Sunday, December 5, 2010

ကျွန်တော်သိတဲ့ အာစရိ

ကျုံ့ထားတဲ့ မျက်မှောင်အောက်က စူးစူးလဲ့လဲ့ မျက်လုံးတွေက ကျွန်တော်တို့ သုံးယောက်ကို အကဲခတ်နေသလားပဲ။ ဆံပင် ဘုတ်သိုက်၊ နူတ်ခမ်းမွှေး တိုစစ၊ ကပိုကရို အကျီနဲ့ ပုဆိုးတိုတို ဝတ်ထားတဲ့ သူ့ကို ကျွန်တော်တို့ သုံးယောက်က ငေးစိုက်ကြည့် မိတယ်။ သူ့မှာ ပညာကလွဲရင် ဘာပကာသနမှ မရှိပါလားလို့။
တအောင့်ကြာတော့ မီးသေနေတဲ့ ဆေးပေါ့လိပ်ကို ပါးစောင်မှာခဲရင်း သူက မေးခွန်းထုတ်တယ်။

"မင်းတို့က ဘာသင်မှာလဲ၊ ဒီမှာ ငါက နက္ခတ်ဗေဒင် သင်တယ်၊ ငါ့မိန်းမက ဆန်းနဲ့ လက္ခဏာသင်တယ်၊ မင်းတို့ ကြိုက်တာ လေ့လာနိုင်တယ် အေး..နက္ခတ်ကတော့ တွက်ရချက်ရမယ်၊ ဟောကိန်းထုတ်ဖို့လည်း ခက်တယ်၊ ဆန်းတို့ မဟာဘုတ်တို့ ကတော့ နည်းနည်းတွက်ပြီး များများဟောနိုင်မယ်။ မင်းတို့ ကြိုက်တာ ရွေး"

သူ့စကား ဆုံးတာနဲ့ ကျွန်တော်တို့ သုံးယောက်ကလည်း တိုင်ပင်မထားပါဘဲ အသံထွက်လာတယ်။

"ဟို.. ကျွန်တော်တို့ ကေပီ သင်ချင်ပါတယ်။ ခရစ်ရှနားမူရတီးရဲ့ ကေပီနက္ခတ်စနစ်ပါ။ "

ဟုတ်ပါတယ်။ အဲဒီကာလတုန်းက ကေပီစနစ်ဟာ ဗေဒင်မဂ္ဂဇင်းတွေမှာ တခမ်းတနား၊ ဂရပ်တွေ၊ ဇယားတွေ၊ ဂြိုဟ်မြင်တွေနဲ့ မေးခွန်းတိုင်းကို ရက်လတိကျအောင် ဖြေကြားနိုင်ကြောင်း ဆောင်းပါးတွေနဲ့ လက်မထောင်နေတဲ့ အချိန်ပါ။ ဒါကြောင့်မို့ ကျွန်တော်တို့ကလည်း ကေပီမှ ကေပီ တပီတည်း ပီခဲ့တာပါ။

ကျွန်တော်တို့ဆီက ကေပီသံတွေ ကြားလိုက်ရတော့ သူ့နူတ်ခမ်းက မဲ့သွားပါတယ်။ ပြီးတော့ ခပ်ဟဟလေး ရယ်ပါတယ်။

"ဒီမယ်.ဟကောင်တွေ .. ကေပီကို တခါတည်း လှမ်းမတက်နဲ့ဦး။ တြိစက္ကကို အရင် လေ့လာပါဦးကွ။ မင်းတို့ကလည်း စတည်းက ယဉ်သကို ဆိုသလို တခါတည်းကို ကေပီတော့တာကိုး။"

ကျွန်တော်တို့လည်း စတွေ့တာနဲ့ အဟောက်ခံလိုက်ရတော့ ထူပူသွားတယ် ဒါနဲ့ သူ့ကို စပ်ဖြီးဖြီး ရယ်ပြလိုက်မိတယ်။

"အဟီး.ဟုတ်ကဲ့ အဲဒါဆို အဲဒီ တြိစက္ကဆိုတာကြီးကို အရင် စသင်ပေးပါခင်ဗျာ "

"အေး မနက်ဖြန် မနက် ၁ဝ နာရီလောက် လာခဲ့။ ဗလာစာအုပ် တစ်ယောက် တစ်အုပ်စီ ယူလာကွာ။"

တကယ်တော့ သူဟာ ကျွန်တော်တို့ သင်ချင်တဲ့ ကေပီစနစ်ကိုသာ အရင် စသင်ပေးခဲ့ပါတယ်။ အဲဒီတုန်းက ကေပီဂြိုဟ်သွား ပြက္ခဒိန်၊ ကောက်ကိန်းစာအုပ်လေးတွေနဲ့ ကျွန်တော်တို့ ဗလာစာအုပ် တွေလည်း ဇာတာခွင်တွေ ပေပွရှုပ်ခတ် နေခဲ့တယ်။ မှားလို့ အစက ပြန်တွက်လိုက်၊ တွက်တာ နှေးနေလို့ နောက်ကနေ သူက အော်ငေါက်လိုက်နဲ့ နေသားတကျ ဖြတ်သန်းခဲ့ကြပါတယ်။

ဒီလိုနဲ့ ကျွန်တော်တို့အတွက် ခက်ခဲနက်နဲတဲ့ နက္ခတ်ဗေဒင်ပညာကို သူက အလွယ်တကူ မိတ်ဆက်ပေး ခဲ့ပါတယ်။ သူဟာ ပညာသင်ခ တစ်ပြားတစ်ချပ်မှ ကျွန်တော်တို့ဆီက မတောင်းဘဲ စေတနာအပြည့်နဲ့ သင်ပြပေးခဲ့တာပါ။ သူ့မှာ ရှိတဲ့ ရှားပါးကျမ်းတွေ၊ ကိုယ်ပိုင် မှတ်စုတွေ၊ သူ့ရဲ့ တွေ့ရှိချက်အသစ်တွေ၊ လက်တွေ့ သုတေသနတွေကိုလည်း မချွင်းမချန် သင်ပြပေးခဲ့ပါတယ်။ သူ့ဆီ ပုံမှန်မလာဘဲ သင်တန်းရက် ပျက်နေရင်လည်း ဂရုဏာဒေါသောနဲ့ ဆဲဆိုတတ်ပါတယ်။

"ချီးမှပဲ .. မင်းတို့တွေက ကေပီနဲ့ကို မတန်ဘူး။ လက်ဆန်းသမားတွေပဲ လုပ်ရမှာ။ တွက်တာကလည်း နှေးကွေး၊ ဆက်စပ် စဉ်းစားပုံကလည်း ချာတူးလန်၊ ငါ့မိန်းမဆီက ဆန်းကျမ်းနဲ့ လက္ခဏာပဲ သွားသင် ပါတော့ကွာ" လို့ သူက စိတ်ပျက်လက်ပျက် ရေရွတ်နေတတ်ပါတယ်။

"ဆန်းသမားတွေက လူယုတ်မာတွေကွ၊ ဘာဖြစ်လဲ .. ကိုယ့်ဖာသာ ဗေဒင်ဟောတာများ၊ ဟိုနားမဟောနဲ့ ဒီနားမဟောနဲ့..အမျိုးမျိုး ကန့်ထားတယ်။ မှတ်ထားကွ။ အိမ်သာတက်နေရင်း ဟောလို့ မှန်လည်း ဒါ ဗေဒင်ပဲ။" အဲလို ခပ်ကြမ်းကြမ်းနဲ့ လက်ဆန်းဗေဒင်တွေကို နှာခေါင်းရှုံ့တတ်ပေမယ့် ဒီပညာတွေကို တတ်ထားသင့်တယ် လို့တော့ ကျွန်တော်တို့ကို မှာကြားခဲ့ပါတယ်။

နူတ်ကြမ်း အာကြမ်း အဆဲကြမ်းပြီး ဘယ်တော့မှ တပည့်တွေကို အားမရခဲ့တဲ့ သူဟာ လွန်ခဲ့တဲ့ ကိုးနှစ်ကျော်လောက်က ဟောဒီလောကကြီးကို စွန့်ခွာသွားခဲ့ပါပြီ။ သူ မရှိတော့ပေမယ့် သူပေးအပ်ခဲ့တဲ့ ဗေဒင်ကျမ်းတွေ၊ မှတ်စုမှတ်ရာတွေမှာ သူ့လက်ရာမွန်တွေ၊ တွေ့ရှိချက်တွေ၊ မင်နီမင်ပြာတွေ ခုထိ အသက်ဝင်နေတုန်းပါပဲ။

"ဟေ့ကောင်တွေ မှတ်ထားကွ.. ငါ အသက်ဘယ်လောက် ရှည်မယ်တော့ မသိဘူး။ ဒါပေမဲ့ ငါသေရင်တော့ ကိုယ့်အိမ်မှာ မသေဘဲ သူများဆီမှာ သွားသေမယ်ကွ"

တခုသော မိုးရာသီ နေ့စွဲတစ်ခုမှာ သူဟာ သည်းသည်းမဲမဲ ရွာနေတဲ့ မိုးရေတွေထဲမှာ အဝတ်တွေလျှော်၊ ရေအကြာကြီး ချိုး၊ ထမင်းစားပြီး နေ့ခင်းနေ့လယ်တိုင်း သူသွားအိပ်နေကျ အိမ်နီးနားက သူငယ်ချင်း အိမ်မှာ  တရေးတမော သွားအိပ်ပါတယ်။ အဲဒီ အိပ်စက်ခြင်းဟာ သူ့အတွက် နောက်ဆုံး ဖြစ်ခဲ့မယ်ဆိုရင် မိုးအေးထဲ သူရေချိုးတာကို မြင်နေတဲ့ ကျွန်တော် တားမိမှာ အမှန်ပါပဲ။ ခုတော့..

အတွေ့အကြုံကို ဝယ်လို့ မရနိုင်လို့ သူပိုင် ဗေဒင်ကျမ်းတွေမှာ ရေးခြစ်ထားလေ့ ရှိတဲ့ သူဟာ စိုးမိုးဂြိုဟ်နဲ့ ဘုတ္တိနက္ခတ်ကို အထူးနှစ်သက်သူ ဖြစ်ပါတယ်။ နေ့စဉ် နက္ခတ်အစီးအနင်းတွေ၊ စန်းဖြတ်သန်း သွားလာပုံတွေကို အမြဲဂရုထား မှတ်သားလေ့ ရှိပါတယ်။ မိန်းမဖြစ်သူနဲ့ စကားများ ရန်ဖြစ်ခဲ့ရင်တောင် ဘာ့ကြောင့် ဖြစ်တယ်ဆိုတာကို ချက်ချင်း ဇာတာ ပြေးကြည့် တတ်သူပါ။

"မနေ့က ငါ့မိန်းမ ဟိုဘက်ကမ်းမှာ အကြွေးသွားတောင်းတယ်။ ဒီမယ်..သူပြန်လာမယ့် အချိန်ကို စိုးမိုးဂြိုဟ် စနစ်နဲ့ တွက်ထားတယ်။ ဟုတ်မဟုတ် စောင့်ကြည့်ကွာ"

သိပ်မကွာပါဘူး။ မိနစ်စွန်းပါးပါးလေးသာ ကွာဟပြီး သူကြိုပြောထားတဲ့ အချိန်အတိုင်း သူ့မိန်းမ ပြန်ရောက်လာပါတယ်။ အဲဒီက စပြီး စိုးမိုးဂြိုဟ်နှင့် ဘုတ္တိနက္ခတ်သည် အဓိကသော့ချက် ဖြစ်သည် ဆိုတဲ့ စာတန်းဟာ ကျွန်တော့် ခေါင်းထဲမှာ သံမှိုနှက်သလို စွဲသွားခဲ့ပါတယ်။

တနေ့တော့ ကေပီဇာတာတွေချည်း လှိမ့်တွက်နေတဲ့ ကျွန်တော့်ကို သူက ဆောင်းပါးတစ်ပုဒ် ပြပါတယ်။

"ဒါ ငါကိုယ်တိုင် ရေးထားတဲ့ ဆောင်းပါးကွ။ ဆရာဒဂုန်တို့ရဲ့ ဝေဒမဂ္ဂဇင်းဆီ ပို့မလို့။ ကေပီသမားတွေကို နာနာလေး အုပ်ထားတာ။ ဘယ့်နှယ်ကွာ။ ဘယ်တော့ ဘာဖြစ်မယ်ကို ကေပီနဲ့ချည်း တွက်လို့ ရမယ် အောင့်မေ့နေတယ်။ တြိစက္ကထဲက စက်တွေကို အသေးစိတ် ခွဲထုတ်ပြီး ကေပီလိုပဲ ဟောချက် ထုတ်ပြထားတယ် မင်းဂျီးဒေါ် ကေပီလောက်တော့ သနားတယ်ကွ.. ဖတ်ကြည့်"

သူ့စကားကြားတော့ တွက်လက်စ ကေပီဇာတာကို ကျွန်တော် ဖျက်ချလိုက်ပါတယ်။ ဟုတ်တယ်.. ကျွန်တော် တြိစက္က မလေ့လာဖြစ်တာ ကြာခဲ့ပေါ့။ ဘူးဆို ဖရုံမသီးတတ်တဲ့ ကျွန်တော့်ခေါင်းကို မမာနိုင်ဘဲ ပျော့ကျလိုက်ရပါတယ်။

တခါကျတော့ သူက လဟီရီးကောက်ကိန်းနဲ့ ဇာတာတစ်စောင် ထုတ်ပြပါတယ်။ အဲဒီနေ့မှာ ထူးခြားတဲ့ နည်းစနစ် တမျိုးကို သူ စတင် မိတ်ဆက်သင်ပြပါတယ်။

"ဒီမယ် ကြည့် မင်းက ဗေဒင်ဆရာ ဖြစ်မယ့်ကောင်မို့ ဒါတွေပါ သိထားရမယ်။ ဒါကို အိုဒီစနစ်လို့ ခေါ်တယ်။ One Year, One Degree .. ဒီဂြိုဟ်ကို တစ်နှစ် တအံသာနှုန်းနဲ့ ရွှေ့တယ်၊ ဒီဘက်က ဘာဝသခင်နဲ့ မြင်တယ်၊ အဲဒီနှစ်မှာ ဒီဇာတာရှင် အိမ်ထောင်ကျတယ်၊ တခြားအမြင်တွေနဲ့လည်း ရွှေ့ပြီး ပေါင်းစပ်ရတယ်။"

သူသင်ပြတဲ့ ဒီနည်းစနစ်နဲ့ပဲ ဘယ်တုန်းက အိမ်ထောင်ကျခဲ့သလဲ ဆိုပြီး စိန်ခေါ် မေးခွန်းထုတ်လာတဲ့ သူ့မိတ်ဆွေ တစ်ဦးကို မင်္ဂလာဆောင်ခဲ့တဲ့ နေ့ဝန်းကျင်အထိ နောက်ပြန်ဆုတ်ပြီး တွက်ချက် ဟောပြနိုင် ခဲ့ပါတယ်။

နောက်တော့ ဝဿဖလ၊ အနောက်တိုင်း ဂြိုဟ်အမြင်ယှဉ်တွေအကြောင်း၊ နှစ်တိုးစနစ်အကြောင်း၊ ကာလကြီး ဇာတာကို ကောဇာနဲ့ အုပ်ဟောပုံအကြောင်း သူနဲ့ကျွန်တော် စကားတွေ အများကြီး ပြောဖြစ်တယ်။ ဒီလိုနေ့တွေဟာ သူ့ရဲ့ နောက်ဆုံး နေ့တွေ ဖြစ်လာမယ်ဆိုတာ သူကိုယ်တိုင်လည်း သတိထားမိဟန် မတူဘူး။ ကျွန်တော်ကလည်း လုံးဝ မသိခဲ့ဘူးပေါ့။ ထူးခြားတာကတော့ မိတ်ဆွေ ရောင်းရင်းတွေ၊ ဆွေမျိုးတွေ၊ ရန်ဖြစ်ထားသူတွေ အားလုံးကို တနေ့ပြီး တနေ့ သူလိုက်နှုတ်ဆက်နေတယ်။ တိုတိုပြတ်ပြတ် ရှင်းလင်းတဲ့ သူ့ဟောကိန်းတွေက အံ့မခန်း မှန်ကန်လာတယ်။

သိပ်မကြာခင် ပြင်ဆင်ထားတဲ့ သူ့အလောင်းဘေးမှာ သူ့ဇာတာကို ကျွန်တော်ကိုယ်တိုင် ပြန်သုံးသပ်နေမိတယ်။ သူကတော့ တမလွန်ကနေ ငါ့တပည့် မဆိုးဘူး ဆိုပြီး ပြုံးနေမလား၊ ဒါမှမဟုတ် ခုထိ သောက်သုံးကို မကျဘူးကွာ ဆိုပြီး ကျွန်တော့်ကို ဆဲဆိုနေဦးမလား၊ ကျွန်တော် မသိနိုင်ဘူး။ ကျွန်တော် သိတာက ကျွန်တော် ဆက်ကြိုးစားရမယ် ဆိုတာပါပဲ။ သူ့အကြောင်းတွေ ဒီဘလော့ဂ်မှာ တခါမှ မှတ်တမ်းလို မရေးခဲ့ဖူးဘူး။ ရေးမိရင် စိတ်မကောင်း ဖြစ်မိမှာစိုးပါတယ်။ သူဟာ ဘာက ရာသီ၊ ဘာက ဘာဝ၊ ဘာက နဝင်း၊ ဘယ်ကျမ်းက အစစ်၊ ဘယ်ကျမ်းက အာပလာ၊ ဘယ်လမ်းကို ဘယ်လို ရွေးချယ်၊ ဗေဒင်ဆရာလား၊ ပညာရှင်လား စတဲ့ မီးအိမ်တွေကို ထွန်းညှိ ပြခဲ့ပါတယ်။ ဆရာတပည့် သက်တမ်းက ဘာမှ မကြာလိုက်ပေမယ့် သူဟာ ဘယ်တော့မှ မမေ့အပ်တဲ့ ဆရာတစ်ဦး ဖြစ်ခဲ့ပါတယ်။ ကံ့ကူလက်လှည့် သင်ဆရာ ဖြစ်ခဲ့ပါတယ်။ဆရာ့အကြောင်းတွေ ခေါင်းထဲ ပြန်ပေါ်လာရင် တတ်နိုင်သမျှ မှတ်တမ်းတင် ရေးသားဖြစ်ပါဦးမယ်။

တခါက ဆရာ့ရဲ့ ဟောခန်းကြော်ငြာလေးကို မှတ်မိသရွေ့ ပြန်ရေးပြလိုက်ပါတယ်။

သင့်ဘဝကို ဂြိုဟ်၊ နက္ခတ်တို့က စိုးမိုးခြယ်လှယ်နေသည်

ဆရာရန်မျိုးသန့်
ကေပီ၊ ဟိန္ဒူ ၊ အနောက်တိုင်း
ဂြိုဟ်မြင်ဂြိုဟ်ယှဉ် နည်းစနစ်များဖြင့် ဟောကြားသည်

2 comments:

ကိုအောင်(ပျူနိုင်ငံ) said...

ဘ၀ရဲ့ အတွေ့အကြုံတွေပေါ့ ...

မြစ်ကျိုးအင်း said...

ပညာရှင်တွေ ပျောက်ကွယ်သွားတိုင်း
လူသားတွေအတွက် ဆုံးရှုံးပြီး ကျန်ခဲ့ရစမြဲပဲ။