်မှာ မကောင်းမှု ဆိုတာတွေနဲ့ မွေ့လျော်လို့။ အဖေ့အတွက် စကားလုံးတွေ သူပြောမထွက် တော့ပေမဲ့ အမေ့အတွက် သူဆက်ပြီး ရှင်သန်ရဦးမယ်။ အားလုံးသော တာဝန်တွေ သူဆက်ယူရမယ်။ ဒါကိုက သူ့နာမည်မှာ ဖြစ်တည်လာတဲ့ လုံးကြီးတင်တွေပဲ မဟုတ်ပါလား...။

တတိယ လုံးကြီးတင်ကလည်း တိုက်တိုက်ဆိုင်ဆိုင်ပါပဲ။ ကိုယ်ကျင့်တရား မခိုင်မာတဲ့ မိဘနှစ်ပါးက ပေါက်ဖွားလာတဲ့ သူ့ကံကြမ္မာကို ဘယ်လို နတ်ဆိုးတွေက တံဆိပ်နှိပ်ပေးလိုက်သလဲ မတွေးရဲအောင် ဖြစ်ခဲ့ရတယ်။ သူ့အမေက ရိုးအေးတဲ့ သူ့အဖေကွယ်ရာမှာ ကြုံရာလူနဲ့ ဖောက်ပြန်တယ်။ အေးသမျှ ရေခဲလို့ တင်စားရတဲ့ သူ့အဖေလည်း ကြာလာတဲ့အခါ ယစ်ထုပ်ကြီးတစ်ပိုင်းနဲ့ ထင်ရာစိုင်းလာတယ်။ ဒီတော့ ရလဒ်က ပျံသန်းရင် အတောင်စုတ်ပြတ်သွားတဲ့ ငှက်ငယ်လေးလို သူ့ဘဝကို သူကိုယ်တိုင် ရေစုန်မျှောပစ်လိုက်တယ်။ မိန်းခလေးတစ်ယောက်အနေနဲ့ သူဟာ စိတ်ကစားလွယ်၊ ထိခိုက်ခံစားလွယ်သူ မဟုတ်ပေမဲ့ အသိုင်းအဝိုင်းရဲ့ ထိုးနှက်ချက်တွေအရ သူဟာ သူ့အမေ ခြေရာနင်းမယ့် မိန်းမဆိုးလေး တစ်ယောက်လို ဖြစ်ခဲ့ပါတယ်။ ဒီလိုနဲ့ မိဖဆိုးမွေကို ခံယူလိုက်တဲ့ သူကလည်း ....။

နာမက္ခရဆန်းပညာမှာ လုံးကြီးတင် သံယုဂ်ဟာ ဖိစီးနှိပ်စက်တဲ့ သဘောလို့ မှတ်သားဖူးပါတယ်။ အားနာလွယ်တာ၊ ထိရှကွဲကြေလွယ်တာလို့လည်း ယူဆကြပါတယ်။ တခါတလေ သူများအပေါ် အနိုင်ယူလိုတာတွေလည်း ရှိသလို အများတာဝန်ကို ခံယူရတဲ့အဖြစ်လည်း တွေ့ရှိရပါတယ်။ ဒီ လုံးကြီးတင်ကြောင့်ပဲ အထက်ပါ လူသားသုံးဦးက ဒီလိုတွေ ဖြစ်ရတယ်လို့ မဆိုပါ။ အကြောင်းကြောင့် အကျိုးတွေ ဖြစ်ပေါ်ရာမှာ သူတို့အတွက် ဒီလုံးကြီးတင်လေးတွေက တနည်းတလမ်းအားဖြင့် ပါဝင် ပက်သက်နေကြတယ်ဆိုတာကို ညွှန်ပြချင်တာပါ။

ဒီထဲမှာ ဝဏ္ဍဆိုတဲ့ ( ဖြူသင့်တဲ့ သူက ဖြူ၊ မဲသင့်သူက မဲ) အသားရောင် မှန်ကန်သူက ခံစားရ သက်သာသွားပြီး ဝဏ္ဍနဲ့ ဌာန်တွေ မှားသူက ပိုအထိနာတာကိုပါ တွေ့ရှိရပါတယ်။ တိုင်စဉ် ဇောက်ထိုးဖြစ်အောင် မှားယွင်းသူတွေကတော့ နာလန်မထူနိုင်အောင် ဖြစ်နေကြ တုန်းပါပဲ။ မြန်မာတွေရဲ့ ရိုးရာဗေဒင် ဆန်းကျမ်းအတတ်ရဲ့ အခက်အလက်တစ်ခုကို လက်ညိုးထိုး ပြလိုက်ပါတယ်။ ဆရာလုပ် ဝေဖန်လိုသူများနဲ့ ကျမ်းကိုင်ပြီး လေကန်လိုသူများ ကြွခဲ့ကြပါ။ လက်တွေ့ဆန်တဲ့ စကားလုံးတွေနဲ့ ဆွေးနွေးကြတာပေါ့နော...။

3 comments:

မြစ်ကျိုးအင်း said...

သေသေချာချာရေးရင် ဇာတ်လမ်း ၃ ပုဒ်ပဲဗျ
ဒါနဲ့ နာမည်မှာ ဘယ်လို လုံးကြီးတင်မျိုးလဲ

mg said...

ဥပမာဗျာ.......ရီရီခင်၊ ခင်မောင်ဦး စသဖြင့် ပေါ့။

Numan said...

ဆရာ ရမ်းဂမ်း ပြောထားတာနဲ့- ကျမ်းကိုင်ပြီး၊ လေမကန်ရဲပါဘူးဗျာ။ ကျွန်တော် ကျောင်းနေဘက် မိန်းကလေး တစ်ဦးလဲ.. ဒီလိုပဲ ဆံခတ် မပါတဲ့ လုံးကြီးတင် နဲ့၊ သံယုဂ် ကို ၂-ခုဆင့် နာမည်ပါ။ အင်မတန် တော်တဲ့ အနေအထားကနေ- နောက်ဆုံးမှာ လူတွေနဲ. အဝေးဆုံးကို ရောက်သွားခဲ့ရပါတယ်။ ဗြုပ္ပါတ် နဲ. ၀ဏ္ဏတွေ၊ ဂရု၊ လဟု အနေအထားတွေဟာ အင်မတန် သတိထားစရာပါပဲ။
နျူမာန် (မိုးတား)